ချင်းမိုင်၊ မေ ၁၉ ။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း (NCA) နှင့် ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ကြမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ ညီလာခံကို လာမည့် ဇွန် ၂ ရက်မှ ၆ ရက်ထိ ငါးရက်ကြာ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ လောခီးလာ တွင်ပြုလုပ် မည်ဖြစ်သည်။
မေလ ၁၉ ရက်တွင် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေး၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ၂၁ ဖွဲ့အား ဖိတ်စာပေးကို ထိုနေ့ တွင် ပင် ပေးပို့လိုက်ပြီး ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) က ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့အားလုံး တိုင်ပင်ပြီးတော့ ဒီနေ့မှ ဖိတ်စာထုတ်တယ်။ တိုင်းရင်းသားအဖွဲ့အစည်း အားလုံးကို ဖိတ်တယ်။ ၂၁ ဖွဲ့လောက်ရှိမယ်။ အရေးကြီး လာပြီလေ အခုအချိန်က၊ NCCT မပါတဲ့အဖွဲ့တွေကိုလည်း ဖိတ်တယ်။ UNFC ထဲမပါတဲ့ အဖွဲ့တွေကိုလည်း ဖိတ်တယ်”ဟု ၎င်းက ပြောသည်။
ညီလာခံတွင် အဓိကအားဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရေးကိစ္စ၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကိစ္စ၊ ဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်သွားရေးနှင့် လက်ရှိ လက်နက်ကိုင်အဖွဲ့အစည်း သုံးဖွဲ့အား တိုက်ခိုက်နေမှု ရပ်ဆိုင်းရေးကိစ္စနှင့် ပန်ဆန်း ထိပ်သီးအစည်းအဝေး ရလဒ်များနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးသွားမည်ဟု ၎င်းက ပြောသည်။
“တိုင်းရင်းသား အချင်းချင်းကြားမှာ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပြေပြေလည်လည်ဖြစ်ဖို့ အားလုံး ပြန်ညှိမယ့်သဘောပါ။ ပန်ဆန်းမှာတုန်းကတော့ အဖွဲ့ ၁၂ ဖွဲ့ပဲဆိုတော့ အကန့်အသတ်ဖြစ်သွားတာကိုး။ အခုကြတော့ အကုန်လုံး ကျယ်ကျယ်ပြန့်ပြန့် ပြန်ဖိတ်လိုက်တာ”ဟု ခွန်ဥက္ကာက ပြောသည်။
အစောပိုင်းက မေလ ၂၀ ကျော်တွင် ညီလာခံ ကျင်းပရန် စီစဉ်ခဲ့သော်လည်း တချို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အဆင်သင့် မဖြစ်သေး၍ ဇွန်လပထမပတ်သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း (NCA) အပေါ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များထံ တင်ပြ၍ တိုင်းရင်းသားခေါင်းဆောင် များက ပြန်လည် သုံးသပ်၍ ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက မေ ၁၈ရက်က မဇ္ဈိမကို ပြောထားသည်။
ထို့ပြင် လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော တအာင်း တပ်မတော်(TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA)တို့ NCCT အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်မည့် ကိစ္စကိုလည်း ဆွေးနွေး ဆုံးဖြတ်ရန် ရှိသည်။
ထိုညီလာခံ မတိုင်မီ NCCT အဖွဲ့ဝင်များ၏ အစည်းအဝေးကို မေလ ၂၅၊ ၂၆ ၊ ၂၇ ရက်များတွင် ထိုင်းနယ်စပ် တစ်နေရာတွင် ကျင်းပမည် ဖြစ်ကြောင်း သူကပြောသည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း NCA ပါ အချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီ (UPWC) နှင့် NCCT တို့ ရန်ကုန်မြို့တွင် ဆွေးနွေး၍ သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment