Monday, May 18, 2015

မဏ္ဍိုင်ပြုရမည့်အရာ - အယ်ဒီတာ့အာဘော်

 မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပြေလည်စေရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အဓိကသော့ချက် ပြဿနာဖြစ်ကြောင်း အကြိမ်ကြိမ် တင်ပြခဲ့ပြီးဖြစ် သည်။ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပြေလည် ၍ ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်၍ ပြည်သူများ ဘ၀အခြေ မြင့်နိုင်ပေ လိမ့်မည်။ နိုင်ငံနှင့်ပြည်သူတို့၏ ကံကြမ္မာမှာ အဆိုပါ အခြေခံဥပဒေ ပြဿနာ အား ဖြေရှင်းနိုင်မှု အတိုင်းအတာပေါ် မူတည်နေသည်။ ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်ပြီး တန်းတူညီမျှမှုကို အာမခံချက် ပေးနိုင်သော အခြေခံဥပဒေ ရှိလာမှသာ မြန်မာပြည်သူများ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရရှိနိုင်ကြ လိမ့်မည်။ ထို့ကြောင့်နိုင်ငံနှင့် တိုင်းရင်းသား ပြည်သူအပေါင်း၏ အနာဂတ်ကံကြမ္မာ ကောင်းမွန်ရေးအတွက် ၂၀၀၈ အခြေခံ ဥပဒေကို ပယ်ဖျက်၍ အသစ်ရေးဆွဲခြင်း(သို့မဟုတ်) လက်ရှိ အခြေခံဥပဒေပါ အရေးကြီးသော ပြဋ္ဌာန်းချက်များကို ဒီမိုကရေစီ စံနှုန်းများနှင့် ညီညွတ်အောင် ပြင်ဆင်ခြင်းကို မလွဲမသွေ လုပ်ဆောင်သွားရမည် သာဖြစ်သည်။

လက်ရှိ အခြေအနေတွင် အခြေခံ ဥပဒေပြင်ဆင်ရေးကို မြန်မာပြည်သူ လူထုက တစ်ခဲနက် ဆန္ဒပြုထားကြ သော်လည်း အဓိကကျ သည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်ပေးမည့် အရိပ်အယောင် မမြင်ရသေးပေ။ လွှတ်တော် အတွင်း ပြင်ဆင်ရေး လမ်းကြောင်း သက်သက်ဖြင့် အခြေခံဥပဒေကို ထိထိရောက်ရောက် ပြင်ဆင်ရန် မဖြစ်နိုင်သည့် အနေအထားကြောင့် လွှတ်တော်ပြင်ပ နိုင်ငံရေး လှုပ်ရှားမှုများဖြင့် အခြေခံဥပဒေ ပြင်ဆင်နိုင်ရန် ကြိုးပမ်းကြရမည့် အခြေအနေမျိုး ဖြစ်နေသည်။ ရွေးကောက်ခံ ပုဂ္ဂိုလ် အများစု၏ ဆန္ဒဖြင့် အခြေခံဥပဒေကို ပြင်ဆင်နိုင်ခွင့် မရသည့် ကာလပတ်လုံး လွှတ်တော်ပြင်ပ နိုင်ငံရေးက အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွန်စွာအရေးပါ နေလိမ့်ဦးမည်သာ ဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးကို ရှေးရှုသော ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး သည်လည်း တစ်ကြိမ်သာ မြင်တွေ့ခဲ့ရပြီး ဘယ်အချိန် ထပ်မံတွေ့ဆုံကြပြီး မည်မျှရလဒ် အဖြေထွက်မည်ကို မှန်းဆ၍ မရသေးပေ။ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကာလ နီးသထက် နီးကပ်လာသော်လည်း အခြေခံဥပဒေ ပြင်ဆင်ရေးက မရေရာ မသေချာသေး။ ယခုလွှတ်တော် သက်တမ်းမကုန်ခင် အဓိကကျသော ပြဋ္ဌာန်းချက်များ ပြင်ဆင်နိုင်မည့် အလားအလာက နည်းသထက် နည်းလာသည်။

မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်၍ တန်းတူညီမျှ အခွင့်အရေးကို အာမခံနိုင်မည့် အခြေခံဥပဒေ ဖြစ်လာရေးအတွက် မိမိတို့ပြည်သူများအနေနှင့် တစိုက်မတ်မတ် တိုက်ပွဲဝင်သွားရဦးမည် သာဖြစ်သည်။ အကယ်၍ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူက ဆန္ဒပြုထားသည့်အတိုင်း ပြင်ဆင်ပေးခြင်းမရှိပါက ရွေးကောက်ပွဲအလွန် ကာလတွင် ပြင်ဆင်နိုင်မည့် အခွင့်အရေးများ ပိုမိုကျယ်ပြန့် လာစေရန် ကြိုးပမ်း အားထုတ် သွားကြရမည် ဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်နိုင်မည့် အခွင့်အရေးများ ပိုမိုကျယ်ပြန့်စွာ ရရှိလာရေးအတွက် ၂၀၁၅ ရွေးကောက်ပွဲအလွန် ကာလတွင် ပြည်သူ့ဘက်တော်သားများ နေရာ ရရှိလာရန် လိုအပ်သည်။

နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွားအတွက် အခြေခံဥပဒေကို ထိရောက် စွာ ပြင်ဆင်ရန် ကြိုးပမ်းနေကြသော ပြည်သူ့ ဘက်တော်သားများကို ၂၀၁၅ ရွေးကောက်ပွဲ၌ တစ်ခဲနက်မဲပေး ရွေးချယ်ကြခြင်းဖြင့် ရွေးကောက်ပွဲ အလွန် ကာလများ၌ အခြေခံဥပဒေ ပြင်ဆင်ရေး အလားအလာ ပိုမိုရာခိုင်နှုန်း များလာပေလိမ့်မည်။ ရွေးကောက်ပွဲ မတိုင်မီ ကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန် ကာလများ၌ ဖြစ်ပေါ်နေ မည့် ပြည်သူလူထု၏ နိုင်ငံရေးနိုးကြားမှု၊ နိုင်ငံရေး၌ ပါဝင်ပတ်သက်မှုတို့ သည် အခြေခံဥပဒေ ပြင်ဆင်ရေးကို မဏ္ဍိုင်ပြုထားစေ ရမည်။

ပြည်သူတို့၏ ထောက်ခံအားပေးမှု၊ ပါဝင်ပတ်သက်မှုတို့ဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေး ဦးတည်သော လွှတ်တော်ပြင်ပ နိုင်ငံရေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့်ကာ အဆက်မပြတ် ဖိအားပေးတောင်းဆို သွားခြင်းဖြင့် အာဏာရှင်စနစ်ကို အငုတ်ပါမကျန် ဖယ်ရှားနိုင်မည် ဖြစ် ပါကြောင်း တင်ပြလိုက်ရပါသည်။

အယ်ဒီတာ

၁၃-၅-၂၀၁၅

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment