Monday, May 18, 2015

ဥပဒေအရ အကာအကွယ်မဲ့နေသည့် အွန်လိုင်းပေါ်မှ သားကောင်များ

ရန်ကုန်၊ မေ ၁၂

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ တိုးတက်လာခြင်းနှင့်အတူ အွန်လိုင်း ဆက်သွယ်မှု ဆိုင်ရာ အသုံးပြုမှုများလည်း ပိုမိုတိုးတက် လာလျက်ရှိသည်။

မြန်မာနိုင်ငံတွင် လတ်တလော အနေအထားအရ ဆက်သွယ်ရေး လုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)၊ အော်ရီဒူးနှင့် တယ်လီနောတို့ဖြစ်ပြီး နောက်ထပ် ၀န်ဆောင်မှု ပေးရန်အတွက် ရတနာပုံ တယ်လီပို့မှာလည်း လုပ်ပိုင်ခွင့် ရထားပြီဖြစ်သည်။

ယခင်က ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းကို အစိုးရပိုင် MPT တစ်ခုတည်းကသာလျှင် ၀န်ဆောင်မှု ပေးခဲ့သည့်အတွက် ဖုန်းဆင်းကတ်များမှာ ကျပ်သိန်းဆယ်နှင့် ချီခဲ့သော်လည်း ယခုအခါ
ဝန်ဆောင်မှုကုမ္ပဏီ များလာသည်နှင့်အတူ ဖုန်းဆင်းကတ်များမှာလည်း တစ်ကတ်လျှင် ကျပ် ၁၅၀၀ သာ ရှိသည့်အတွက် မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံနှစ်ပုံခန့်မှာ မိုဘိုင်းဖုန်း သုံးစွဲနေကြပြီဖြစ်သည်။

ထို့နည်းတူ ဆက်သွယ်ရေး ၀န်ဆောင်မှုအပြင် အင်တာနက် ချိတ်ဆက်မှု အပိုင်းကိုလည်း ဖုန်းအော်ပရေတာ များက အသီးသီး ၀န်ဆောင်မှုပေး လျက်ရှိရာ မြန်မာပြည်သူအများစုမှာ အွန်လိုင်းယဉ်ကျေးမှုနှင့် ယခင်အချိန် များထက် ပိုမိုထိတွေ့ခွင့်ရခဲ့သည်။

မြန်မာနက်တီဇင်အများစု ပိုမိုထိတွေ့ခွင့်ရသည့် အွန်လိုင်းယဉ်ကျေးမှုတွင် လူမှုကွန်ရက်တစ်ခု ဖြစ်သည့် ဖေ့စ် ဘုတ်နှင့် အခမဲ့ ဖုန်းခေါ်ဆိုနိုင်သော ဗိုက်ဘာတို့မှာ အများဆုံးပင် ဖြစ်သည်။ တစ်မိနစ် ဖုန်းခေါ်ဆိုခ၊ မက်ဆေ့ခ်ျ စာတိုပို့ခထက် နည်းပါးသော အင်တာနက် ချိတ်ဆက် အသုံးပြုခ ငွေကြေးဖြင့် မိတ်ဆွေအချင်းချင်း မက်ဆော့တို ပို့နိုင်ခြင်း၊ ဗိုက်ဘာဖြင့် ဖုန်းခေါ်ဆိုခြင်းများက အွန်လိုင်းယဉ်ကျေးမှုကို ပိုမို အားကောင်းစေခဲ့ သည်။

ယင်းသို့ နည်းပညာ ဖွံ့ဖြိုးလာမှုနှင့်အတူ အလွဲသုံးမှုများကလည်း ကျွဲကူးရေပါ ဆိုသကဲ့သို့ပင် ပါလာခဲ့သည်။

နည်းပညာ ဖွံ့ဖြိုးမှုအား အလွဲအသုံးပြုမှုများဟု ဆိုရမည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ စော်ကားရေးသားမှုများ၊ ခြိမ်းခြောက်မှုများ၊ အလိုမတူဘဲ မိမိ၏ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင် တလွဲအသုံးချခြင်း၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ထိခိုက်စေသောစာသား၊ ဓာတ်ပုံများအား ပေးပို့ခြင်း၊ ဖြန့်ဖြူးခြင်း များမှာ ယနေ့မြန်မာနက်တီဇင် အများစု မြင်တွေ့၊ ကြားသိနေရသည့် ကိစ္စရပ်များပင် ဖြစ်သည်။

ယင်းကဲ့သို့သော အလွဲသုံးမှုများကို နိုင်ငံတကာတွင်မူ ဥပဒေဖြင့် ကန့်သတ်ထားပြီး အိမ်နီးချင်း နိုင်ငံတစ်ခု ဖြစ်သည့် အိန္ဒိယနိုင်ငံတွင်မူ လူတစ်ဦးက အခြားသူတစ်ဦးအား စိတ်အနှောင့်အယှက် ဖြစ်စေမည့် စာသား၊ ဓာတ်ပုံများ ပေးပို့လာပါက ထိခိုက်သူဘက်မှ သွားရောက် တိုင်တန်းလျှင် ကျူးလွန်သူအား အမေးအမြန်းမရှိ အာမခံမပေးဘဲ တစ်ရက်တာ ချုပ်နှောင်ထားပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက သက်ဆိုင်ရာ ဥပဒေများဖြင့် အရေးယူလေ့ရှိသည်။

မြန်မာနိုင်ငံတွင်မူ အွန်လိုင်းသုံးစွဲမှုနှင့် ပတ်သက်ပြီး တိကျသည့် ဥပဒေများ ပြဋ္ဌာန်းထားမှု မရှိခြင်းက ယင်းပြစ်မှုများ ကျူးလွန်ရန်အတွက် တွန်းအားပေးသကဲ့သို့ ဖြစ်နေပြီး ယင်းလုပ်ရပ်များမှာ လူ့အခွင့်အရေး ချိုးဖောက်မှုပင် ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက သုံးသပ်လျက်ရှိသည်။

““အဓိက ပြဿနာက ဆိုက်ဘာ Law မရှိတာပဲ။ နိုင်ငံတကာမှာ အခုလို ပြဿနာတွေ၊ ပြစ်မှုကျူးလွန် ခံရ တာတွေက ဒီနိုင်ငံထက်တောင် များသေးတယ်။ သူတို့မှာက ဆိုက်ဘာ Law နဲ့ ကာကွယ်ထားတာ။ ဒီလို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်တာ၊ ထိခိုက်စေတာက ကိုယ်ထိလက်ရောက်မှ မဟုတ်ဘူး။ အခုလို အင်တာနက်ကတစ်ဆင့် လက်ကိုင်ဖုန်းကတစ်ဆင့်၊ လူမှု စာမျက်နှာတွေကတစ်ဆင့် ထိခိုက်စေတယ်ဆိုရင် ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာပါ။ ဒါတွေတားဆီးဖို့ လိုအပ်ပါပြီ။ မြန်မာနိုင်ငံက လူ့အခွင့်အရေး အချိုးဖောက်မှုအများဆုံး ဖြစ်နေကျဆိုတာ ကာကွယ်တဲ့ ဥပဒေတွေ သတ်မှတ် ထားတာ အားနည်းလို့ပါ။ နိုင်ငံတကာမှာက ဒီလို ဖြစ်ရပ်မျိုးတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ ထိရောက်တဲ့ ဥပဒေတွေ ထားရှိထားပါတယ်””ဟု လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်လျက်ရှိသည့် Equality Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

ယခုကဲ့သို့ နည်းပညာ တိုးတက်မှုနှင့်အတူ ပါရှိလာသည့် အလွဲသုံးစားမှုများကြောင့် ထိခိုက်ရသူ အများစုမှာ အမျိုးသမီးငယ်များဖြစ်ပြီး ၎င်းတို့ လူမှုကွန်ရက်ပေါ်တွင် မိမိသူငယ်ချင်း မိတ်ဆွေများ သိရှိနိုင်ရန်အတွက် တင်ထားသော ဓာတ်ပုံများအား အခြားသူများက ရယူကာ လိင်နှင့်ပတ်သက်သည့် လူမှုကွန်ရက် စာမျက်နှာ Page များပေါ်တွင် ဖော်ပြခြင်း၊ ယင်းဓာတ်ပုံများအား ပြုပြင်ဖန်တီး ၍ ဖော်ပြခြင်း၊ ပြုလုပ်ခြင်းများ ခံကြရလျက် ရှိသည်။

