Sunday, May 17, 2015

မိုးသက်လေပြင်းဒဏ်ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တင်လှူခဲ့သည့် ရွှေနုံးတိုးစေတီ ရွှေထီးတော်ကြီး မြေခပျက်စီး

 စစ်ကိုင်း၊ မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ အမှတ်(၂) ရပ်ကွက်အတွင်း၌ ၂၀၁၄ ခုနှစ်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရွှေထီးတော်တင်လှူ ပူဇော်ပေးခဲ့သည့် ရွှေနုံးတိုး စေတီတော်မှာ မေ(၇)ရက်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော် အပါအ၀င် ရွှေထီးတော်ကြီးမှာ မြေခပျက်စီးခဲ့ရကြောင်း ယင်းစေတီတော်၏ ဂေါပကအဖွဲ့မှ ဦးမျိုးဇော်ဇော်ထွေးက မေ ၁၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ကျွန်တော် ၈ ရက်နေ့ မနက်ရောက်တော့ အိမ်တံခါးဖွင့်လိုက်တော့ ထီးတော်ကြီး တစ်ဝက်က မြေခနေပြီး တစ်ဝက်က ကျန်နေတယ်။ စိန်ဖူးတော်နဲ့ ငှက်မြတ်နားတော်ကတော့ စတီးကြိုးနဲ့ တန်းလန်းကြီးဖြစ်နေတာ တွေ့ရတယ်။ လေမိုးက ၇ ရက်နေ့ ညနေပိုင်းက တိုက်တာလေ။
ကျွန်တော်ကလည်း မနက်ကျမှသိရတာ။ ထီးတော်ရဲ့ တခြားအစိတ်အပိုင်းတွေကတော့ ရင်ပြင်တော်ပေါ်မှာ ပြန့်ကျဲနေ တာပေါ့””ဟု ရွှေနုံးတိုးစေတီတော် ဂေါပကအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးမျိုးဇော်ဇော်ထွေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

၂၀၁၅ ခုနှစ်၊ မေ(၇)ရက်နေ့၊ ညနေပိုင်း၊ (၇)နာရီဝန်းကျင် အချိန်ခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျောက်မြောင်းမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ရွှေနုံးတိုး စေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော် အပါအ၀င် ထီးတော်ကြီးမှာ ကျိုးပဲ့ပျက်စီးပြီး ဘုရား ရင်ပြင်တော်ပေါ်သို့ ကျရောက်မြေခ ပျက်စီးခဲ့ရခြင်း ဖြစ်ပြီး ပျက်စီး ပြိုကျသွား သည့် ရွှေနုံးတိုး စေတီတော်ကြီး၏ ထီးတော် အစိတ်အပိုင်းများကို မေ (၈) ရက်နေ့ ကတည်းကပင် ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက လာရောက်သိမ်းဆည်း သွားခဲ့သည်။

ယင်းသို့ လေပြင်း တိုက်ခတ်မှုကြောင့် ရွှေနုံးတိုး စေတီတော်ကြီး ၏ ရွှေထီးတော်ကြီးမှာ မြေခပျက်ဆီး ခဲ့သော်လည်း အဆိုပါ ဘုရားနှင့်ကပ်လျက် ရင်ပြင်တော် တစ်ခုတည်းပေါ်ရှိ အခြားသော စေတီဘုရားများ၏ ရွှေထီးတော်များနှင့် တံခွန်တိုင်မှာ ယိုင်နှဲ့ခြင်း၊ ကျိုးပဲ့မြေခခြင်းများ မဖြစ်ပေါ်ခဲ့ပေ။

““လေမိုးတိုက်တာက သိပ်မကြာဘူးဗျ။ ခဏလေးပဲ။ ထီးတော် ပြိုကျပျက်ဆီးတာကိုတော့ ၈ ရက်နေ့ မနက်ပိုင်း ကျမှသိရတာ၊ အရင် ၂၀၁၂ ကလားမသိဘူး ငလျင်လှုပ်သေးတယ်။ အဲဒီတုန်းက ထီးတော်က ယိုင်သွားတာပဲ ရှိတယ်။ အခုလို ပြိုကျပျက်စီးသွားတာမျိုး မရှိဘူး”” ဟု ကျောက်မြောင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဦးမိုးကျော်သူ က ရွှေနုံးတိုးစေတီတော် ဘုရားထီးတော် ပြုတ်ကျပျက်ဆီးမှုနှင့် ပတ်သက်၍ မှတ်ချက်ပြု ပြောဆိုသည်။

အဆိုပါ ရွှေနုံးတိုးစေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော် အပါအ၀င် ရွှေထီးတော်ကြီးကို စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးက အလှူရှင်အနေဖြင့် ကုသိုလ်ပြုထားပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် အနေကဇာတင် ရေစက်ချမင်္ဂလာ အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ (၁၀)ရက်၊ နံနက်(၉)နာရီဝန်းကျင်အချိန်၌ နိုင်ငံတော်အဆင့် အနေနှင့် ပြုလုပ်ကျင်းပခဲ့ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ချီးမြှင့် ခဲ့ပြီး ရွှေထီးတော်ကြီးကို တင်လှူပူဇော်ပေးခဲ့ကြောင်း ဒေသခံများ ၏ ပြောပြချက်အရ သိရသည်။

ယင်း ရွှေနုံးတိုး စေတီတော်မြတ်ကြီးကို သာသနာသက္ကရာဇ် (၂၁၈) ခုနှစ်တွင် သီရိဓမ္မာသောက မင်းကြီးက တည်ထားခဲ့ခြင်းဖြစ်၍ ပြိုကျပျက်စီးမှုများကို ရှေးမင်းအဆက်ဆက်မှ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ် ခဲ့ကြလျက် ကိုးကွယ်ခဲ့ကြသည့် စေတီတော်ကြီး ဖြစ်သည့်အပြင် ရှေးဟောင်း သမိုင်းဝင် စေတီတော်ကြီးဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ လက်ရှိ ထီးတော်တင်သည့် ပုဂ္ဂိုလ်ဖြစ်၍ ၎င်းတင်လှူခဲ့သည့် ထီးတော် သက်တမ်းမှာ ၅ လခန့်သာ ကြာမြင့်သေးကြောင်း သိရသည်။

““ဒီရွှေနုံးတိုး ဘုရားထီးတော် တင်တဲ့နေ့ကဆိုရင် ကာချုပ်ကြီး ကိုယ်တိုင် လာတင်တာဆိုတော့ ကြည်း၊ ရေ၊ လေက ဗိုလ်ချုပ်ကြီးတွေလည်းပါတယ်။ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်ရောပေါ့။ နိုင်ငံတော်အဆင့် အနေအထား မျိုးနဲ့ တင်တာဆိုတော့လေ လုံခြုံရေးကလည်း တအားတင်းကြပ်တာဗျ။ အဲဒီ ထီးတင်တဲ့ နေ့ကဆိုရင် သူတို့ သတ်မှတ်ထားတဲ့ မီဒီယာသမားပဲ ဓာတ်မှတ်တမ်း ရိုက်ကူးခွင့်ရတာ။ အပြင် မီဒီယာသမားလားတော့ အတိအကျ မသိဘူး။ သူကဓာတ်ပုံရိုက်ဖို့ဆိုပြီး ကင်မရာထုတ်ချိန်တာ ရှိသေးတယ်။ သူ့ကို အတင်း ဆွဲထုတ်သွားတာ မြင်လိုက်ရတယ်”” ဟု ကျောက်မြောင်းမြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သူ ဒေသခံ တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြန်ပြောင်း ပြောပြသည်။

၂၀၁၂ ခုနှစ် အတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ရွှေထီးတော်ကြီးနှင့် စေတီတော်ကြီးမှာ ပြိုကျ ပျက်စီး သွားခဲ့သောကြောင့် စေတီတော်ကြီးကို အသစ်တဖန် ပြန်လည်ပြုပြင် မွမ်းမံ၍ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးက ရွှေထီးတော် အလှူရှင်အဖြစ် ကုသိုလ်ယူပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွှေထီးတော်ကြီးကို ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ (၁၀)ရက်နေ့တွင် နိုင်ငံတော် အဆင့်အနေဖြင့် တက်ရောက် တင်လှူပူဇော်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

မြေခပျက်စီးသွားသည့် ထီးတော်အား ပြန်လည်တင်လှူနိုင်ရေးနှင့် ပတ်သက်၍ ““ထီးတော်ကြီး အသစ်ပြန်တင်ဖို့ အတွက်ကတော့ ဒီနေ့မှာပဲ ဂေါပအဖွဲ့ကို အစည်းအဝေး ခေါ်ထားပါတယ်။ လက်ရှိ ထီးတော် တင်ထားတဲ့ ကာချုပ်ကြီး မင်းအောင်လှိုင်ကိုတော့ သူတို့သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အကြောင်း ကြားမယ်လို့ ထင်ပါ တယ်””ဟု ဂေါပက အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမျိုးဇော်ဇော်ထွေးက ပြောသည်။

အောင်ကိုဝင်း

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

မိုးသက်လေပြင်းဒဏ်ကြောင့် ထီးတော်မြေခ ပျက်စီးနေသည့် ရွှေနုံးတိုး စေတီတော်။ ဓာတ်ပုံ – အောင်ကိုဝင်း


မိုးသက်လေပြင်းဒဏ်ကြောင့် မြေခပျက်စီးခဲ့သည့် ရွှေနုံးတိုး စေတီတော် ထီးတော်အစိတ်အပိုင်းများအား စေတီတော် ရင်ပြင်တွင် တွေ့ရစဉ်။ ဓာတ်ပုံ-အောင်ကိုဝင်း


မြေခပျက်စီးခဲ့သည့် ရွှေနုံးတိုးစေတီတော်အား စိန်ဖူးတော်ကပ်လှူခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးအား ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – ထီးတော်တင်လှူခြင်း မှတ်တမ်းဗီဒီယိုအခွေမှ
  
မိုးသက်လေပြင်းဒဏ်ကြောင့် ထီးတော်မြေခ ပျက်စီးနေသည့် ရွှေနုံးတိုးစေတီတော်နှင့် စေတီတော် ရင်ပြင်ရှိ ခြင်္သေ့ရုပ်တု။ ဓာတ်ပုံ – အောင်ကိုဝင်း


No comments:

Post a Comment