~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(ဖြတ်သန်းခဲ့ရသည့်သတင်းထောက်ဘ၀အတွေ့အကြုံ )
ပြီးခဲ့တဲ့ မတ်လ ၈ ရက်က အစ်မဖြစ်သူနဲ့ ညီမဖြစ်သူတို့ နှစ်ယောက် ရဲ့ မွေးနေ့အတွက် အလှူလုပ်ရအောင် ဆိုပြီး ပဲခူးတိုင်း၊ အင်းတကော် မြို့နယ်ထဲမှာရှိတဲ့ စံပြ ကျောက်တန်းရွာက ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတကျောင်းကို ရောက်ခဲ့ပါတယ်။ ရန်ကုန်-ပဲခူး ကားလမ်းပေါ်ကနေ အထဲကို ကွန်ကရစ်လမ်း၊ မြေနီလမ်းတို့က တစ်ဆင့်အထဲကို ၇ မိုင်ကျော်လောက် ၀င်ရပြီးမှ အဲဒီပရဟိတ ကျောင်းလေးကို ရောက်တာပါ။
မြင်လေ့မြင်ထရှိတဲ့အတိုင်း ရွာဘုန်းတော်ကြီး ပရဟိတ ကျောင်းဆိုတော့ သိပ်လည်း ခံ့ခံ့ညားညား ထည်ထည် ၀ါဝါတော့ မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တာ။ ဒုတ်ဒုတ်ထိ တွေ့တော့မှ မျက်လုံးပြူးသွားရတယ်။ သာမန် ရွာဘုန်းတော်ကြီးကျောင်း ဆိုပေမယ့် အရင့်အရင်က သစ်နဲ့တည်ဆောက် ထားတဲ့ ကျောင်းအနည်းငယ်နဲ့ အုတ်ခံ တိုက်ကျောင်းတွေ အများအပြားနဲ့ပါ။ ရွာကျောင်းဆိုပေမယ့် တကယ့်ကို အထက်တန်းကျတဲ့ ကျောင်းတစ်ခုပါ။
အလှူရှင် ဧည့်သည်တွေလာရင် မုန့်သရေစာနဲ့ ဧည့်ခံဖို့နေရာက သတ်သတ်၊ မုန့်စားပြီးရင် လက်ဖက်ရည်၊ ကော်ဖီနဲ့ ဧည့်ခံဖို့က သတ်သတ် တကယ့်ကို စနစ်တကျကို တည်ဆောက်ထားတာပါ။ အလှူသွားလုပ်တဲ့ အချိန်က ကျောင်းပိတ်ထားချိန်မို့ ကျောင်းသားတွေကို မတွေ့ရလောက်ဘူးလို့ ထင်ထားပေမယ့် နွေရာသီ ကျောင်းပိတ်ရက် ဖွင့်ထားတဲ့ ယဉ်ကျေးလိမ္မာ သင်တန်းမှာ တက်ရောက်နေတဲ့ကိုရင်၊ သီလရှင်နဲ့ အမျိုးသား၊ အမျိုးသမီး ယောဂီကလေးတွေက ၁၀၀ ကျော် ရှိပါတယ်။ ကျောင်းဖွင့်ကာလဆိုရင် သူငယ်တန်းကနေ ၁၀ တန်းအထိ ၄၀၀ ကျော် (၂၀၁၄-၂၀၁၅ ပညာသင်နှစ်) ရှိပါတယ်။ အဲဒီပရဟိတကျောင်းမှာ အစိုးရကျောင်းတွေ အပြင် လူငယ်တွေ ဖွံ့ဖြိုးရေးအတွက် ခေါင်းဆောင်မှုသင်တန်း၊ တွေးခေါ်မြော်မြင်မှု သင်တန်းတွေ၊ ဆွေးနွေးပွဲ တွေကိုလည်း စဉ်ဆက်မပြတ် ဆိုသလို လုပ်ပေးနေတာပါ။ အဲဒီကလေးတွေကို မွေးနေ့အလှူအဖြစ် နေ့လယ် စာ ကျွေးမွေးဖို့အတွက် သွားခဲ့တာပါ။
အဲဒီကိုသွားတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ တွေ့ခဲ့ရတာက ထုထည်ကြီးမားတဲ့ သစ်သားတွေနဲ့ တည်ဆောက် ထားတဲ့ စားပွဲ၊ ကုလားထိုင်တွေ ကို မြင်တွေ့ခဲ့ရတာပါ။ မောင်နှမတစ်သိုက် ကျောင်းဝင်းအတွင်း လှည့်ပတ် ကြည့်ရှုရင်း ပြောမိတာက တရုတ်တွေဆို သိပ်ကြိုက်မှာပဲလို့။
မွေးနေ့အလှူ ဆွမ်းကပ်ဖို့အတွက် စောသေးတာကြောင့် ဆရာတော်ဒေါက်တာ အရှင်ပညောဘာသ (ပန်းပျိုးလက်)ရဲ့ ဆောင်မမှုနဲ့ ““ပန်းပျိုးလက်တောစခန်း၊ ရုက္ခဗေဒနှင့် ငြိမ်းချမ်းရေးဥယျာဉ်””ကို သွားရောက် လေ့လာခွင့်ရခဲ့ပါတယ်။ အဲဒီဥယျာဉ်ဟာ ပဲခူးရိုးမနဲ့ ဆက်စပ်နေပြီး ဆရာတော်ရရှိတဲ့ န၀ကမ္မအလှူငွေတွေနဲ့ ၀ယ်ယူပြီး တည်ဆောက်ထားတာပါ။ ဧကပေါင်း ၇၀ ကျော်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆရာတော်ရဲ့ တစ်နိုင်တစ်ပိုင် လုပ်ဆောင်မှုပါ။
