ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ သံအမတ် မစ္စတာ ရန်ဟို့လန်တို့ မေ ၁၈ရက်က တွေ့ဆုံစဉ်။(ဓာတ်ပုံ-MOI) |
တရုတ်နိုင်ငံဘက်သို့ မေ ၁၄ရက် နှင့် ၁၅ရက်က မြန်မာဘက်က လက်နက်ကျည် ထပ်မံကျရောက်သည့်အပေါ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်သံအမတ်တို့ မေလ ၁၈ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံ ဗဟိုအစိုးရက နှစ်နိုင်ငံ ဆက်ဆံရေးကို မထိခိုက် စေလိုသည့်အတွက် နောက်ထပ် ကျည်ကျရောက်မှု မဖြစ်ပွားစေရေး သတိထားရန် တရုတ်နိုင်ငံ သံအမတ် မစ္စတာ ရန်ဟို့လန်က ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အား ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က အမြောက်ကျည် တရုတ်ဘက်သို့ ကျရောက်မှုတွင် မရိုးသားမှု ရှိပြီး ရန်သူ့တောင်ကုန်း၏ အနေအထား၊ လက်နက်ကြီး ပစ်ခတ်မှု လမ်းကြောင်း အခြေအနေ နှင့် အကွာအဝေးအရ တပ်မတော်က စစ်ကြောင်းများက ပစ်ခတ်မှု လုံးဝမဖြစ်နိုင်ဟု တရုတ်သံအမတ်နှင့် တွေ့ဆုံစဉ် ငြင်းဆိုလိုက်သည်။
မေလ ၁၄ ရက်ညပိုင်းတွင် MNDAA အဖွဲ့များ နေရာယူထားသည့် ပွိုင့်-၂၀၇၁ တောင်ကုန်းမှ တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီး ပစ်ခတ်သံနှင့် မီးအလင်းတန်းများကို အစိုးရတပ်များက မြင်တွေ့ကြောင်း နှင့် မေလ ၁၄ ရက်ညပိုင်း ဘီပီ-၁၁၃ နှင့် ဘီပီ-၁၁၅ ဘက်တို့တွင် တရုတ်နိုင်ငံဘက်ခြမ်း၌ အမြောက်ကျည် ၄၀ လုံး ထက် မနည်း ကျရောက်ပေါက်ကွဲခြင်းနှင့် ပတ်သက်၍လည်း ထိုအချိန်တွင် အစိုးရတပ်မတော်ဘက်က ပစ်ခတ်တိုက်ခိုက်မှု မရှိ၍ မဖြစ်နိုင်ကြောင်း ငြင်းဆိုလိုက်ပြီး ထိုဖြစ်စဉ်ကို နှစ်ဘက်ကိုယ်စားလှယ်များ စစ်ဆေးမည်ဆိုပါက သဘောတူညီကြောင်း ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုလိုက်သည်။
မေလ ၁၄ရက် ညနေပိုင်း နှင့် ၁၅ရက် နံနက်တွင် တရုတ်နိုင်ငံဘက်ခြမ်း နမ်စန်မြို့အတွင်း မြန်မာ လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့သည်ဟု သတင်းများအရ သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ကလည်း နယ်စပ်ဖြတ်ကျော်လာသည့် အစိုးရတပ် စစ်လေယာဉ်ပေါ်မှ ဗုံးကျရောက်သဖြင့် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့သေးသည်။
မြန်မာ နိုင်ငံဘက်မှ ဗုံးဆန် များသည် တရုတ်ပိုင်နက် အတွင်းသို့ အကြိမ်ကြိမ် ကျရောက်ခဲ့သဖြင့် တရုတ်နိုင်ငံ အနေဖြင့် ဤကိစ္စနှင့် ပတ်သက်၍ မကျေနပ်ကြောင်း အလားတူ ထပ်မံ မဖြစ်ပွားရန် ဆောင်ရွက်စေလိုကြောင်းပြောကြားထားသည်။
တရုတ်နယ်စပ် ရှမ်းပြည်နယ် လောက်ကိုင်ဒေသတွင် အစိုးရ စစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့တို့အကြား မေ ၁၄ရက်က တိုက်ပွဲပြင်းထန်နေကြောင်း သတင်းများလည်းထွက်ပေါ်ခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment