ပုသိမ်၊ မေ ၂၀
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း အသုံးပြုမည့် မဲရုံအရေအတွက်မှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲရုံအရေအတွက်ထက် ပိုမို များပြားနိုင်ကာ မဲရုံအရေအတွက် ၆၀၀၀ ကျော် ရှိလာမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသ ကြီး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က မေလ၂၀ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
သွားလာရခက်ခဲသော ဒေသများအတွင်း မဲရုံများတိုးချဲ့ တည်ဆောက်ရန် ပြင်ဆင်ထားခြင်းကြောင့် ယခုကဲ့သို့ မဲရုံများ တိုးလာနိုင်ခြင်းဖြစ်ပြီး အချို့မြို့နယ်များတွင်မူ မဲရုံများ လျှော့ချသွားရန် လည်း ပြင်ဆင်ထားသည်။
““၂၀၁၅ ရွေးကောက်ပွဲမှာ မဲရုံအရေအတွက် ပိုများလာနိုင်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ဧရာဝတီတိုင်းအတွင်း မဲရုံ ၅၈၁၄ ရုံရှိခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ မဲရုံ ၆၀၀၀ ကျော်လောက် ဖြစ်လာလိမ့်မယ် ထင်တယ်။ အတိအကျတော့ မသိရသေးဘူး။ စာရင်းပြုစု နေတုန်းပါ။ ဒီလိုဘာကြောင့် များလာရသလဲဆိုတော့ တချို့သွား လာရ ခက်ခဲတဲ့ ရွာတွေရှိပါတယ်။ တချို့က တစ်ရွာနဲ့တစ်ရွာ မတည့်ကြပါဘူး။ ဟိုဘက်ရွာမှာ မဲရုံထားလို့ ဒီဘက်ရွာက လူတွေမဲလာ မထည့်ဘူးဆိုတာ မဖြစ်ရအောင် စီစဉ်ရတာပါ။ မဲရုံလျော့သွားတဲ့ မြို့နယ်တွေလည်း ရှိပါတယ်။ ဟင်္သာတမှာ ၅၄ ရုံ လျော့သွားပါတယ်။ လေးမျက်နှာမှာ ၁၈ ရုံ လျော့သွားပါတယ်။ ဒါတွေကတော့ တချို့ကျောင်းတွေမှာ မဲရုံ ၂ ရုံထားတာ တွေရှိပါတယ်။ ၂ ရုံထားဖို့ မလိုအပ်ရင် ၁ ရုံထဲ ထားလိုက်တယ်။ ဒါ ကြောင့် လျော့သွား တာပါ””ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်း အခြေခံ မဲဆန္ဒရှင်စာရင်းများကို လက်ရှိအချိန်တွင် ပြုစုနေဆဲ ဖြစ်ပြီး တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ရှေ့ပြေးစာရင်းများအရ မဲပေးခွင့်ရှိသူ ဦးရေမှာ ကျား ၁ ဒသမ ၉၇ သန်း နှင့် မ ၂ ဒသမ ၁၀၄ သန်းရှိရာ စုစုပေါင်း မဲပေးခွင့်ရှိသူဦးရေ ၄ ဒသမ ၀၇ သန်းရှိသည်။ မဲဆန္ဒရှင်စာရင်း ပြုစုမှု အကြမ်းပြီးစီးသည့် မြို့နယ်များမှာ ပုသိမ်ခရိုင်တွင် ကန်ကြီးထောင့်၊ သာပေါင်း၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်း၊ ဟင်္သာတခရိုင် တွင် လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်းမြို့နယ်တို့ ဖြစ်သည်။
ယင်းသို့ မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် အကူအညီ ရရှိမှုများနှင့် ပတ်သက်၍““International Foundation for Election System(IFES) က အန်ကယ်တို့ကို ကွန်ပျူတာတွေ ပံ့ပိုးပြီး အသုံးပြုတဲ့ ဆော့ဖ်ဝဲနည်း ပညာတွေကို သင်တန်းပေးတဲ့အခါမှာ ပုသိမ်ခရိုင်နဲ့ ဟင်္သာတခရိုင်က အရင်ရခဲ့တယ်။ ကျန်တဲ့မြို့နယ်တွေက နောက်ကျပြီး အလုံအလောက် မရရှိတဲ့အတွက် အခုလို မဲစာရင်းတွေ နောက်ကျရတာ ပါ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေလလယ်မှာ မဲဆန္ဒစာရင်းတွေ ကပ်ရမယ်ဆိုပေမယ့် အဲဒီအချိန်မှာ အန်ကယ်တို့ တိုင်းအနေနဲ့ပြီးတဲ့ မြို့နယ်တွေမှာပဲ ကပ်နိုင်ပါမယ်။ ကျန်တဲ့မြို့နယ်တွေကတော့ ပြီးတော့မှပဲ ကပ်နိုင်မှာပါ။ အမြန်ပြီးအောင်လို့လည်း နှစ်ဆိုင်း ၃ ဆိုင်းခွဲပြီး ဆောင်ရွက်နေပါတယ်။ အန်ကယ် တို့က သြဇာအာဏာ မရှိတော့ သြဇာအာဏာရှိတဲ့ ထွေအုပ်ရဲ့ အကူအညီနဲ့ ကျောင်းတွေမှာရှိတဲ့ မာလ်တီ မီဒီယာ တွေကနေ ကွန်ပျူတာနဲ့ ကျွမ်းကျင်သူတွေ ငှားသုံးရပါတယ်”” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့် က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြည်တွင်း အခြေစိုက် ရွေးကောက် ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များနှင့် အတူ ပြည်ပစောင့်ကြည့် လေ့လာရေးအဖွဲ့အနေဖြင့် ကာတာ စင်တာကလည်း တရားဝင် ကမ်းလှမ်းထားမှုများရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်၌ ကျင်းပသော အထွေထွေ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်း မဲပေးပိုင်ခွင့်ရှိသူဦးရေ ကျား (၁၈၈၂၀၂၁)ဦး၊ မ (၂၀၁၉-၃၁၉)ဦး၊ စုစုပေါင်း (၃၉၀၁၃၄၀) ဦးရှိခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲရုံး စာရင်းများတွင် ဖော်ပြပါရှိသည်။
ရဲရင့်ထွန်း(ပုသိမ်)
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
No comments:
Post a Comment