အဲဒီဥယျာဉ်ခြံထဲမှာ အလေ့ကျပေါက်တဲ့ သစ်ပင်ဝါးပင်တွေကို ထိန်းသိမ်းထားတာ တွေ့ရသလို ထူးထူးခြားခြား မြင်ခဲ့ရတာက အလေ့ကျပေါက်တဲ့ တောင်ထန်းတွေပါ။ တောင်ထန်းတွေက တခြားနေရာမှာ သိပ်အသုံးမတည့် ပေမယ့်လည်း အဲဒီကရတဲ့ ထန်းရွက်တွေကတော့ ဆရာတော်တို့ရဲ့ ကျောင်းမှာရှိတဲ့ အဆောင်တွေရဲ့ အမိုးအဖြစ် အသုံးတည့် နေပြန်ပါတယ်။
ဥယျာဉ်ခြံဝင်းအတွင်း ထပ်တွေ့ရတာကတော့ ကျွန်းသစ်တုံးတွေပါ။ အဲဒီကျွန်းသစ်တွေက ကျောင်းဆောက် လုပ်ဖို့အတွက် ဆရာတော့်ကို လာလှူဒါန်းထားတဲ့ ဟာတွေပါသလို ဆရာတော်က ၀ယ်ယူ စုဆောင်းထားရတဲ့ သစ်တွေလည်း ပါပါတယ်။ ဒီသစ်တွေကို ခွဲစိတ်ခြင်းမပြုဘဲ အရှိအရှိအတိုင်း ဆောက်လုပ်မယ်ဆိုတော့ ၀မ်းသာမိ ပါသေးတယ်။ ဒါ့အပြင် ဥယျာဉ်ခြံကနေ ပြန်လာပြီး ကလေးတွေကို မွေးနေ့အလှူ နေ့လယ်စာ ထမင်းမကျွေးခင် အလှူအတွက် ဆရာတော်က တရားပေးပါတယ်။
တိုက်ဆိုင်တယ်ပဲ ပြောရမလားမသိ။ ကျွန်းသစ်တွေ၊ သစ်တောတွေ မြင်ပြီးချိန်မှာ ဆရာတော်က သစ်တောတွေနဲ့ ပတ်သက်ပြီး မိန့်သွားတာရှိပါတယ်။ အဲဒါကတော့ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထား ကိုးကွယ်တဲ့ မြတ်စွာဘုရားဟာ မွေးဖွားစဉ်က အင်ကြင်းပင်အောက်မှာ၊ တရားထူးရတော့လည်း ဗောဓိ ညောင်ပင်၊ နိဗ္ဗာန်စံတော်မူတော့လည်း အင်ကြင်းပင်အောက်””တဲ့။ ထို့နည်းတူ သတ္တ၀ါအများစု ကျွတ် တန်းဝင်ဖို့ အတွက်လည်း အမျိုးအမည်မသိတဲ့ သစ်ပင်တွေအောက်မှာ တရားပြတော်မူခဲ့တာပါ။ ဒီတော့ မြတ်စွာဘုရားဟာ သဘာဝ ဖြစ်ပေါ်တဲ့သစ်တော၊ သစ်ပင်တွေကို ချစ်မြတ်နိုးတယ် လို့ ပြောနိုင်ပါတယ်တဲ့။ ဒီကနေ့ မြန်မာပြည်မှာ သစ်တောဖုံးလွှမ်းမှု ဧရိယာဟာ အတော့်ကို နည်းနေပါပြီတဲ့။ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လုပ်ဆောင်တဲ့ ဆရာတော်မို့လားမသိ။ သစ်တောတွေရဲ့ ပျက်စီးမှု အနေအထားတွေနဲ့ ပတ်သက်ပြီး တရားဟောတဲ့အခါမှာ ထည့်သွင်းဟောတော်မူပါတယ်။
အဲဒီလိုမျိုး ဆရာတော်က သစ်တောရဲ့ တန်ဖိုးရှိပုံ၊ သစ်တောတွေ ထိန်းသိမ်းဖို့ အတွက် ဆရာတော်ရဲ့ ၀ါယမစိုက်ထုတ် လုပ်ကိုင်နေပုံတွေကို ဟောတော့ မျက်စိထဲမှာ““သစ်တစ်ပင်ခုတ် ထောင်ဒဏ် ၃ နှစ်”” ဆိုတဲ့ သစ်တော ဦးစီးဌာနက ထုတ်ပြန်ထားတာကို မြင်ယောင်မိတယ်။
ထို့နည်းတူ သစ်အလုံးလိုက် ခိုးထုတ်ကြတဲ့ တရုတ်နိုင်ငံသားတွေကို ထောင်ဒဏ် ၆ လသာချတဲ့ ကိစ္စကလည်း အတွေးထဲ ၀င်လာမိတယ်။ သစ်တောနဲ့ ဆက်စပ်တဲ့ တရားဟောမှုအပြင် ဆရာတော်က အခုလက်ရှိ မြန်မာပြည်ရဲ့ လိုအပ်ချက်ဟာ အစိုးရကို မကောင်းဘူးချည်းပဲ ပြောနေမယ့်အစား ကိုယ်တတ်နိုင်တဲ့ ဘက်ကလုပ်ဖို့နဲ့ အခုလိုမျိုးလာရောက် လှူဒါန်းကြတဲ့အပေါ် သာဓုအနုမောဒနာ ခေါ်ပါတယ်လို့ တရားပေး ပါတယ်။
