Saturday, May 23, 2015

စာရေးဆရာထင်လင်းဦးအမှုကို အပြီးသတ် လျှောက်လဲချက်ကြားနာပြီး ဇွန် ၂ ရက်၌ အမိန့်ချမှတ်မည်

 ရန်ကုန်၊ မေ ၁၈

၂၀၁၄၊ အောက်တိုဘာ ၂၃ ရက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာ ဆရာတော် ဦးဝိစာရမွေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတွင် သာသနာတော်အား စော်ကား ပုတ်ခတ် သည့် ပြောဆိုမှုများ ပါဝင်သည်ဟုဆိုကာ တရားစွဲဆို ခံထားရသော စာရေးဆရာ ထင်လင်းဦး၏ အမှုကို မေလ ၁၈ ရက် ၁၈ ကြိမ်မြောက် ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက်များပေးကာ ဇွန်လ ၂ ရက်တွင် အမိန့်ချမှတ်မည်ဟု စာရေးဆရာ ထင်လင်းဦး၏အမှုကို လိုက်ပါ ဆောင်ရွက်နေသော တရား လွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က မေလ ၁၈ ရက်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

စာပေဟောပြောပွဲတွင် စာရေးဆရာ ထင်လင်ဦး၊ ဆရာဦးဘုန်း(ဓာတု)၊ စာရေးဆရာ ညီမင်းညိုတို့ ဟောပြောခဲ့ပြီး ဆရာထင်လင်းဦး ၏ ဟောပြောချက်များသည်
ဘာသာသာသနာ စော်ကားပုတ်ခတ် ၍ ပြောဆိုသည်ဟု ဆိုကာ ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဦးထွန်းခိုင်က တရားလို ပြုလုပ်၍ သာသနာတော် ညစ်နွမ်းစေမှုဖြင့် ချောင်းဦးမြို့နယ် တရားရုံး၌ တရားစွဲဆို ထားခြင်းဖြစ်သည်။

““အမှုနဲ့ပတ်သက်ပြီး ဒီနေ့ မေ ၁၈ ရက် နှစ်ဖက်အပြီး လျှောက်လဲ ချက် ပေးတာပါ။ ဆရာတော် ဦးဝိစာရရဲ့ စာပေ ဟောပြောပွဲမှာ ဆရာထင်လင်းဦးရဲ့ ဟောပြောချက်တွေက သာသနာ ညစ်နွမ်းအောင် ဟောပြော ချက်တွေ မပါဘဲ သာသနာ အတွက် ထောက်ပြ ပြောဆိုချက်တွေ ဆိုတာတွေကို အဓိကထားပြီး လျှောက်လဲချက် ပေးခဲ့တာပါ”” တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက မေ ၁၈ ရက်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းအမှုကို ချောင်းဦးမြို့နယ် တရားရုံးမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅(က)၊ ၂၉၈၊ သာသနာ ညစ်နွမ်းစေမှုဖြင့် အမှုဖွင့်စစ်ဆေးခဲ့ရာ ၁၈ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဇွန်လ ၂ ရက်နေ့တွင် အမိန့်ချမှတ်မည်ဖြစ်သည်။

သူရိန်ကျော်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment