~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၁၅ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလဆန်းပိုင်းတွင် ပြုလုပ် မည်ဖြစ်သည်။ ၅ လ ကျော်သာလိုတော့ သည့် ရွေးကောက်ပွဲအတွက် ပါတီကြီးများ အပြိုင်အဆိုင် ပြင်ဆင်နေကြသည်။
သမ္မတကြီး ဦးဆောင်သည့် အာဏာရပါတီကြီးမှ ၀န်ကြီးချုပ် တစ်ကြိုစာရင်းများက မကြာခဏ ထွက်ပေါ် လာသည်။
ရွေးကောက်ပွဲကာလ မတိုင်ခင် နိုင်ငံရေးကစားကွက် အခင်းအကျင်းများ အင်မတန် လှပနေသည်။
၁၉၉၀ အောင်ပွဲခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်ပင် ရာနှုန်းပြည့် အောင်ပွဲခံရန် ယုံကြည်စိတ် ချထားရသည့် အခြေအနေမဟုတ်။
လူအင်အား တောင့်တင်းသည့် ပါတီအိုကြီးတစ်ခု ဖြစ်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) သည်ပင် မဲဆန္ဒနယ်တိုင်း ၀င်ရောက် ယှဉ်ပြိုင်နိုင်သည့် အခြေအနေမရှိ ဖြစ်နေသည်။
ပြည်သူ့လွှတ်တော်မှ လွှတ်တော် ကိုယ်စားလှယ် ၃၃၀ ဦး (တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များမပါ)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ဦး (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမပါ) သည့် ကိုယ်စားလှယ် နေရာများအတွက် ရာနှုန်းပြည့် သိမ်းပိုက်နိုင်မည့် ပါတီမရှိသည့် အခြေအနေက အထင်းသား ပေါ်နေသည်။
ပြည်နယ်အလိုက် ယှဉ်ပြိုင်ကြမည့် တိုင်းရင်းသားပါတီများနှင့် တစ်နိုင်ငံလုံး ယှဉ်ပြိုင်မည့် ပါတီကြီးများ ကြားတွင် ဖျက်မြင်းအဖြစ် ၀င်ရောက်လာမည့် ပါတီများ ရှိနေသည်။
မည်မျှပင် ပါတီများသည်ဖြစ်စေ ပါတီများကို နှစ်မျိုးနှစ်စားသာ ခွဲခြားနိုင်သည်။ အတိုက်အခံပါတီနှင့် အစိုးရပါတီ (အစိုးရ လက်ဝေခံ၊ အစိုးရအာဘော်ပါတီ)များ ဖြစ်သည်။
မည်သူတွေက အစိုးရအာဘော်ကို ဆုပ်ကိုင်ထားသည်၊ အစိုးရလက်ဝေခံပါတီ ဖြစ်သည်ကိုတော့ ပြည်သူ ကသာ ဆုံးဖြတ် သွားပေလိမ့်မည်။
အာဏာရအစိုးရက အာဏာလက်ကိုင်ရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားမှုတွင် အစိုးရ အထောက်အပံ့ မကင်းသည့် လက်ဝေခံပါတီများ ဖွဲ့စည်းပြီး မဲများပျံ့နှံ့စေရန် (အတိုက်အခံ ပါတီများထံ ရောက်ရှိမည့် မဲအရေအတွက် လျော့နည်းစေရန်) ဆောင်ရွက်ချက်ကလည်း တစ်ခု အပါအ၀င်ဖြစ်သည်။
အခြေခံဥပဒေ ပြင်ဆင်ရေး အလုပ်မဖြစ်ချိန်တွင် ရွေးကောက်ပွဲဝင်ရေးလမ်းကိုရွေးပါက မဖြစ်မနေလုပ်ဆောင် ရမည့် လုပ်ဆောင်ချက်မှာ လွှတ်တော်တွင်း နေရာအားလုံးရယူနိုင်ရေးက အဓိကဖြစ်လာပေမည်။
သို့သော်လက်ရှိ အာဏာရပါတီ၏ ပြင်ဆင်မှုများအရ ယင်းသို့ဖြစ်လာရန် မလွယ်ကူပေ။
ယင်းသို့ အကျပ်အတည်း အခြေအနေတွင် ဒိုင်လူကြီးအဖွဲ့(ရွေးကောက်ပွဲကော်မရှင်)၏ ဆုံးဖြတ်ချက်များက ရွေးကောက်ပွဲ ရလဒ်များအပေါ် များစွာအကျိုးသက်ရောက်မှု ဖြစ်ပေါ်နိုင်ပေသည်။
အတိတ်နောက်ကြောင်းများကို ပြန်မကောက်ချင်သော်လည်း ပြန်ကောက်ရမည့် အခြေအနေတွင် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒိုင်လူကြီးကောင်း မရခဲ့သည်က အသေအချာဖြစ်သည်။
၂၀၁၅ တွင်ရော မသေချာသေးပါ။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီး ကိုယ်တိုင်က စစ်ဝတ်စုံတကားကားနှင့် အခြေအနေကား ဒိုင်လူကြီးကို အပြည့်အ၀ ယုံကြည် စိတ်ချပေးရန် ခက်ခဲလှသည့် အခြေအနေဖြစ်သည်။ မည်သည့် ရွေးကောက်ပွဲမျှ ၁၀၀ ရာခိုင်နှုန်း မဖြူစင်ခဲ့သည့် နိယာမများအရလည်းကောင်း၊ လူပုဂ္ဂိုလ်တို့၏ ခင်မင်ရင်းစွဲ၊ ပုဂ္ဂိုလ်စွဲ မကင်းတတ်သော နိယာမအရလည်းကောင်း လာမည့် ရွေးကောက်ပွဲသည်လည်း ၂၀၁၀ နမူနာအတိုင်းသာ လှမ်းလာဖွယ်ရှိသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အာဏာရှိသူတို့သည် အာဏာမရှိသူတို့ကို ကြောက်အောင် ခြောက်၍လည်း လှမ်းပါလိမ့်မည်။
စီးပွားရေးတောင့်တင်းသူတို့သည် မတောင့်တင်းသူများကို ရပိုင်ခွင့်များနှင့်လည်း မြှူပြီး၊ ကလူပြီးယူကြ ပါလိမ့်မည်။
လက်နက်ရှိသူတို့သည် လက်နက်မဲ့သူတို့အား ဖိအားပေးကာလည်း လိုသမျှကို ရယူကြပါလိမ့်မည်။
ဆန်းသစ်သော လိမ်နည်း၊ ညာနည်းများ၊ ရိုးရှင်းသော၊ လွယ်ကူသော လိမ်နည်း၊ ညာနည်းများ၊ နည်းလမ်း သစ်များ၊ နည်းလမ်းဟောင်းများ အားလုံးအသုံးပြုပြီး ပြည်သူလူထု၏ ရပိုင်ခွင့်တစ်ရပ်ကို လုယက်ကြ ပါလိမ့်မည်။
ထိုသို့သော အခြေအနေတွင် ဒိုင်လူကြီးများက မမြင်ချင်ယောင် ဆောင်လျှင် ဒိုင်လူကြီးများမြင်အောင် ပြသ ပေးရ မည်ဖြစ်သည်။
ဤတာဝန်ကို လွပ်လပ်သော ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့များ သက်သက်ဖြင့်လည်း မလုပ်နိုင်၊ အတိုက်အခံပါတီများ သက်သက်ဖြင့်လည်း မလုပ်နိုင်၊ ပြည်သူလူထု ကိုယ်တိုင်က ပါဝင်ရန်လိုသည်။
မိမိတို့၏ ရပိုင်ခွင့်များဖြစ်သည့် မဲပေးပိုင်ခွင့်၊ မိမိဆန္ဒနှင့် မိမိခေါင်းဆောင်ကို ရွေးကောက် တင်မြှောက်ပိုင်ခွင့် တို့ကို လုယက်ခံရသည်များအား ပြည်သူလူထုကိုယ်တိုင် ပါဝင် ကာကွယ်ရပေလိမ့်မည်။
ယင်းသို့ ကာကွယ်နိုင်ရန်မှာ ရွေးကောက်ပွဲ ဥပဒေများကို ပြည်သူလူထု နားလည် သဘောပေါက်နိုင်ရန် အရေးကြီးသည်။
အနိမ့်ဆုံး၊ အဖျင်းဆုံး မည်သူ့ကို တိုင်ကြားနိုင်သည်။ မည်သည့် အကြောင်းအရာကို တိုင်ကြားနိုင်သည်ကို သိရှိထားသင့်ပြီး သိရှိထားရန်လည်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့များ၊ အတိုက်အခံပါတီများ၊ နိုင်ငံရေး မကင်းသည့် လူမှုအဖွဲ့အစည်းများက ဦးတည်ချက် ထားသင့်ပြီ ဖြစ်သည်။
ရွေးကောက်ပွဲ ဥပဒေအခန်း ၁၄ တွင် ရွေးကောက်ပွဲ မတရားမဲ့ ပြုကျင့်မှုများ ပြဋ္ဌာန်းထားရာ ၄င်းတို့ကို ထင်ထင်ပေါ်ပေါ် မဟုတ်သည့်တိုင် နည်းမျိုးစုံဖြင့် အသုံးပြုလာနိုင်ဖွယ်ရှိသည်။
အောက်ပါတို့သည် တရားမဲ့ပြုကျင့်မှုများဖြစ်သည်-