ဆရာတော်ရဲ့ ပရဟိတကျောင်းမှာ ကျောင်းဆောက်လုပ်ဖို့ စုဆောင်းထားတဲ့ သစ်တွေ၊ ကလေးတွေ စာသင်တဲ့ ကျောင်းဆောင်အတွက် ထိုင်ခုံတွေကို (ဓာတ်ပုံတွင်ကြည့်ပါ) တကယ့်ကို တန်ဖိုးရှိတဲ့ သစ်သားတွေနဲ့ လုပ်ထား တာပါ။ အထက်က ပြောခဲ့သလိုကို ရွှေတရုတ်တို့ အကြိုက်ချည်းပါပဲ။ ဒါပေမဲ့ ဒါကို ထိန်းသိမ်းရမှန်းသိတဲ့ ဆရာ တော်ရဲ့ စီမံကွပ်ကဲမှု၊ ဆရာတော်ရဲ့လုပ်ဆောင်မှုတွေကို အားပေး ကူညီကြတဲ့ သူတွေကိုတော့ ချီးကျူး မိပါတယ်။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားလို့ရတယ် ဆိုတဲ့စကားအတိုင်း ဆရာတော်ရဲ့ ပရဟိတ ကျောင်းကတော့ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေရဲ့ အနာဂတ် ထွန်းပြောင်စေဖို့ လုပ်ဆောင်မှုတွေ၊ သဘာဝ ပတ်ဝန်းကျင် မထိခိုက်အောင် တစ်ပိုင်တစ်နိုင် လုပ်ဆောင်မှုတွေကို လက်ရှိ အစိုးရမင်းများ နမူနာယူသင့် ပါတယ်။
တိုင်းပြည်ရဲ့လိုအပ်ချက်၊ တိုင်းပြည်ရဲ့ ပျက်စီးနေတဲ့အရာတွေကို ဆရာတော်လိုမျိုး တိုင်းပြည် ကောင်းကျိုး အတွက် လုပ်ဆောင်နေတဲ့သူတွေ အများကြီးပါ။ ဒီလိုမျိုး လုပ်ဆောင်နေရတာနဲ့ ပတ်သက်ပြီး ဆရာတော် မိန့်ထားသလို အစိုးရမကောင်းဘူးဆိုပြီး ပြောနေတာထက် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ တတ်နိုင်သလောက် လုပ်ဆောင်ရမယ် ဆိုတဲ့စကားအတိုင်း ဆရာတော် လုပ်ဆောင်နေတဲ့အပေါ်မှာ သာဓုခေါ်မိပါတယ်။ ဒါပေမဲ့ လည်း စောဒကလေး တစ်ခုလောက်တော့ တက်ပါရစေ။
အဲဒီလိုမျိုး ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ လုပ်ဆောင်မယ်ဆိုတဲ့ စိတ်ရှိတဲ့သူတွေက ဘာမှမပြောနေဘဲ လုပ်ဆောင်နေတာဟာ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ““မင်းတို့နေချင်သလိုနေပါ၊ တို့လည်းလုပ်နိုင် သလောက်လုပ်မယ်””လို့ အားပေးနေသလိုမျိုး ဖြစ်နေမလားလို့ပါ။ တာဝန်ရှိသူတွေကို သက်သာသလိုသာ နေခွင့် ပေးလိုက်သလိုမျိုး ဖြစ်နေသလားလို့ပါ။
တိုင်းပြည်ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး အဓိကတာဝန်ရှိသူက အစိုးရပါ။ လူမှုအဖွဲ့အစည်းတွေ၊ တစ်သီးပုဂ္ဂလ လုပ်ဆောင်သူ ဆိုတာက အဓိကတာဝန်ရှိသူ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ကတော့ ကိုယ်လုပ်နိုင်သလောက် နေမယ်၊ သူတို့လုပ်လုပ် မလုပ်လုပ်လို့ သဘောထားနေသရွေ့တော့ တာဝန်ရှိသူများက လျစ်လျူရှုနေဦးမှာပဲ ဆိုတာကို သိစေလိုကြောင့် စောဒက တက်လိုက်ရကြောင်းပါဘုရား။
အောင်ထွန်းလင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment