၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် လာမည့် နိုဝင်ဘာလအတွင်း ကျင်းပတော့မည် ဖြစ်ပြီး နိုင်ငံရေးပါတီပေါင်း ၈၀ကျော် ယှဉ်ပြိုင်ကြဖွယ်ရှိသည်။
အဓိက နိုင်ငံရေးပါတီကြီးနှစ်ခုမှာ လက်ရှိအာဏာရ ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)နှင့် အင်အားကြီး အတိုက်အခံ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ) တို့ ဖြစ်သည်။
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်မဲသည် အငြင်းပွားဖွယ်ဖြစ်ခဲ့ပြီ၊ ပြည်ခိုင်ဖြိုးက အပြတ်အသတ် အနိုင်ရခဲ့သည်။ ထိုစဉ်က မီဒီယာများသည်လည်း စစ်အစိုးရ၏ ဖိနှိပ်မှုအောက်တွင် ရှိနေခဲ့ပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများလည်း မရှိသလောက်ပင် ဖြစ်ခဲ့သည်။
ယခု ၂၀၁၅ ရွေးကောက်ပွဲတွင်မူ မီဒီယာများသည် အထိုက်အလျောက် လွတ်လပ်လာပြီ ဖြစ်သည်။ ရုပ်သံလွှင့် မီဒီယာများကို အစိုးရနှင့် နီးစပ်သူများက ကိုင်ထားကြသော်လည်း ပုဂ္ဂလိက သတင်းစာများကမူ ဆိုင်ရာပိုင်ရှင်များအလိုက် လွတ်လပ်စွာ ရေးသားခွင့် ရှိနေသည်။
အရေးကြီးသည်မှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ဖြစ်သည်။ စောင့်ကြည့်လေ့လာ သူများတွင် ပြည်တွင်းမှ ဆောင်ရွက်သူများ ရှိသလို ဥရောပ၊ အမေရိက၊ အာဆီယံနှင့် နိုင်ငံတကာမှ လာရောက်ကြမည် ဖြစ်သည်။ သူတို့သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၏ ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်မျှတမှုကို ထောက်ခံချက်ပေးမည့်သူများ ဖြစ်သည်။
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ရွေးကောက်ပွဲ မတိုင်မီ ယခုအချိန်မှ စတင်ပြီး စောင့်ကြည့်ကြသည်။ ရွေးကောက်ပွဲရက်နှင့် ထိုအတောအတွင်းတွင်လည်း စောင့်ကြည့်ကြပြီ ဖြစ်ပြီး ရွေးကောက်ပွဲအလွန် ကာလတွင်လည်း အချိန်အတိုင်းအတာ တစ်ခုအထိ ဆက်လက်စောင့်ကြည့်ကြမည် ဖြစ်သည်။
မြန်မာ့အပြောင်းအလဲများကို အမြဲမပြတ် စောင့်ကြည့်နေသူများက (အထူးသဖြင့် နိုင်ငံတကာ) ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာစွာနှင့် လွတ်လပ်မျှတစွာ ကျင်းပစေလိုကြသည်။
သမ္မတ ဦးသိန်းစိန်နှင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဦးတင်အေးတို့ကလည်း ရွေးကောက်ပွဲကို မရွှေ့ဆိုင်းဘဲ အကောင်းဆုံး ကျင်းပပေးမည်ဟု အာမခံထားကြသည်။
သို့ရာတွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသည် လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် ခင်မင်ရင်းနှီးသူ ဖြစ်သည်၊ ထို့အပြင် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ ခေါင်းဆောင်ဟောင်း တစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် မပြေးသော်လည်း ကန်ရာရှိ ဆိုသလို ဖြစ်နေသည်။
အခြားတစ်ဘက်တွင်လည်း အင်န်အယ်လ်ဒီပါတီက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော် ရွေးကောက်ပွဲကော်မရှင်သည် နာမည်ကောင်း ရနိုင်သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို ကြည့်ပါ၊ ဦးတင်အေး နာမည်ကောင်း ထွက်ခဲ့သည်။ အကယ်၍များ ပြည်ခိုင်ဖြိုးသည် နိုင်ငံရေး ဝေဖန်သူများ ခန့်မှန်းထားသည်ထက် ပိုသော ထိုင်ခုံနေရာများကို လွှတ်တော်တွင်း ရခဲ့ပါက ရွေးကောက်ပွဲ ကော်မရှင်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ပေသည်။
အချုပ်အားဖြင့်ဆိုရသော် ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်သည်လည်းကောင်း၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တစ်ခုလုံး၏ ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်မျှတမှုသည်လည်းကောင်း ပြည်တွင်း၊ ပြည်ပ၏ ထောက်ခံချက်ပေါ်တွင် မူတည်နေသည်။ ယင်း ပြည်တွင်း၊ ပြည်ပ၏ ထောက်ခံချက်ဆိုသည်မှာ ပြည်တွင်း၊ ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ ထောက်ခံချက်သာ ဖြစ်ပါသည်။
ပြည်တွင်း၊ ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ လိုက်နာရမည့် စည်းကမ်းများကိုလည်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပြီး ဖြစ်သည်။ ယင်း စည်းကမ်းဘောင်အတွင်းက အကောင်းဆုံး၊ အမှန်ဆုံးနှင့် အမျှတဆုံး ထောက်ခံချက်ကို ပေးနိုင်ရန် ပြည်တွင်း၊ ပြည်ပမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ တာဝန်သည် ကြီးလေးကြောင်းကို မဇ္ဈိမက မီးမောင်းထိုးသည်။
Credit - Mizzima News
No comments:
Post a Comment