ထို့ပြင် လူမှုကွန်ရက် ဖေ့စ်ဘုတ်နှင့် ဗိုက်ဘာတို့ကို အသုံးပြုပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် ရေးသား ပြော ဆိုခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ဆက်စပ်သည့် ဓာတ်ပုံများပေးပို့ခြင်း၊ အလိုမတူဘဲ ဖုန်းခေါ်ဆိုခြင်း ကဲ့သို့သော ပြုလုပ်မှုများလည်းရှိရာ ကျူးလွန်ခံရသူအများစုမှာ အမျိုးသမီးငယ်များပင် ဖြစ်သည်။

အချို့သော အမျိုးသမီးငယ်များမှာ အွန်လိုင်းပေါ်တွင် တင်မိသည့် ဓာတ်ပုံကြောင့် အရှက်တကွဲ အကျိုးနည်း ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံရမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

ယင်းကဲ့သို့ Online Facebook လူမှုစာမျက်နှာမှ တစ်ဆင့် ဓာတ်ပုံများကို ခိုးယူခံရကာ အမည်ဝှက် အကောင့် တစ်ခုဖြင့် တိုက်ခိုက်ခြင်း ခံရသော အမျိုးသမီးငယ်တစ်ဦးက ““ကျွန်မတို့ကို အခုလို တိုက်ခိုက် တာက တစ်လကျော်လောက်ရှိပြီ။ အဓိကက ကျွန်မတို့သူငယ်ချင်းတွေ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Save ပြီး အပေါ်မှာ ညစ်ညမ်းစာသားတွေရေးပြီး facebook ပေါ် တင်တာပေါ့။ အချင်းချင်းသိတဲ့ မိတ်ဆွေတွေကြားမှာ အကြောင်းသိတော့ ဘာမှ မဖြစ်ဘူး။ facebook ဆိုတာ ကိုယ်နဲ့အပြင်မှာ မသိတဲ့သူတွေ ပါတယ်လေ။ ဒါတွေ မြင်ရင် ကိုယ့်ကိုဒီလိုမျိုး မိန်းကလေးပါလားဆိုပြီး ထင်ကြတာပေါ့။ ဒါက ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ အသုံးပြု ကြတာ မှန်ပါတယ်။ ကိုယ့်အသုံးပြုမှုက တစ်ပါးသူကို ထိခိုက်အောင် လုပ်ဆောင်နေရင် ဒါမျိုးဆို ဥပဒေအရ အရေးယူဖို့ နိုင်ငံတော်က တိုက်ရိုက် ထင်ရှားတဲ့ပုဒ်မမျိုး ထားဖို့လိုတယ်။ ကျွန်မတင် မဟုတ်ဘူး၊ ကျွန်မ သူငယ်ချင်း မိန်းကလေးတွေ ပါပါတယ်။ မကျေနပ်ရင် တိုက်ရိုက် ပြောနိုင်တယ်။ ဒီလိုမျိုး မဟုတ်တဲ့ လုပ်ကြံ စာသား၊ လုပ်ကြံဓာတ်ပုံတွေက ကာယကံရှင် မိန်းကလေးကို ဂုဏ်သိက္ခာကျဆင်းအောင် တမင်ရည်ရွယ်တာပဲ။ ကျွန်မနဲ့ ခန္ဓာကိုယ်အနေအထား၊ အရပ်တူတဲ့ မိန်းကလေးရဲ့ ညစ်ညမ်းဗီဒီယိုဖိုင်ကို Screen Shot ရိုက်ပြီး ကျွန်မ ဗီဒီယိုပါဆိုပြီး တင်တယ်။ ဒါပေမဲ့ဖွင့်လို့မရဘူး။ Screen Shot ကြီးလေ။ အဲဒီမိန်းကလေးက ဘေးစောင်း ထိုင်နေတာ မျက်နှာလည်းမပါဘူး။ သိသိကြီးနဲ့ကို လုပ်ကြံပြီးတင်တာ။ ကျွန်မတို့ကခေတ် လူငယ်တွေ ဆိုပေမယ့် မြန်မာအမျိုးသမီးတွေပါ။ ဒီလိုမျိုးလုပ်ဆောင်သူတွေ ရှိနေသရွေ့တော့ လူမှုစာမျက်နှာတွေပေါ်မှာ တလွဲသုံးနေသရွေ့တော့ နိုင်ငံတကာကို ယှဉ်ပြိုင်နိုင်မယ့် နည်းပညာတွေ ဆုတ်ယုတ်နေမှာပါပဲ””ဟု အွန်လိုင်း လူမှုကွန်ရက်ပေါ်တွင် တိုက်ခိုက်ခံရမှု အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြသည်။

