Monday, May 18, 2015

၂၀၁၅ရွေးကောက်ပွဲအတွက် မဲရုံအရေအတွက်ကို မဲစာရင်းပြုစုပြီးမှသာ ဆုံးဖြတ်မည်

ရန်ကုန်(မဇ္ဈိမ) ။ ။ ၂၀၁၅ခုနှစ် နိုဝင်ဘာလဆန်းတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် တည်ဆောက်မည့် မဲရုံအရေအတွက်ကို မဲစာရင်း ပြုစုပြီးသည့် အချိန်မှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကိုပြောသည်။

"၂၀၁၅အတွက်ကို မတွက်ရသေးဘူး၊ ဇူလိုင်နဲ့ သြဂုတ်နောက်ပိုင်း မဲစာရင်းအတိအကျ သိရပြီးမှ မဲရုံ အရေအတွက်ကို အချိုးကျ ဆောက်ဖို့ လုပ်မယ်" ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲရုံအရေအတွက်ကို သတ်မှတ်ထားခြင်း မရှိသေးသော်လည်း မဲရုံတစ်ခုတွင် မဲရုံစဖွင့်ချိန် နံနက် ၆နာရီမှ ညနေ ၄နာရီအတွင်း အနည်းဆုံး ၃၀၀ မှ အများဆုံး ၃၀၀၀ ဦးရေ အထိ လက်ခံရန် ပြင်ဆင်ထားသည်ဟု အရပ်ဖက်အဖွဲ့များနှင့် ရန်ကုန်တွင် တွေ့ဆုံစဉ် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက  ပြောကြားထားသည်။

"အမှန်တစ်ကယ်ဆိုရင် အဲဒီပမာဏက အရမ်းများတယ်၊ ကျွန်တော်တို့တော့ ဆွေးနွေးခဲ့သေးတယ်၊ အဲဒီနေ့က အဲဒီထက်လျော့ဖို့ကို " ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့အဖြစ် ဆောင်ရွက်နေသည့် ဖန်တီးအိမ်မှ ညှိနှိုင်းရေးမှုး ဦးဝင်းပိုက်မျိုးက မဇ္ဈိမကို ပြောသည်။

၂၀၁၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းအတွင် မဲရုံပေါင်း ၅၀၀၀ကျော် ထားရှိကာ မဲပေးနိုင်ရေး စီစဉ်ခဲ့ပြီး တစ်နိုင်ငံလုံးတွင်မူ မဲရုံပေါင်း ငါးသောင်းကျော်ထိ ထားရှိခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ခုနှစ်တွင် မဲပေးနိုင်သူ ဦးရေမှာ ၂၉သန်းကျော်ရှိခဲ့သည်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်မူ အသက် ၁၈နှစ်နှင့် အထက် မဲပေးနိုင်သူဦးရေသည် သန်း ၃၀ ကျော်ရှိနိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ၂၀၁၄ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ပယ်ဖျက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆိုထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲရုံအရေအတွက် သတ်မှတ်နိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြုစုမှုများကို ဇူလိုင်လတွင် အပြီးဆောင်ရွက်သွားရန် ရည်မှန်းထားသည်ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။


Credit - Mizzima News

No comments:

Post a Comment