(က) လွှတ်တော် ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ၊ ယင်းတို့ တစ်ဦးဦး၏ သဘောတူညီချက်ဖြင့် အခြားသူတစ်ဦးဦးက ဖြစ်စေ-
(၁) လာဘ်ပေး လာဘ်ယူမှု ပြုလုပ်ခြင်း၊
(၂) ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို အနှောင့်အယှက် ပြုလုပ်ခြင်း၊
(၃) သူတစ်ပါး အယောင်ဆောင်ခြင်း၊
(၄) မဟုတ်မမှန်ပြောဆို ကြေညာခြင်း၊
(၅) မဟုတ်မမှန် ၀န်ခံလက်မှတ်ရေးထိုးခြင်း။
(ခ) မဲဆန္ဒနယ်တစ်နယ်အတွင်း ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်း သို့မဟုတ် ရွေးကောက်ပွဲ များကို တစ်ချိန်တည်း ကျင်းပစဉ် တစ်နယ်ထက်ပိုသော မဲဆန္ဒနယ်များအတွက် ဆန္ဒမဲပေးခြင်းဖြင့် မိမိ လိုလားသော လွှတ်တော် ကိုယ်စားလှယ်လောင်းအား အကျိုးရှိစေခြင်း၊
(ဂ) လွှတ်တော် ကိုယ်စားလှယ်က သော်လည်းကောင်း၊ ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ကသော်လည်း ကောင်း ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့် စပ်လျဉ်း၍ သတ်မှတ်ချက်နှင့် မညီညွတ်သော အသုံးစရိတ်များ ကျခံသုံးစွဲခြင်း သို့မဟုတ် ယင်းသို့ ကျခံသုံးစွဲရန် သဘောတူညီခြင်း၊
(ဃ) ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ် ငွေစာရင်းများကို ရွေးကောက်ပွဲ ကိုယ်စားလှယ်က သတ်မှတ် ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်း၊
(င) လွှတ်တော် ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်၏ တိုက်တွန်းချက်ဖြင့် သော်လည်းကောင်း၊ သဘောတူညီချက်ဖြင့် သော်လည်းကောင်း-
(၁) လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ရန် သို့မဟုတ် မပါဝင်ဘဲနေရန် သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ရန် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ကျေးဇူးတုံ့ပြန်ချက်ဖြင့်ဖြစ်စေ တစ်ဦး တစ်ယောက်သောသူက လာဘ်လာဘ လက်ခံခြင်း သို့မဟုတ် လာဘ်လာဘ လက်ခံရန် သဘောတူခြင်း၊
(၂) ဆန္ဒမဲပေးရန် သို့မဟုတ် ဆန္ဒမဲမပေးဘဲနေရန် မဲဆန္ဒရှင်တစ်ဦးဦးကို သွေးဆောင်ရန်ဖြစ်စေ၊ သွေးဆောင် လိုသဖြင့် အားထုတ်ရန်ဖြစ်စေ တစ်ဦးတစ်ယောက်သောသူက မိမိအတွက် သို့မဟုတ် သူတစ်ပါးအတွက် လာဘ်လာဘ လက်ခံရန် သဘောတူခြင်း။
(စ) မမှန်မကန် ပြုလုပ်ထားသော ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ် ငွေစာရင်းကို တင်ပြခြင်း သို့မဟုတ် ထိုကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ် ငွေစာရင်းကို မှန်ကန်သည်ဟု ၀န်ခံခြင်း သို့မဟုတ် သတ်မှတ်ထား သည့်အတိုင်း တင်သွင်းရန် ပျက်ကွက်ခြင်း၊
(ဆ) လွှတ်တော် ကိုယ်စားလှယ်လောင်း မဟုတ်သော သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် မဟုတ်သော အခြားသူ တစ်ဦးဦးက ယင်းလွှတ်တော် ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရစေရန်ဖြစ်စေ၊ ရွေးကောက် တင်မြှောက်ခံရရေးအတွက် အားပေး လိုသောကြောင့်ဖြစ်စေ အစည်းအဝေး ကျင်းပ၍သော်လည်းကောင်း၊ စာရွက်စာတမ်းများ ဝေငှ၍သော် လည်းကောင်း၊ အခြားတစ်နည်းနည်းဖြင့် သော်လည်းကောင်း ငွေအကုန်အကျခံခြင်း သို့မဟုတ် ကုန်ကျရန် ခွင့်ပြုခြင်း၊
(ဇ) ပုံနှိပ်သူ၊ ထုတ်ဝေသူတို့၏ အမည်၊ နေရပ်မပါရှိသော ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ကြော်ငြာ၊ စာရွက် စာတမ်း၊ ပိုစတာ စသည်တို့ကို ဖြန့်ချိ ထုတ်ဝေခြင်းဖြင့် မိမိလိုလားသော လွှတ်တော် ကိုယ်စားလှယ် လောင်းအား အကျိုးရှိစေခြင်း၊
(ဈ) လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်၏ တိုက်တွန်း ချက်ဖြင့် သော်လည်းကောင်း၊ သဘောတူညီချက်ဖြင့် သော်လည်းကောင်း မဲဆန္ဒရှင်က ဆန္ဒမဲပေးချိန် တွင်မိမိ၏ ဆန္ဒမဲလက်မှတ်ကို မဲရုံမှ အခြားသို့ ယူဆောင်သွားခြင်း၊
(ည) လွှတ်တော် ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က ဖြစ်စေ၊ ယင်းတို့ တစ်ဦးဦး၏ သဘောတူညီချက်အရ အခြားသူတစ်ဦးကဖြစ်စေ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး ရွေးကောက်တင်မြှောက် ခံရရေးအတွက် အကူအညီကို ၀န်ထမ်းတစ်ဦးဦးထံမှ ရယူခြင်း၊ ရယူရန် အားပေး ကူညီခြင်း သို့မဟုတ် ရယူရန် အားထုတ်ခြင်း၊
(ဋ) လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက် တင်မြှောက်ခံရရေးအတွက် ဘာသာရေး အထိမ်းအမှတ်များကို ရွေးကောက်ပွဲတွင် အသုံးပြုခြင်း သို့မဟုတ် လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာ ဘာသာကို ဖြစ်စေ အကြောင်းပြု မဲပေးကြရန် သို့မဟုတ် မဲမပေးဘဲနေကြရန် အစီအစဉ်ပြုလျက် လှုံ့ဆော်ခြင်း၊
(ဌ) လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက် တင်မြှောက်ခံရရေးအတွက် ပါတီတစ်ခုခုကို ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ အကြမ်းဖက်ခြင်း၊ မမှန်မကန် စွပ်စွဲခြင်း၊ ရေးသားခြင်း၊ အများပြည်သူ ဆူပူမှုဖြစ်အောင် ဖန်တီးခြင်း။
ဆိုခဲ့ပါ အချက်များအားလုံး သို့မဟုတ် အချက်တစ်ချက်ချင်းစီကို ကျူးလွန်သည်များ ရှိလာနိုင်သည်မှာ အသေအချာ ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ ကာလကလည်း အတိအကျ ကျူးလွန်ခဲ့သည်။
ယခုအကြိမ်တွင် ထပ်မံပြုလုပ်ခွင့်ပေးပြီး မိမိတို့၏ ကိုယ်ပိုင်ရပိုင်ခွင့်များကို လုယက်ခံရမည်ကို အသာတကြည် ခွင့်မပြုသင့်တော့ပေ။
ပြည်သူလူထု အနေဖြင့် ကိုယ်တိုင် ကန့်ကွက်လွှာ တင်သွင်းပြီး ကိုယ်စားလှယ်လောင်း အဖြစ်မှ ရုပ်သိမ်းရန် လျှောက်ထားခြင်း မပြုလုပ်လိုလျှင်လည်း ပြုလုပ်နိုင်သည့် အဖွဲ့အစည်းများကို အသိပေး အကြောင်းကြား ခြင်းဖြင့် မိမိတို့၏ အခွင့်အရေးများ အာဏာ၊ ပါဝါ၊ လက်နက်တို့ဖြင့် လုယက်ခံရခြင်းမှ မဖြစ်ရအောင် ကာကွယ်ရမည် ဖြစ်သည်။
ကျော်ကျော်မင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment