Monday, May 18, 2015

ရွှေတိဂုံစေတီကို ထိန်းသိမ်းရန် ကဏ္ဍပေါင်းစုံမှ ပညာရှင်များ၏ အကြံပြုချက်ကို သမ္မတရုံးသို့ တင်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၏ အထင်ကရ အမှတ်အသား တစ်ခုဖြစ်သည့် ရွှေတိဂုံ   စေတီတော်   ရေရှည်တည်တံ့ရေးမှာ စိုးရိမ်ဖွယ် အနေအထားသို့ ရောက်ရှိ၍ ရွှေတိဂုံ   ရေရှည်တည်တံ့စေသည့် တင်ပြချက်များပါဝင်သော ကဏ္ဍပေါင်းစုံမှပညာရှင်များ ပါဝင်ဆွေးနွေးထားသည့် အကြံပြုတစ်စောင်ကို   နိုင်ငံတော် သမ္မတရုံးသို့ တင်ပြမည်ဟု မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးခိုင်ဝင်းလတ်က မေ ၁၇ ရက်က ပြောသည်။

Shwedagon
(ဓာတ်ပုံ - မဇ္ဈိမ)



ရွှေတိဂုံစေတီတော် ရေရှည်တည်တံ့ရေး ဆွေးနွေးပွဲကို မေ ၁၇ ရက်က ရန်ကုန်မြို့ရှိ  မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ပြီး ပညာရှင်များက ယင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးခိုင်ဝင်းလတ်က "ရွှေတိဂုံဘုရားကို ထိရောက်တဲ့ ထိန်းသိမ်းမှုတွေ မလုပ်ရင် ခုချက်ချင်းလည်း ပျောက်ကွယ်သွားနိုင်တယ်၊
နောင်နှစ်ရာနဲ့ချီပြီးလည်း ကြာကောင်းကြာနိုင်တယ်။ ဘာလို့လည်းဆိုတော့ ဘုရားနဲ့ဆိုင်တဲ့ ဖောင်ဒေးရှင်းကို ဘယ်သူမှ
သေချာမသိဘူး၊သေချာသိတာကတော့ လက်ရှိမှာ ရွှေတိဂုံကို ထိခိုက်စေမယ့် လုပ်ငန်းတွေကတော့ ရှိနေပြီ။ ဒီတော့ မထိန်းသိမ်းရင် ရှိရင်းစွဲ အနေအထားထက်တော့ မြန်မြန်ပျက်စီးသွားမှာပဲ" ဟု ဆိုသည်။

ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ အင်ဂျင်နီယာများ၊ ဗိသုကာပညာရှင်များ၊ ဘူမိဗေဒပညာရှင်များ၊ မြေသားဆိုင်ရာ နားလည်တတ်ကျွမ်း သူများ၏ ရေအရင်းအမြစ်ဆိုင်ရာ ပညာရှင်များ၊ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးပွဲမှ ရလဒ်များကို စုပေါင်းကာ တင်ပြသွားမည်ဖြစ်သည်။

ယင်းအကြံပြုချက်တွင် ပညာရှင်များက ရွှေတိဂုံကုန်းတော် ဝန်းကျင်ရှိ ရပ်ဆိုင်းထားသည့် စီမံကိန်းများ ဆက်လက်အကောင်အထည်
ဖော်ခြင်း မပြုမီ ပညာရပ်ဆိုင်ရာ ဆန်းစစ်ချက်များကို ပြုလုပ်ရန်၊ ဆောက်လုပ်ခွင့်ပြုမည်ဆိုပါက ဇုန်အလိုက် စည်းကမ်းသတ်မှတ်ရန်၊
ရွှေတိဂုံ၏ မြင်ကွင်းထိခိုက်မှုကို ကာကွယ်ရန်၊ ရွှေတိဂုံစေတီ လက်ရှိခိုင်ခံ့မှုအခြေအနေ၊ သိင်္ဂုတ္တရကုန်းတော်၏ မြေလွှာမြေကြောများ ခိုင်ခံ့မှု၊ မြေအောက်ဂေဟ စနစ်၊ မြေကျုံ့နိုင်မှု၊ ရေဝေ ရေလဲစနစ်များ၊ မိလ္လာ၊ ဒီရေအတက်အကျ၊ ရွှေတိဂုံကုန်းတော်ကို မှီခိုနေသော လူမှုဘ၀များနှင့် ကျေးငှက်တိရိစ္ဆာန်များ စသည်တို့နှင့် ပတ်သက်သော ထည့်သွင်းစဉ်းစားရန် အချက်များကို ဖော်ပြအကြံပြုထားသည်ဟု ဆိုသည်။

ရေ အရင်းအမြစ် အသုံးချရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ပါမောက္ခ ဒေါ်ခင်နီနီသိန်းက ရွှေတိဂုံစေတီ၏
အောက်ခံမြေသားသည် ရွှံ့စေးပါဝင်မှုများသည့် သဲကျေက်မြေဖြစ်ပြီး ပတ်ဝန်းကျင် ရေအောက်မြေ အလွန်အကျွံ တူးဖော်သုံးစွဲမှုပေါ် မူတည်ပြီး ခံနိုင်ရည် အပြောင်းအလဲရှိနိုင်သည်ဟု ဆိုသည်။

၎င်းက "မဖြစ်အောင် လုပ်လို့ရတယ်။ လူတိုင်းမှာ ဖြေရှင်းချက်ရှိတယ်၊ လပေါ်လူတက်နေတဲ့ ခေတ်ပါ။ ဒါပေမဲ့ ဘယ်သူတာဝန်ယူမလဲပေါ် မူတည်နေတယ်” ဟု ဆိုသည်။

စိမ်းလန်းအမိမြေအဖွဲ့မှ ဒါရိုက်တာ ဦးဝင်းမျိုးသူက “နည်းပညာက ပြဿနာမဟုတ်ဘူးဗျ၊ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုက အဓိကပဲ၊
ရွှေတိဂုံနားက ပရောဂျက်ဆိုရင်ပဲကြည့် ဥပေဒအထက်မှာ ရှိနေသူတွေများတဲ့ ကိစ္စဆိုရင်တော့ မလွယ်လှဘူး” ဟု ဆိုသည်။

ပညာရှင်များအနေဖြင့် ယင်းတို့၏ အကြံပြုချက်တွင် ရွှေတိဂုံနှင့် သိင်္ဂုတ္တရကုန်းတော်အတွက် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမှု အစီအမံ (Conservation Management Plan)မဖြစ်မနေဆွဲရန် လိုအပ်ကြောင်း၊ ရွှေတိဂုံစေတီ ရေရှည်တည်တံ့အောင် ပညာရှင်များ၊ မြို့မိ၊
မြို့ဖများနှင့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ဖွဲ့စည်းရန်နှင့် ရွှေတိဂုံပတ်ဝန်းကျင် နေရာလပ်များကို အများပြည်သူသုံး
နေရာများအဖြစ် ချန်လှပ်ထားရန်တို့ကိုပါ ဆက်လက်ထည့်သွင်း ဖော်ပြထားသည်။

Yangon Heritage trust မှ ဒေါ်မို့မို့လွင်က “ရန်ကုန် မဖြစ်ခင်ကတည်းက ရွှေတိဂုံက ဖြစ်တည်နေတာပါ။ ပုဂံမှာတော့ ယဉ်ကျေးမှုဇုန်နဲ့ ပတ်သက်တဲ့ ဥပဒေရှိတယ်၊ ရန်ကုန်အတွက် မရှိသေးဘူး၊ ရွှေတိဂုံကို ကာကွယ်ဖို့ ဥပဒေရဲ့ အကာအကွယ်ရဖို့တော့လိုတယ်” ဟု ဆိုသည်။

ယင်းအကြံပြုချက်များသည် မြို့ပြဖွံ့ဖြိုးမှုကို ထိခိုက်စေသည် မဟုတ်ဘဲ ဖွံ့ဖြိုးမှုကို လုပ်ဆောင်ရင်း ထိန်းသိမ်းမှုကိုလည်း လုပ်ဆောင်စေခြင်း ဖြစ်ကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ထိန်းသိမ်းစောင့်ရှေက်ရေး အဖွဲ့မှ ဦးမော်လွင်က “ဖွံ့ဖြိုးမှုကို ဆန့်ကျင်တာလို့ တစ်ဘက်သတ် မတွေးဘဲ စီမံကိန်းတွေမစခင် ဆာဗေးတွေ သေချာလုပ်ကောင်းကျိုး ဆိုးပြစ်မျှတ စဉ်းစားဖို့လိုတာပါ” ဟု ပြောသည်။

Credit - Mizzima News

No comments:

Post a Comment