တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတွင် ပါဝင်သော အခြေခံအချက် ၁၀၄ ချက်သည် အစိုးရဘက်က တောင်းဆိုသော အချက်များတစ်ခုမျှ မပါဝင်ဘဲ တိုင်းရင်းသားများ တောင်းဆိုသော အချက်များကိုသာ ထည့်သွင်းထားခြင်းဖြစ်ကြောင်း သမ္မတရုံး ၀န်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မေလ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော သမ္မတနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံ ပွဲ၌ ပြောကြားလိုက်သည်။
အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော နိုင်ငံရေးပါတီ အများစုမှာ ငြိမ်းချမ်းရေးကိစ္စများအား အဓိကထား ဆွေးနွေးကြပြီး အဆိုပါ ငြိမ်းချမ်းရေးကိစ္စများ လုပ်ဆောင်နေမှုများအပေါ် အစိုးရဘက်က အဓိက ဦးဆောင် ဆောင်ရွက်နေသူ ဦးအောင်မင်းက နိုင်ငံရေးပါတီများကို ယခုကဲ့သို့ ထည့်သွင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
““စာချုပ်အကြောင်းကို ပြောရမယ်ဆိုရင် စာချုပ်ထဲမှာ အခြေခံအချက် ၁၀၄ ချက်ပါတယ်။ အဲဒီ ၁၀၄ ချက်က အစိုးရဘက်က တောင်းဆိုချက်တွေ တစ်ခုမျှမဟုတ်ပါ။ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ အချက်တွေကို ဥပဒေနဲ့အညီ ခွင့်ပြုလို့ရတဲ့ ကိစ္စတွေ အားလုံးကို သဘောတူ ပေးခဲ့ တာပဲ ဖြစ်ပါတယ်။ အဲဒီ ၁၀၄ ချက် ထဲမှာလည်း တချို့ပညာရှင်တွေက ဒါတွေက မပြည့်စုံဘူး။ ဒါကို လက်မှတ်ထိုးလိုက်ရင် အစိုးရရဲ့ ထောင်ချောက်ထဲကို မင်းတို့ ရောက်သွားမယ်လို့ ပြောနေတာ ရှိပါတယ်”” ဟု သမ္မတရုံးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ေ ရး လုပ်ငန်းကော်မတီ (UPWC) မှ ခေါင်းဆောင်များ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်းကို မတ်လ ၃၁ ရက်တွင် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ၌ သဘောတူ ရေးထိုးထားနိုင်ခဲ့သည်။
““အဲဒီ အချက်အလက်တွေက ပထမဆုံး မူကြမ်းကတော့ ကျွန်တော်တို့ဘက်က တင်တာတော့ ရှိတယ်။ အများကြီးပေါ့။ ဒါပေမဲ့ ညှိနှိုင်းပြီးတော့ သူတို့ရဲ့အမြင်နဲ့ ကျွန်တော်တို့ရဲ့အမြင်နဲ့ နှစ်ဖက်စလုံးရဲ့ အမြင် သဘောထားပဲ ဖြစ်တယ်လေ။ ဘယ်သူရေးရေးပေါ့ဗျာ။ သူတို့ဘက်က တင်တဲ့ အချက်တွေလည်း ပါတယ်။ ဒါကတော့ နှစ်ဖက်စလုံး ညှိနှိုင်းပြီးတော့ ချမှတ်ထားတာဖြစ်တော့ နှစ်ဖက်စလုံးရဲ့ အမြင်သဘောထားနဲ့ စုပေါင်းထားတဲ့ အချက်တွေလို့ပဲ ပြောလို့ရတယ်””ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက မြန်မာသံတော်ဆင့်သို့ ပြောသည်။
အဆိုပါ NCA မူကြမ်းကို ယခုအချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထိပ်သီးညီလာခံ ခေါ်ယူကာ တိုင်းရင်းသား ခေါင်းဆောင်များ၏ သဘောတူညီချက်အား ရယူရဦးမည်ဖြစ်ကာ သဘောတူညီမှုရမှသာ NCA အပြီးသတ် လက်မှတ်ထိုးရေး ဆောင်ရွက်ရမည်ဖြစ်သည်။
““NCA ထဲမှာရှိတဲ့ စကားလုံးတွေက သူတို့ ထည့်ချင်တဲ့ စကားလုံး များတာပေါ့။ ကျွန်တော်တို့ ထည့်ချင်တဲ့ စကားလုံးတွေက မပါသလောက်ပါပဲ။ ကျွန်တော်တို့က ခေါင်းကြီးမှာ စဆွေးနွေးကတည်းကိုက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများလို့ သုံးထားတာ။ ဒါပေမဲ့ ကျွန်တော်တို့က ထည့်ခွင့်မရဘူး။ သူတို့က အဲဒါကို လုံးဝခါးခါးသီးသီးမြင်တာ။ အဓိက စစ်တပ်ဘက်ကပေါ့ဗျာ။ နောက် တစ်ချက်က တိုင်းပြည်မှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခက ပြည် တွင်းစစ်လို့ ကျွန်တော်တို့ကမြင်တာ။ သူတို့က သုံးခွင့်မပေးဘူး။ ကျွန်တော်တို့ကို ခုလက်ရှိ သူတို့စိတ်ထဲမှာ သောင်းကျန်းသူလို့ပဲ ထင်ထားဆဲဖြစ်တာကို””ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုကော်မတီဝင် ရဲဘော် ဆလိုင်းယောအောင် က ပြောသည်။
NCA အပြီးသတ် လက်မှတ်ရေးထိုးရန် နီးကပ်နေပြီဟု ပြောကြားမှုများ ရှိနေသော်လည်း အစိုးရဘက်မှ ယခု အချိန်အထိ အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ တအာဝ်း လွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရခိုင်တပ်မတော် (AA)တို့နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/

No comments:
Post a Comment