Friday, May 22, 2015

ဖမ်းဆီးခံ ကျောင်းသားကျောင်းသူများ ပြန်လည်လွတ်မြောက်ရေးအတွက် မန္တလေးဗကသကျောင်းသားများနှင့် ဒေသခံပြည်သူတို့ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မေ ၂၀

ဒီမိုကရေစီပညာရေး ရရှိရေးအတွက် သပိတ်မှောက်တိုက်ပွဲဝင်ခဲ့ကြသော ဖမ်းဆီးခံကျောင်းသား ကျောင်းသူနှင့် ၀န်းရံပြည်သူများ ပြန်လည် လွတ်မြောက်ရေးအတွက် မန္တလေး ဗကသအဖွဲ့ဝင်ကျောင်းသားများနှင့် ၀န်းရံ ဒေသ ခံ ပြည်သူများက မေလ ၂၀ ရက် နေ့လယ် ၁၁နာရီတွင် အမရပူရမြို့နယ်တရားရုံးမှ မန္တလေးဘူတာကြီး အထိ ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ် ပြုလုပ်ခဲ့ကြောင်း မန္တလေးဗကသအဖွဲ့ဝင် ကိုရဲရင့်ပိုင်မှူးက မတ်လ ၂၀ရက် တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။

၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်တွင်ပြုလုပ်ခဲ့သည့် ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအကြို သဘောတူညီချက် ၉ ချက်တွင် ဒီမိုကရေစီ ပညာရေးသပိတ်တွင် ပါဝင်သူများနှင့် ၀န်းရံပြည်သူများကို အရေးယူခြင်းမပြုဟု သဘော တူညီခဲ့သော်လည်း မတ်လ ၁၀ ရက်က လက်ပံတန်း၌ ဒီမိုကရေစီပညာရေးသပိတ်
အကြမ်းဖက်ဖြိုခွင်းခံ ရပြီး ကျောင်းသားကျောင်းသူနှင့် ၀န်းရံကူညီသော ပြည်သူများအား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည့်အတွက် ယခု ကဲ့သို့ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခြင်းသည်။…

““အဓိကမပြီးဆုံးသေးတဲ့ ပညာရေးတိုက်ပွဲကို ဆက်လက် တိုက်ပွဲဝင်မှာရော၊ ထောင်ထဲမှာရောက်နေ တဲ့ ရဲဘော် တွေ လွတ်မြောက်ဖို့ရော၊ အစိုးရကို ဆန့်ကျင်တဲ့အတွက် ရောလုပ်တာ””ဟု မန္တလေး ဗကသအဖွဲ့ဝင်ကို ရဲရင့် ပိုင်မှူးက မြန်မာသံတော်ဆင့်သို့ပြောသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူ ၃၀ နီးပါးရှိခဲ့ပြီး ဒီမိုကရေစီပညာရေးရရှိရေး၊ အကြမ်းဖက် အစိုး ရနုတ်ထွက် ရေးစသည့် ကြွေးကြော်သံများ သံပြိုင်ဟစ်ကြွေးကာ မန္တလေးမြို့ အမရပူရမြို့နယ်တရားရုံးမှ မန္တလေးဘူတာ ကြီးအထိ ဆိုင်ကယ်အစီး ၂၀ ခန့်ဖြင့် စီးနင်းလှည့်လည်၍ ကြွေးကြော်ဆန္ဒထုတ်ဖော် ခဲ့ကြခြင်းဖြစ်သည်။

““အာဏာရှင်ဘက်ကတော့ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း ပြည်သူလူထု၊ အလုပ်သမားထု၊ လယ်သမား ထု၊ ကျောင်းသားထုကို ဖိနှိပ်မှာပဲ။ သူတို့ဖိနှိပ်မှာကို ကျွန်တော်တို့က မကြောက်မရွံ့အကုန် လုံး က ပြန်တွန်းလှန်နိုင် ဖို့ပဲလိုတယ်ပေါ့။ အဲဒီလိုတွန်းလှန်နိုင် ဖို့ ကျောင်းသားထုတစ်ရပ်လုံးကိုရော၊ ပြည်သူလူထုတစ်ရပ်လုံးကိုရော ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ပါလို့ ပြောချင်ပါတယ်””ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ကျောက်ဆည်နည်း ပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုအောင်မင်းခန့်က မြန်မာသံတော်ဆင့်သို့ပြောသည်။

ယင်းဆန္ဒထုတ်ဖော်မှုအတွက် ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ပြုလုပ်ခဲ့ ကြခြင်းဖြစ်ပြီး ဖမ်းဆီးခံ ကျောင်း သားများ လွတ်မြောက်ရေးအတွက် ဆန္ဒပြမှုများ ထပ်မံပြုလုပ်ရာတွင်လည်း ခွင့်ပြုချက်ရယူသွားမည် မဟုတ်ကြောင်း မန္တလေးဗကသ ကျောင်းသားများက တညီတညွတ်တည်းပြောသည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် တစ်နိုင်လုံး အတိုင်းအတာဖြင့် တောင်းဆိုမှုများ ပြင်းထန်လာ ခဲ့ပြီး ဗကသကျောင်း သားများကဦးဆောင်၍ မန္တလေးမှ ရန်ကုန်သို့ လမ်းလျှောက်ချီတက် လာချိန်တွင် အစိုး ရ နှင့်ကျောင်း သားများ၏ ကနဦးညှိနှိုင်း သဘော တူညီချက်များပြုလုပ်ရာတွင် ဆန္ဒပြကျောင်းသားများအား အရေးယူခြင်းမပြုရန် သဘောတူညီချက်ရှိ ထားသော်လည်း လက်ပံတန်းမြို့တွင် ဆန္ဒပြကျောင်းသားများ အကြမ်း ဖက်ဖမ်းဆီးခံရပြီးချိန်တွင် ယင်းအချက်ကို အစိုးရဘက်မှ တာဝန်ယူဖြေရှင်းပေးရန် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

““လက်မှတ်ရေးထိုးခဲ့တဲ့ဟာက officially ဖြစ်တယ်လို့ ယူဆတယ်။ ကျောင်းသား၊ ကျောင်းသူများကို မည်သည့် နည်းလမ်းနဲ့မျှ ပိတ်ပင်တားဆီးခြင်းအရေးယူခြင်း ဖမ်းဆီးခြင်းမပြုပါဘူး ဆိုတဲ့ဟာကို ရှိပြီးသား။ ရှိပြီးသားအခါ မှာ တောင်းဆိုတဲ့အရာတွေက တော်တော် များများက ပဋိပက္ခမဖြစ်ပွားစေချင်လို့ တွေ့ဆုံညှိနှိုင်းရေး လမ်းစဉ် ကိုပဲ အဓိကထားပြီး လုပ်ကြတယ်။ ဒီဖြစ်ရပ်တွေ ဖြစ်လာပြီးနောက်ပိုင်းမှာ အစိုးရက တာဝန်ယူဖို့ရှိတယ်လို့ မြင်တယ်လို့ အမြဲတမ်းမီးမောင်း ထိုးပြခဲ့တယ်။ ဒီဖြစ်ရပ်ကို အစိုးရက တာဝန်ယူဖို့လိုတယ်။ လက်မှတ် ရေးထိုး ခဲ့တဲ့ လူတွေအကုန်လုံးက တာဝန်ယူသင့် တယ်””ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ သမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာအာကာမိုးသူက ပြောသည်။

ရည်မွန်ဖြို၊း

- ဖမ်းဆီးခံကျောင်းသားများ နှင့် ၀န်းရံပြည်သူများလွတ်မြောက်ရေးအတွက် မန္တလေးမြို့တွင် ဗကသကျောင်းသားများနှင့် ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်နေကြစဉ်။ ဓာတ်ပုံ – မိုးစက်မြင်းခြံဖေ့စ်ဘုတ်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment