အထက်အကြောင်းအရာပါကိစ္စအရ လယ်ယာမြေကို အတင်းအဓမ္မ သိမ်းဆည်းခြင်းခံရသူ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မကျီးအုပ်ကျေးရွာအုပ်စု၊ မြင်းဒေါင်းကျေးရွာတွင် နေထိုင်ခဲ့သူ ကျွန်တော် ဦးကုလား၊ မှတ်ပုံတင်အမှတ် ၅/ကလတ(နိုင်) ၀၁၁၃၃၅ က ရိုသေစွာ အသနားခံ တင်ပြအပ်ပါသည်။ ကျွန်တော် ဦးကုလား ပိုင်ဆိုင် လုပ်ကိုင်ခွင့်ရခဲ့သော လယ်ယာမြေများကို ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မြို့သစ်အုပ်စု၊ သာဂရကျေးရွာနေ ဦးဖိုးတော်ထံမှ ကာလတန်ဖိုး ကျပ် ၆၅၀၀ ဖြင့် အသိသက်သေများ ဖြစ်ကြသော မြင်းဒေါင်းကျေး ရွာတွင် နေထိုင်သူ ဦးဘရှင်၊ ဦးဖြူ၊ ဦးရှိန်တို့နှင့် ၀ယ်ယူ၍ ၁၀ နှစ် ဆက်တိုက် လုပ်ကိုင်ခဲ့ပါသည်။ ကျွန်တော့်မှာ မိသားစု စားဝတ်နေရေး အဆင်မပြေသဖြင့် ကချင်ပြည်နယ် ဖားကန့်မှော်သို့ အလုပ်လုပ်ကိုင်ရန် ထွက်သွားခဲ့ရပါသည်။ ထိုသို့ ထွက်သွားစဉ် ကျွန်တော်နှင့် ရင်းနှီးသူအုပ်စုချင်း ဆက်စပ် လျက်ရှိသော ခင်ဦးမြို့နယ်၊ အင်းပတ်အုပ်စု၊ မြကန်ကျေးရွာနေ ဦးသန်းဖေထံသို့ တစ်ဧက စပါး ၁၀
တင်း နှုန်းဖြင့် အစုချ လုပ်ကိုင်စေခဲ့သည်။ ကျွန်တော်မှော်ထဲ၌ အလုပ်လုပ်ကိုင်နေစဉ် အစုချ အပ်နှံလုပ်ကိုင် စေခဲ့သော ဦးသန်းဖေမှာ ကွယ်လွန်သွားခဲ့ပါသည်။ ထိုသို့ ဦးသန်းဖေ ကွယ်လွန်သွားချိန် နောက်ပိုင်း ကာလ တွင် ကျွန်တော့် လယ်ယာမြေနှင့် သက်ဆိုင်ခြင်း မရှိသော အင်းပတ်ကျေးရွာနေ ဦးတင်အောင်၊ မြို့သစ် ကျေးရွာနေ ဦးသီဟ၊ မြကန်ကျေးရွာနေ ဦးတင်ရှောင်တို့က ကျွန်တော်ပိုင်ဆိုင် လုပ်ပိုင်ခွင့်ရှိခဲ့သော လယ်ယာ မြေထဲသို့ ၀င်ရောက် လုပ်ကိုင် ခဲ့ကြပါသည်။
လယ်ယာမြေနှင့် လုံးဝမသက်ဆိုင်သူ ၃ ဦး ၀င်ရောက် လုပ်ကိုင်နေစဉ် မကျီးအုပ်ကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင် လက်ထက်တွင် ဖားကန့်မှော်မှ အလုပ်လုပ်ကိုင်ပြီး ပြန်လာသော ကျွန်တော်က မိမိပိုင်ဆိုင်သော မြေယာ အား ပြန်လည် လုပ်ကိုင်ခွင့်ရလို၍ မြေယာမှုခင်း ပြုလုပ်ပြီး ဆောင် ရွက်ခဲ့မှုကြောင့် (၁၉၉၅-၁၉၉၆-၁၉၉၇) ခုနှစ် အထိ ၃ နှစ်ဆက်တိုက် လုပ်ကိုင် ဆောင်ရွက်ခဲ့ရပြန်ပါသည်။ ထိုသို့ လုပ်ကိုင် ဆောင်ရွက် ခွင့်ရှိခဲ့သော လယ်ယာမြေများမှာ မကျီးအုပ်ကျေးရွာ အုပ်စုတွင် တည်ရှိသော ကွင်းအမှတ်(၁၃၄၇)၊ ကွင်းအမည် တရုတ် အက်ကွင်း၊ ဧရိယာ ၅ ဒသမ ၆၁ ဧက ဖြစ်ပါသည်။
အဆိုပါ လယ်ယာမြေ ၅ ဒသမ ၆၁ ဧကကို ၁၉၉၈ ခုနှစ်တွင် လယ်ယာမြေထဲ၌ ကောက်စိုက်သမများ ကောက် စိုက်နေစဉ် ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့ထံမှ ရဲမှူးမျိုးအောင် အပါအ၀င် မကျီးအုပ် ကျေးရွာအုပ်စုဥက္ကဋ္ဌ ဦးလှမင်းနှင့် အဖွဲ့ဝင်များကိုယ်တိုင် လာရောက်၍ လယ်ယာလုပ်ကိုင်မှုကို တားမြစ် သိမ်းဆည်းခဲ့ကြပါသည်။ ထိုသို့ သိမ်းဆည်းခဲ့စဉ်တွင် လယ်ယာ စိုက်ပျိုးနေချိန်ဖြစ်၍ ၎င်းလယ်ယာမြေထဲတွင်ရှိသော ကောက်စိုက်သမ များအား ““အားလုံးလယ်ကွင်းထဲမှ တက်ပေးကြပါရန်၊ မတက်လျှင် အချုပ်ထဲ ရောက်သွားချင်သလား” ဟု ခြိမ်းခြောက်မှုများလည်း ပြု လုပ်ခဲ့ပါသည်။ ထိုသို့အာဏာကို အလွဲသုံးစားလုပ်၍ ခင်ဦးမြို့နယ်၊ ရဲတပ်ရဲမှူး မျိုးအောင်နှင့်အဖွဲ့က အတင်းအဓမ္မ ၀င်ရောက်သိမ်းဆည်း ခဲ့ပြီးနောက် ၎င်းလယ်မြေများကို ရဲဝန်ထမ်း သက်သာအဖြစ် ဦးဖိုးကြူ(ခ) ဦးဝင်းဗိုလ်အား အစုချ လုပ်ကိုင်စေပါသည်။
ကျွန်တော် ပိုင်ဆိုင် လုပ်ကိုင်ခွင့်ရှိခဲ့သော လယ်ယာမြေများကို ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်စု ဥက္ကဋ္ဌတို့က သိမ်းဆည်းခဲ့ခြင်းမှာ လုပ်ကိုင်ခွင့် အာဏာကို အလွဲသုံးစား ပြုလုပ်ဖြစ်သဖြင့် တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားအောင် ဖန်တီး လုပ်ဆောင်သလို ဖြစ်နေပါသည်။
ယခုအခါ ကျွန်တော်ပိုင်ဆိုင် လုပ်ကိုင်ခွင့်ရှိခဲ့သော လယ်ယာမြေများအား အင်းပတ်ကျေးရွာအုပ်စုတွင် နေထိုင်သူ ဦးတင်အောင်၏သား ဦးဇော်ထွန်း၊ မြို့သစ်ကျေးရွာ အုပ်စုတွင် နေထိုင်သူ ဦးသီဟ၏ သမက် ဦးမင်းဝေနှင့် ရဲဝန်ထမ်း သက်သာအဖြစ် လုပ်ကိုင်သော ဦးဝင်းဗိုလ်တို့မှာ လယ်ယာမြေနှင့် ပတ်သက်၍ ပိုင်ဆိုင် လုပ်ကိုင်ခွင့် ရရှိထားခြင်းမရှိဘဲ မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ ၀င်ရောက် လုပ်ကိုင်နေကြခြင်း ဖြစ်ပါသည်။
လယ်ယာမြေပိုင်ဆိုင်မှုဖြင့် အငြင်းပွားနေစဉ် ကျွန်တော်၏ ဖြစ်ရပ်မှန်ကို တင်ပြချက်ကြောင့် ကျွန်တော်ပိုင် လယ်ယာမြေနေရာနှင့် ပတ်သက်၍ မကျီးအုပ်ကျေးရွာအုပ်စု ဥက္ကဋ္ဌဦးကြည်စိုးနှင့် ရပ်ကျေး လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင်များက အဆိုပါ လယ်ယာမြေ ၅ ဒသမ ၆၁ ဧကအား ၂၂-၄-၂၀၁၄ တွင် ဦးကုလားသာလျှင် ပိုင်ဆိုင်သင့်ကြောင်း ဆုံးဖြတ်ချက်ချ မှတ်ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ ဆုံးဖြတ်ချက် ချခဲ့ပြီးသော်လည်း မြို့နယ် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ကျေးရွာအုပ်စုဥက္ကဋ္ဌ ဦးကြည်စိုးအား ၎င်းမြေယာနှင့် ပတ်သက်၍ အမှုအား ဆုံးဖြတ်သည်မှာ မှားယွင်းနေကြောင်း ဖိအားပေးမှုများ ရှိနေပါသည်။
ထိုသို့ ဖိအားပေးမှုများကြောင့် ၂၂- ၄-၂၀၁၄ ရက်နေ့တွင် ကျွန်တော်ဦးကုလားအား အနိုင်ပေး၍ ဆုံးဖြတ်ချက် ချထားမှုကို ပြန်လည် ရုပ်သိမ်းပေးကြောင်းကို မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ် မြေစာရင်းဌာနနှင့် ဦးကုလားထံသို့ ကျေးရွာအုပ်စုဥက္ကဋ္ဌ ဦးကြည်စိုးက လက်မှတ်ရေးထိုး ပေးပို့ခဲ့ပါသည်။ ထို့ကြောင့် ၎င်း လယ်ယာမြေ ၅ ဒသမ ၆၁ ဧကကို ပိုင်ဆိုင်လုပ်ကိုင်ခွင့် ရရှိခဲ့သူ ကျွန်တော်ဦးကုလားမှာ ၂၀၁၂ ခုနှစ် လယ်ယာမြေ နည်းဥပဒေပုဒ်မ ၈(ခ) ပုဒ်မ ခွဲငယ်(၂)အရ လက်ငုတ် ပြတ်တောက်ခဲ့ခြင်း ဖြစ်ပါသည်။ ယခု လက်ရှိ လယ်ယာမြေပေါ်တွင် လုပ်ကိုင်နေသူများမှ နည်းဥပဒေပုဒ်မ ၈(ခ) ပုဒ်မခွဲငယ် (၄)အရ အမှန်တကယ် လုပ်ပိုင်ခွင့် ရရှိထားသူများ မဟုတ်ဘဲ မမှန်မကန် လိမ်လည်၍ လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဖိအားပေးမှုများ၊ မမှန်မကန် လိမ်လည် လုပ်ဆောင်နေမှုများ ရင်ဆိုင်ကြုံတွေ့ ခဲ့ရပါသည်။
အဆိုပါ ကျွန်တော်၏ မိရိုးဖလာ ပိုင်ဆိုင်ခဲ့သော လယ်ယာမြေအပေါ် အကျင့်ပျက်ဝန်ထမ်း၊ အကျင့်ပျက် အုပ်ချုပ်ရေးမှူးနှင့် မသမာသူလူတစ်စု၏ မတရား အနိုင်အထက်ပြုမှုကြောင့် မြို့နယ် မြေစာရင်းဌာနတွင် ကျွန်တော်၏ အမည်ပေါက် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မြို့သစ်အုပ်စု၊ သာဂရကျေးရွာ ကွင်းအမှတ်(၁၃၇၄)၊ ကွင်းအမည် – တရုတ်အက်ကွင်း ဧရိယာ ၅ ဒသမ ၆၁ ဧကအား ပြန်လည်ရယူနိုင်ရေး ၁၅ နှစ်အတွင်း ကြိုးစားရင်းက စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့တွင် မှီခိုရာမဲ့ နေထိုင်ကြရပါသည်။ ကျွန်တော် အသက် (၈၅)နှစ်ကျော် ကာလအတွင်း မြေယာပြန်လည် ရရှိရေးအတွက် အစစကြိုးစားနေရင်း ကျန်းမာရေး အဆင်မပြေမှု၊ မိသားစု စားဝတ်နေရေး မပြည့်စုံမှုများကြားမှ မိမိမျိုးရိုးဖလာ မိသားစုပိုင်ဆိုင်သော မြေယာကွက် ပြန်လည်ရရှိရန် ငဲ့ညှာ ထောက်ထားသောအားဖြင့် သက်ဆိုင်ရာက ပြန်လည် စဉ်းစားပြီး ဖြစ်ရပ်မှန် ဖော်ထုတ်၍ မြေယာကွက် ပေးသနားပါရန် တင်ပြ လျှောက်ထားအပ်ပါသည်။
ဦးကုလား(ဘ)ဦးရှင်
၅/ကလတ(နိုင်)၀၁၁၃၃၅
ကျော်ဇေယျာရပ်၊ ကောလင်းမြို့၊(စစ်ကိုင်းတိုင်းဒေသကြီး)
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment