Saturday, May 23, 2015

အစိုးရအဖွဲ့ကို အပြစ်မတင်ဖို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးပြော

 ရန်ကုန်၊ မေ ၁၉

အစိုးရအဖွဲ့၏ လုပ်ဆောင်မှုများသည် ကောင်းမည်ထင်၍ ဆောင်ရွက်မှုများ သာ ဖြစ်သောကြောင့် မအောင်မြင် လျှင်လည်း အပြစ်မတင် သင့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မေလ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ပွဲ၌ ပြောကြားလိုက်သည်။

နိုင်ငံကောင်းမည်ထင်၍ နိုင်ငံရေးသမားများ ထောင်ကျခံကာ ဆောင်ရွက်ခဲ့သလိုပင် အစိုးရအဖွဲ့သည် လည်း နိုင်ငံကောင်းမည်ထင်၍ အသက်၊ သွေး၊ ချွေးများရင်းကာ ဆောင်ရွက်ခဲ့သော်လည်း ယနေ့မအောင်မြင်မှ အစိုးရအဖွဲ့ကို အပြစ်မတင်သင့်ကြောင်း ဦးတင်အေးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

““တစ်ပါတီနဲ့ တပ်မတော် အုပ်ချုပ်သွားတဲ့အခါ၊ ဖိနှိပ်ထားတဲ့အခါ တော်လှန်ချင်တဲ့ စိတ်တွေပဲ ကိန်းအောင်း တယ်။ တော်လှန်ချင်တဲ့စိတ်တွေ၊ မကောင်းမမြင်ချင်တဲ့ စိတ်တွေနဲ့ ဒါဖြစ်တယ်။ ယနေ့ ပွင့်လင်းစွာ ပြောတဲ့ အခါကျတော့ ဘာပြောပြော အဆိုးချည်းပဲ။ အစိုးရဘာလုပ်လုပ် အဆိုးချည်းပဲ။ ဒီတိုင်း ခင်ဗျားတို့ သွားလို့ မရဘူး။ ကျွန်တော် ပြောခဲ့ဖူးတယ်။ ကျွန်တော်တို့တွေ အစိုးရဖွဲ့တယ်။ မကောင်းတာတော့ မလုပ်ခဲ့ဖူးဘူး။ ကျွန်တော်လည်း တာဝန် ထမ်းဆောင်ဖူးပါတယ်။ နိုင်ငံကောင်းမယ်ထင်လို့ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ ရင်းပြီးတော့ လုပ်ခဲ့ပါတယ်။ ယနေ့ မအောင်မြင်ဘူး။ ခင်ဗျားတို့ အပြစ်တင်စရာ မလိုဘူး။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း မကျေနပ်ဘူး။ အစိုးရလည်း မကောင်းတာ လုပ်တာပဲ။ နိုင်ငံရေးသမားလည်း ထောင်ကျခံပြီး ကောင်းစေချင်လို့ လုပ်တာပဲ။ Sanction ကြီးလုပ်ပါ။ နိုင်ငံတော်ကို ပိတ်ဆို့ပစ်စမ်း ပါလို့ ပြောတာ ကောင်းစေ ချင်လို့ပြောတာပဲ။ လူတိုင်းလူတိုင်း က ကောင်းမယ်ထင်လို့ လုပ်ခဲ့တာ။ ယနေ့မစားမထွက်တဲ့ အခါကျမှ အစိုးရအဖွဲ့ကို သွားမယ်ထင်သလား။ ထင်သင့်သလား။ ဒါတွေမလုပ်ပါနဲ့””ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် တပ်မတော်အစိုးရ လက်ထက်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၌ လည်း ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကာ ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီမှ မန္တလေးတိုင်း၊ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

““ကျွန်တော်တို့က အဲဒီဆွေးနွေးပွဲကို တက်တာ။ အဲဒီလို ပြဿနာမျိုးကို ညှိနှိုင်းလို့ သွားတာမဟုတ်ဘူး။ ရှေ့ ကို နိုင်ငံအတွက် တိုးတက်မယ့်အရာ ကို မျှော်မှန်းပြီးသွားတာ။ အဲဒီလိုပြောတဲ့ ဟာမျိုးကို စိတ်မ၀င်စားဘူး။ အပြစ်တင်တယ် မတင်တယ်ဆိုတာ လုပ်ရပ်ပေါ်မှာ မူတည်ပါလိမ့်မယ်။ ကျွန်တော်တို့က ခုချိန်ထိတော့ ဘာကို အပြစ်တင်ရမယ် ဆိုတာ မပြောနိုင်သေးဘူး။ ၂၀၁၅ ရွေးကောက်ပွဲက အဓိက ဖြစ်ပါလိမ့်မယ်””ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဦးဉာဏ်ဝင်းက ပြောသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ဥပဒေနှင့် မညီသောကြောင့် အသစ်ပြန်လည် ဖွဲ့စည်းရန် လက်မှတ်ထိုး လှုပ်ရှားမှုများလည်းရှိသည်။

““အပြစ်တွေကို ကျူးလွန်တာ သူတို့ကိုယ်တိုင်ပဲ။ ဗိုလ်ချုပ်တင်အေး ဆိုတာက အရင်အုပ်ချုပ်ရေး အဖွဲ့တွေမှာ ပါခဲ့တဲ့ လူကြီးတွေပေါ့။ အရင်အစိုးရ လက်ထက်မှာ လုပ်ခဲ့တဲ့ အပြစ်တွေက အများကြီးပဲဗျာ။ အရင်တုန်းက နိုင်ငံရေး သမားတွေ ကိုတောင်မှ ညှဉ်းပန်းနှိပ်စက် တိုင်းပြည်က ဒုက္ခဆင်းရဲနဲ့ကြုံရ။ အဲဒီလိုတွေက သူတို့ လုပ်ခဲ့ကြတာပဲ။ အပြစ်မတင်ဘူး တင်တယ်ကတော့ ပြည်သူလူထုကပဲ ပြော ပါလိမ့်မယ်။ ကော်မရှင်လူကြီးတွေ ကိုယ်၌က ဘက်လိုက်ပြီး တရားမျှတမှုမရှိဘဲ ပြောနေမှတော့ ရွေးကောက်ပွဲက တရားမျှတမှု ရှိမလားဆိုတာ သံသယရှိတယ်”” ဟု ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဒေးဗစ်လှမြင့် က ဝေဖန်ပြောကြား သည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment