Friday, May 22, 2015

မုတ်သုံလေ အားကောင်းသည့်အတွက် ကမ်းရိုးတန်းဒေသတွင် မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်

ရန်ကုန် (မဇ္ဈိမ) ။ ။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အားပျော့သွားသည့်အတွက် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ မရှိသော်လည်း မုတ်သုံလေ အားကောင်းနေသည့် အတွက် ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအမြင့်ပေ ၈ပေခန့်အထိရှိ နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက မဇ္ဈိမကို ပြောသည်။

မုတ်သုံလေ အားကောင်းမှုကြောင့် မြစ်ဝကျွန်းပေါ်ဒေသများ၊ မွန်၊ တနင်္သာရီတိုင်းဒေသများ နှင့် ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်းများသည် တစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

ဦးလှထွန်းက “ကျွန်တော်တို့ အစောပိုင်းတုန်းက ထုတ်ပြန်ထားတာကတော့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နေသည့်အတွက် မုန်တိုင်းတစ်ခုဖြစ်ပေါ်နိုင် တယ်လို့ ပြောတာပါ။ ယခု ညနေပိုင်း တိုင်းထွာချက်အရတော့ လေဖိအားနည်းရပ်ဝန်း တစ်ခုဟာ အားပျော့တဲ့အတွက် မုန်တိုင်းက မရှိနိုင်တော့ဘူး” ဟု မေ ၂၁ ရက် ညနေ သုံးနာရီခန့်က ဆိုသည်။

“ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်း ကျရောက်ပြီးတော့ လှိုင်းကြီးနိုင်တယ်။ ဒါကြောင့် ကမ်းရိုးတန်း တစ်လျှောက်မှာ လုပ်ကိုင်နေတဲ့ လှေလုပ်သားတွေ အထူးဂရုစိုက်သင့်ပါတယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။

သို့သော်လည်း မိုးလေဝသပညာရှင် ဦးထွန်းလွင်ကမူ တိမ်တိုက်ထဲတွင် ခရုပတ်ခွေတိမ်တိုက် (Spiral band) များလည်း တွေ့နေရသည့်အတွက် မုန်တိုင်းတစ်လုံး ဖြစ်လာဖွယ်ရာရှိသည်ဟု ခန့်မှန်းထား ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။


Credit - Mizzima News

No comments:

Post a Comment