““အခုလိုဖြစ်ရပ်တွေ တော်တော်များများ ကြားနေရတယ်။ ဒါဟာ နည်းပညာ တိုးတက်လာမှုအပေါ် လူတစ်ဦးချင်းက သူတို့ရဲ့ လွတ်လပ်စွာ အသုံးပြုတတ်တာတွေကို ပုံစံအမျိုးမျိုး အသုံးချတယ်လို့ ဆိုရမယ်။ အဓိက အမျိုးသမီးတွေပေါ့။ ဘယ်လိုဖြစ်ဖြစ် ဘယ်လိုမျိုး အသုံးချသည်ဖြစ်စေ၊ အဲဒီလို ပြုလုပ်သူတွေကို တိုက်ရိုက်ဥပဒေရယ် မဟုတ်ဘူး၊ အခုပြဋ္ဌာန်းထားတဲ့ အမျိုးသမီးများကို ကာကွယ်ပေးတဲ့ ကာယိနြေ္ဒ ပျက်ပြားစေမှု ဥပဒေနဲ့ ဆက်သွယ်ရေး ဥပဒေတို့နဲ့ တရားစွဲနိုင်တယ်။ ဒါကို ပြည်သူ တော်တော်များများ နားမလည်ကြတာ”” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးကျော်ကဆိုသည်။

အမျိုးသမီးဘ၀ မြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူ ဒေါ်လဲ့ရည်မင်းက ““ကျွန်မတို့နိုင်ငံက အခုမှဥပဒေတွေ ပြင်ဆင် သတ်မှတ်တာတွေကို လုပ်နေကြတဲ့အတွက် ဒါတွေလည်း နောက်ပိုင်း အရေးယူနိုင်တဲ့ တိုက်ရိုက် သက်ရောက်တဲ့ ဥပဒေ ရှိလာမှာပါ။ အခုပြဿနာက လွယ်လွယ်ကူကူ အသုံးပြုနေတဲ့ facebook ပေါ့၊ ဒီမှာ အမျိုးသမီးငယ်တွေက သူတို့ရဲ့ ဓာတ်ပုံတွေကို ပုံစံအမျိုးမျိုးနဲ့ ရိုက်ခဲ့ပြီး Like ရတာချင်း ပြိုင်နေကြတာက တလွဲအသုံးပြုမှုပေါ့။ Like များများရအောင် Friend (သူငယ်ချင်း)တွေကို ဘယ်သူပဲမြင်မြင် ကိုယ့်စာမျက်နှာမှာ လက်ခံ၊ ပုဂ္ဂိုလ်ရေး ထိခိုက်စေအောင်၊ မနာလိုလို့ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိ ပျက်စီးစေတာ။ အဲဒီလို ပြစ်မှု ကျူးလွန်ချင်တဲ့သူအတွက် ဒါဟာအလွယ်ကူဆုံး အသုံးချမှုဖြစ်လာတာ။ ဒီလိုမျိုး ပြုလုပ်ခံရတာဟာ လူတစ်ဦး တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတာဆိုတော့ လူ့အခွင့်အရေးကို ထိပါးတာပဲ””ဟု သုံးသပ်ပြောဆို သည်။

ယခင်က အင်တာနက် ချိတ်ဆက်မှုကို ကွန်ပျူတာများဖြင့်သာ အသုံးပြုမှု များလာခဲ့ပြီး ယခုအခါ ဖုန်းဆင်းကတ်များဖြင့် အသုံးပြုမှု များလာသည့်နည်းတူ ဆက်သွယ်ရေး ၀န်ဆောင်မှု ပေးလျက်ရှိသည့် ကုမ္ပဏီအချို့ကလည်း ဖုန်းဆင်းကတ်များဖြင့် ယင်းကဲ့သို့ နည်းပညာ အလွဲသုံးချ ကျူးလွန်သူများကို ရှာဖွေ ဖော်ထုတ်ပေးရန် အလို့ငှာ တစ်ဖက်တစ်လမ်းမှ စဉ်းစားလာကြပြီ ဖြစ်သည်။

ယင်းကဲ့သို့ စဉ်းစားလာသည့် ကုမ္ပဏီများတွင် မြန်မာနိုင်ငံ၌ ပထမဆုံးဟု ပြောရမည့် ကုမ္ပဏီမှာ Ooredoo ကုမ္ပဏီ ဖြစ်သည်။

Ooredoo ဖုန်းဆင်းကတ်အသုံး ပြုနေသူများ အနေဖြင့် ယင်းကဲ့သို့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခံရမှု၊ နှောင့်ယှက် ခံရမှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ အစိုးရအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရှာဖွေဖော်ထုတ် ပေးမည့်အစီအစဉ်ကို ၀န်ဆောင်မှု တစ်ရပ်အနေဖြင့် ဆောင်ရွက်လာခြင်းပင်ဖြစ်သည်။

““ကျွန်မတို့ကုမ္ပဏီက ဥပဒေအရ တိုက်ရိုက်တော့ ကူညီခွင့်မရှိဘူး။ အဲဒီလို နှောင့်ယှက်မှုတွေ၊ online က တိုက်ရိုက်မှုတွေ ဖြစ်လာရင် ကာယကံရှင်တွေက တစ်အချက် Ooredoo ဆင်းမ်ကတ်ကို အသုံးပြုသူ ဖြစ်ရမယ်။ ပြီးရင် တရားဝင် ရဲစခန်းမှာ တိုင်ချက်ဖွင့်ပြီးမှ ကုမ္ပဏီကို အကူအညီ တောင်းခံရင်တော့ ကျွန်မတို့က ဖုန်းနံပါတ်နဲ့ အချက်အလက်တွေ အသေးစိတ်ပေါ့၊ ဒါတွေကို ရှာဖွေပေးမှာပါ။ ၀န်ဆောင်မှု အနေနဲ့ပေါ့””ဟု Ooredoo ကုမ္ပဏီ(မြန်မာ)၏ ပြောရေးဆိုခွင့်ရှိသူ မသီရိကြာညိုက ပြောသည်။

အထက်ပါအတိုင်း Ooredoo ကုမ္ပဏီကို အကူအညီ တောင်းခံလာပါက ကုမ္ပဏီမှ သုံးစွဲသူ၏ ဖုန်းနံပါတ်၊ ၀ယ်ယူသူ အမည်ပေါက်၊ ဖုန်းခေါ်ဆိုမှုစာရင်း၊ ဖုန်းမှတစ်ဆင့် အသုံးပြုသည့် အချက်အလက်များ၊ နောက်ဆုံး အသုံးပြုခဲ့သည့် တည်နေရာ စသည်တို့ကို ဖော်ထုတ် ပေးသွားမည်ဖြစ်သည်။

““အဲဒီလို တိုင်ကြားတာမျိုးတော့ မရှိသေးဘူး။ အကယ်၍ တိုင်ကြားတယ်ဆိုရင် သက်ဆိုင်တဲ့ ဥပဒေနဲ့ အရေးယူပေးမှာပါ။ ဘယ်လိုဥပဒေမျိုး ဆိုတာက လာရောက်တိုင်ကြားတဲ့အပေါ် မူတည်ပြီးပြောရမှာပေါ့။ အခုလို အွန်လိုင်းတို့၊ ဖုန်းတို့က တိုက်ခိုက်တာ ဆိုရင်လည်း အတိအကျတော့ ပြောလို့မရဘူး။ အကယ်၍ ဒီလိုမျိုးကို သက်သေနဲ့တကွ တိုင်ချက်လာဖွင့်ရင် ဆက်သွယ်ရေး ၀န်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်ရမှာပါ။ တချို့ပုဒ်မတွေကို အဲဒီလို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ လုပ်ရတာပါ။ ခရိုင်အလိုက် မှုခင်းအနေအထားအရ ဒီလိုမျိုးသီးသန့် လာတိုင်တာ ရှားပါတယ်””ဟု ရန်ကုန်တောင်ပိုင်းခရိုင် ဒုရဲမှူးကြီးကြည်လွင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ခိုးမှု၊ ရိုက်မှု၊ လူသတ်မှုစသည့်အမှုများကိုမူ လူအများက ရဲစခန်းတွင် အမှုဖွင့်တိုင် ကြားလေ့ ရှိသော်လည်း လူမှုရေးနှင့် ဆက်စပ်သော၊ မိမိတစ်ကိုယ်ရေနှင့် ဆက်စပ်သောအမှုများ တိုင်ကြားမှုမှာ နည်းပါးခြင်းကလည်း ကျူးလွန်သူများအတွက် အားပေးရာ ရောက်လျက် ရှိသည်။ ယင်းတို့ထဲတွင် အများစုမှာ အမျိုးသမီးများ ဖြစ်ပြီး အာဏာပိုင် အဖွဲ့အစည်းများနှင့် မဆက်စပ်လိုခြင်း၊ မိမိ၏ တစ်ကိုယ် ရည် ပြဿနာ ဖြစ်ခြင်းကြောင့် အများသူငါ သိရှိမည်ကို စိုးရိမ်ခြင်းများကြောင့် လူမှုကွန်ရက်များ၊ ဖုန်းများ အသုံးပြုကာ တိုက်ခိုက်ခံရခြင်းများကို ထုတ်ဖော် ပြောဆိုလေ့မရှိပေ။

““ကျွန်တော်တို့ နိုင်ငံမှာက တစ်ခုခုဆို ဥပဒေရှိတာတောင် ရဲစခန်းမှာ အမှုမဖွင့်ချင်ကြဘူး။ အမျိုးသမီးတွေ ကာယိနြေ္ဒဥပဒေဆိုရင် စကားနဲ့ပြောတာတောင် အကျုံးဝင်တယ်လေ။ ဒါပေမဲ့ တရားခွင်ထဲက စီရင်ချက်ချမယ့် ပုဂ္ဂိုလ်တွေထဲမှာကိုက အသားပဲ့ပါသွားတာမှ မဟုတ်တာဆိုတဲ့ အတွေးမျိုးတွေ ရှိနေတာလေ။ အဲဒါကြောင့် နိုင်ငံတော်က ထိရောက်စွာ အရေးမယူနိုင်ရင် တခြားအဖွဲ့အစည်းတွေက ကူညီလည်း အလကားပဲ။ ဥပမာ Ooredoo ဆိုရင်ကူညီမယ်။ ဒါဆိုမိပါပြီ။ ဒီလူကို ထိုက်သင့်တဲ့ ပြစ်ဒဏ်က ဘယ်လိုမျိုးလဲ၊ ပါးရိုက်ရင် တစ်ခါ ရိုက် ၁၀၀၀ ပဲ ပေးရတယ်။ ဒါမျိုးတွေကို နိုင်ငံတော်က လေးလေးနက်နက် စဉ်းစားစေချင်တယ်””ဟု Equlity Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောကြားခဲ့သည်။

နည်းပညာ ဖွံ့ဖြိုးမှု၏ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည့် လူမှုကွန်ရက်များ၊ ဖုန်းများ အသုံးပြုပြီး ပုဂ္ဂိုလ်ရေး၊ လူမှုရေး တိုက်ခိုက်ခံရမှုများမှာ တိုက်ခိုက်သူနှင့် တိုက်ခိုက်ခံရသူ နှစ်ဖက်ရှိသော်လည်း နှစ်ဖက်စလုံးတွင်မူ အားနည်းချက်များ ရှိသည်ကိုမူ ငြင်းဆို၍မရသည့် အချက်လည်း ဖြစ်သည်။

ယင်းသို့ ပြစ်မှုကျူးလွန်မှုများကို ရှောင်ရှားနိုင်ရန်မှာ သုံးစွဲသူများ၏ အသုံးချမှုပိုင်းဆိုင်ရာနှင့်လည်း သက်ဆိုင်ပြီး ကျူးလွန်မှုများ ဖြစ်ပေါ်လာပါက တားဆီးနိုင်မည့် ဥပဒေများ ပြဋ္ဌာန်းရန် လိုအပ်လျက်ရှိကြောင်း တင်ပြ လိုက်ပါသည်။

ဝတ်ရည်နွေးနွေး


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment