Saturday, May 23, 2015

မြစ်ဝကျွန်းပေါ် ဒေသများနှင့် ချောင်းသာ ၊ ငွေဆောင်တို့တွင် လှိုင်းကြီး ရေကြီးမှုများဖြစ်နိုင်

U Chit Kyaw

ရန်ကုန် (မဇ္ဈိမ) ။ ။ လေဖိအားနည်ရပ်ဝန်း အားပျော့ သွားသော်လည်း မုတ်သုံလေအားကောင်းပြီး တိမ်တိုက်များဖြစ်ပေါ်နေသည့် အတွက် မြစ်ဝကျွန်းပေါ်ဒေသများ နှင့် ချောင်းသာ၊ငွေဆောင် ကမ်းခြေ ဒေသများတွင် လှိုင်းကြီးပြီး ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက မဇ္ဈိမကို ပြောသည်။

မုတ်သုံလေအားကောင်းမှုကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း စသည့်နေရာတို့တွင် နေရာအနှံ့အပြားမိုးရွာနိုင်ပြီး ကမ်းရိုးတန်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ လှိုင်းကြီးနိုင်သည်ဟု ၎င်းက ဆိုသည်။

ဦးလှထွန်းက “လေဖိအားနည်းရပ်ဝန်းက အားပျော့သွားတဲ့အတွက် မုန်တိုင်းမဖြစ်ပေါ်တော့ဘူး။ ဒါပေမယ့် တိမ်တိုက်တွေကတော့ ကျန်ရှိနေသေးတဲ့အတွက် မြစ်ဝကျွန်းပေါ်ဘက်တွေမှာလှိုင်းကြီးမယ် မိုးသည်းထန်စွာ ရွာသွန်းမယ်။ မိုးသက်လေပြင်းတွေကျမယ်” ဟု မေ ၂၂ ရက်ညနေ ၅ နာရီခန့်က ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဒုညွှန်ကြားရေးမှူး(ငြိမ်း) ဦးချစ်ကျော်ကလည်း “ရခိုင်ကမ်းရိုးတန်းတလျောက် မိုးလေဝသ အခြေအနေ ပိုပြင်းထန်လာမယ်လို့ ပြနေပါတယ်။ ပိုပြင်းလာမယ်ဆိုတာ မနေ့ကထက် ပိုမယ်ပြောတာပါ။ အထူးသဖြင့် သံတွဲ၊ ကျောက်ဖြူ၊ ဂွ၊ ပုသိမ် ၊(ချောင်း သာဘက်၊ ငွေဆောင်ဘက် ) မိုးပိုလိုက်လာမယ် ”ဟု ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားဦးစီးဌာန၏ မေ ၂၂ ရက် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းပြီး တစ်ပြည်လုံးတွင် မိုးထစ်ချုန်း ရွာသွန်းခဲ့သည်ဟု သိရသည်။

Credit - Mizzima News

No comments:

Post a Comment