စစ်ကိုင်း၊ မေ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မြို့မဈေးသစ်ကြီး အတွင်း၌ ဧပြီ ၁၁ နေ့က ဖြစ်ပွားခဲ့သော စစ်ကိုင်းမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ မှားယွင်းရိုက်နှက် ဖမ်းဆီးခဲ့မှုတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခံရသည့် ကျောင်းသူနှင့် မိခင်ဖြစ်သူတို့က အထက်မြန်မာပြည် ရှေ့နေများကွန်ရက်နှင့် ချိတ်ဆက်ကာ ပြန်လည် တရားစွဲဆို သွားမည်ဖြစ်ကြောင်း ကာယကံရှင်ဖြစ်သူ တတိယနှစ်ကျောင်းသူ မလှိုင်နှင်းဦးက မေ ၂၀ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
မလှိုင်နှင်းဦးမှာ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်တွင် တတိယနှစ်၊ အင်္ဂလိပ်စာ အထူးပြု ဘာသာရပ်ဖြင့် ပညာသင်ကြားနေသော ကျောင်းသူ တစ်ဦးဖြစ်သည်။ အခင်းဖြစ်ပွားသည့် ဧပြီလ ၁၁ ရက်က မလှိုင်နှင်းဦးမှာ မိခင်ဖြစ်သူနှင့် အတူစစ်ကိုင်း မြို့မဈေးကြီးသို့ မုန့်လာပို့ပြီး ဈေးကြီးလှေကား အနီး ထိုင်နေစဉ် ရဲတပ်ဖွဲ့ ၃ ဦး အပါအ၀င် အရပ်ဝတ် ၂ ဦးတို့က ခါးပိုက်နှိုက်ဟုဆိုကာ ဖမ်းဆီးရာတွင်
ယင်းစွပ်စွဲချက်မှာ မဟုတ်မမှန်ကြောင်း ပြန်လည် ရှင်းပြသော်လည်း ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက သူမ၏ ဘယ်ဘက်ပါးအား ၃ချက် ရိုက်နှက် ခဲ့သည်။ ယင်းနောက်ရဲမေများ ရောက်ရှိလာကာ သူမနှင့်အတူ မိခင်ဖြစ်သူအား စစ်ကိုင်းမြို့မ ရဲစခန်းသို့ အတင်း အဓမ္မဖမ်းဆီး ခေါ်ဆောင်ခံခဲ့ပြီးနောက် စစ်ဆေးခဲ့ရာ မှားယွင်း ဖမ်းဆီးမိခြင်း ဖြစ်သည့်အတွက် ပြန်လွှတ် ပေး ခဲ့သော်လည်း ယင်းသို့ရိုက်နှက် ဖမ်းဆီးခဲ့သည့် ရဲဝန်ထမ်းအား ဥပဒေကြောင်းအရ အရေးယူ နိုင်ရေးအတွက် ပြန်လည် တရားစွဲဆိုသွားရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
““ကျွန်မတို့ သားအမိက ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့က စစ်ကိုင်းဈေးထဲမှာ မုန့်ပို့ပြီး ဈေးလှေကားရင်းမှာ ထိုင်နေ တုန်း ရဲယူနီဖောင်းဝတ်ထားတဲ့ ရဲ ၃ယောက်နဲ့ ယူနီဖောင်းဝတ်မထားတဲ့ ၂ ယောက် ရောက်လာပြီး စခန်းကို လိုက်ခဲ့ဆိုပြီးခေါ်တယ်။ ကျွန်မက ဘာဖြစ်လို့လဲမေးတော့ ရဲတစ်ယောက် ကနေ နင်တို့လုပ်ထားတာ နင်တို့ သိမှာပဲဆိုပြီး အတင်းဆွဲခေါ် လက်ထိပ်ခတ်တယ်။ ကျွန်မကရုန်းတော့ ကျွန်မရဲ့ ဘယ်ဘက်ပါး ကို စောစောက ပြော တဲ့ ရဲကနေ ၃ ချက် ပါးကိုရိုက်တယ်။ ကျွန်မ အမေကိုလည်း လက်ထိတ်ခတ်ပြီး ကျွန်မတို့ သားအမိကို စခန်းကို ခေါ်သွားတယ်။ နောက်တော့မှ လူမှားဖမ်းတာပါ ဆိုပြီး ပြန်လွှတ်တယ်။ အဲဒါကြောင့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့အနေနဲ့ ပါဝင်ခဲ့တဲ့ ရဲတွေကို အထက်မြန်မာပြည် ရှေ့နေများ ကွန်ရက်နဲ့ ဆက်သွယ်ပြီး ပြန်တရားစွဲ သွားမှာပါ””ဟု မလှိုင်နှင်းဦးက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မေ ၁၉ ရက်ကလည်း သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ သမ္မတ အပါအ၀င် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ပြည်ထဲရေး ၀န်ကြီးဌာန များသို့လည်း အသိပေး အကြောင်းကြားစာများကို လာမည့် ရက်ပိုင်းအတွင်း ပေးပို့သွားမည်ဖြစ်သည်။
““အဲဒီဖြစ်တဲ့နေ့က ကျွန်တော်လည်း အရမ်းစိုးရိမ်မိ သွားတာပေါ့ ဗျာ။ နောက်ပြီး တစ်ခုလည်း တွေးမိ တာပေါ့၊ ဈေးထဲမှာ သူခိုး တစ်ယောက်က ခိုးလို့ထွက်ပြေးရင်း သမီးရဲ့ခြင်းတောင်းထဲကိုများ ထည့်သွားလို့ မှားဖမ်းမိ တာလားပေါ့ဗျာ။ စခန်းရောက်တော့ သမီးနဲ့ တွေ့ပြီးတော့မှ သူတို့က လူမှားဖမ်းတာလို့ ပြောတော့မှ စခန်းမှူး ဆိုတဲ့သူကို မေးကြည့်တယ်။ စခန်းမှူးဆိုတဲ့ သူက သူတို့က လူမှားဖမ်းတာပါလို့ ပြောတယ်။ ဒါဆို သမီးကို ရိုက်ပြီး ဖမ်းတဲ့ရဲတွေကို ပြပါဆိုတော့ ပြလို့မရဘူးလို့ ပြောတယ်။ နောက်ပြီး သူတို့က ပြောတယ်။ အဖမ်းခံရတဲ့ နေရာမှာ ဘာမှ အနာတရမရှိတဲ့ အကြောင်း၊ ဘာမှမဖြစ်တဲ့အကြောင်း လက်မှတ်ထိုးလို့ရှိရင် ပြန် လွှတ် ပေးမယ် လို့ ပြောတယ်။ ကျွန်တော်လည်း ပြန်တရားစွဲမယ် လို့ပြောတော့ စခန်းမှူးက အမှုဖွင့်ချင်ရင် ဖွင့်ပေါ့၊ ပါးရိုက်ရင် နားကိုက်မှာပဲလို့ ပြောတယ်””ဟု မလှိုင်နှင်းဦး၏ ဖခင်ဖြစ်သူ ဦးသောင်းမြင့်ဦးက ပြောသည်။
မလှိုင်နှင်းဦးတို့ သားအမိအား ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရဲမေများက မလှိုင်နှင်းဦးနှင့် မိခင်ဖြစ်သူတို့ကို လက်ထိတ်ခတ် ဖမ်းဆီးစဉ်က ၎င်းတို့ကို နာကျင်အောင် ပြန်လည်တုံ့ပြန်ခဲ့သည်ဟုဆိုကာ ဆေးစစ်ချက်များ ရယူထားပြီး ၀တ္တရား နှောင့်ယှက်မှုဖြင့် ပြန်လည်အမှုဖွင့် တရားစွဲဆိုသွားမည်ဟုလည်း မလှိုင်နှင်းဦးတို့ မိသားစုအား ခြိမ်းခြောက် ပြောဆိုမှုများ ရှိခဲ့သည်။
အဆိုပါ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ မလှိုင်နှင်းဦးအား ရဲတပ်ဖွဲ့ဝင်များဘက်မှ ပြန်လည် တရားစွဲဆိုရန် ရှိ၊ မရှိနှင့် ပတ်သက်၍ ““လောလောဆယ်တော့ ကျွန်တော်တို့ကတော့ စစ်ကိုင်းတိုင်း တိုင်းရုံးကနေပြီးတော့မှ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့၊ စုံခုံဖွဲ့ပြီးတော့ စစ်ထားပြီးပြီဗျ။ ကျွန်တော်တို့ တပ်ဖွဲ့ကတော့ အကယ်၍ ကျွန်တော်တို့ဘက်က အမှားအယွင်းရှိရင် သက်ဆိုင်ရာစုံခုံဖွဲ့ စစ်ခဲ့ပြီပဲ။ သက်ဆိုင်ရာ တာဝန်ရှိသူက ရဲစည်းကမ်းအရ အရေးယူဖို့ရှိတာပဲ၊ ဒါပဲရှိတာလေ”” ဟု စစ်ကိုင်းမြို့ ရဲစခန်းရှိ စခန်းမှူး သိင်္ခ၀င်းက ပြောသည်။
အောင်ကိုဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
No comments:
Post a Comment