Sunday, May 17, 2015

၈၈ နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ရွေးကောက်ပွဲအရေး ဆွေးနွေး

 ရန်ကုန်၊ မေ ၁၂

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မေလ ၁၂ ရက်နံနက်ပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခန်းတွင် ရွေးကောက်ပွဲအရေး တွေ့ ဆုံ ဆွေးနွေးခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောကြားခဲ့သည်။

လက်ရှိ တွေ့ဆုံဆွေးနွေးပွဲသည် ရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း မိတ်ဖက်အဖွဲ့အစည်းတစ်ခု အနေနှင့် လည်းကောင်း ရွေးကောက်ပွဲအပေါ် အမြင်နှင့် အယူအဆများ ဖလှယ်ကြခြင်း ဖြစ်သည်။

““အဓိက,က ၈၈ နဲ့ အဖွဲ့ချုပ်က မိတ်ဆွေအဖွဲ့တွေ အဲတော့ မိတ်ဆွေအဖွဲ့နဲ့တွေ့တာ အပြင်ကို အခုလို မျိုး ရွေးကောက်ပွဲကာလ နိုင်ငံရေး အခြေအနေအပေါ်မှာ နှစ်ဖက် အယူအဆတွေကို ဖလှယ်ကြတာ””ဟု ဦးဉာဏ်ဝင်းက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အနေဖြင့် ရွေးကောက်ပွဲ ၀င်ရန် အစီအစဉ် မရှိကြောင်း ပြောကြား ခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

““၈၈ အဖွဲ့အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ သူတို့ပြောသွားပါတယ်””ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ ဦးပြုံးချို၊ ဦးကိုကိုကြီးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး လက်တလော ထုတ်ဖော် မပြောဆိုနိုင်သေးကြောင်းနှင့် သတင်း ထုတ်ပြန်မည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက မြန်မာသံတော်ဆင့် သို့ ပြောသည်။

““ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ပုံမှန်တို့ ဆွေးနွေးနေတဲ့ ဟာလောက်ပဲ။ တရားဝင် ကြေညာတဲ့ အခါပြောပါ့မယ်”” ဟု တွေ့ဆုံဆွေးနွေးမှုမှ အပြန်တွင် ဦးကိုကိုကြီးက ပြောသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ကျောင်းသားခေါင်းဆောင်အချို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲဝင်မည်ဟု နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် သတင်းများ ထွက်ပေါ်လျက် ရှိသည်။

၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ရွေးကောက်ပွဲဝင်မည့် အစီအစဉ် မရှိသေးကြောင်းနှင့် ထွက်ပေါ် လာသည့် သတင်းတိုင်းကို လိုက်ဖြေရှင်းရန် မဖြစ်နိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးပြုံးချိုက ပြောကြား သည်။

““အခုဟာက အသံတွေကတော့ ထွက်နေကြတာ့ပဲ။ အသံတွေထွက်သမျှ လိုက်ပြောနေရရင်လည်း မဟုတ်သေးဘူး။ ကြားတာတွေကတော့ ဒီလိုပဲ။ အကြားသက်သက်ပဲ။ ဘာမှမဟုတ်ဘူး””ဟု ဦးပြုံးချိုက မြန်မာသံတော်ဆင့် သို့ ပြောသည်။

ပြီးခဲ့သည့် မေလ ၅ ရက်နေ့ က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် နော်ဝေ သံအမတ်ကြီး H.E Ms Ann Ollestad နှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ်ကလည်း ရွေးကောက်ပွဲ ကိစ္စရပ်များကို ဦးစားပေး ဆွေးနွေးခဲ့ ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းပွင့်လင်းအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ မတိုင်ခင် ကာလအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်မည့် အခွင့် အလမ်းအတွက် အာမခံချက်ရှိရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမည့် ရွေးကောက်ပွဲ စနစ်နှင့် ရွေးကောက်ပွဲ မတိုင်ခင် ကာလအတွင်း ဖြစ်ပေါ်လာမည့် နိုင်ငံရေး အခြေအနေများကို အခြေခံ၍ ရွေးကောက်ပွဲကို စဉ်းစားရမည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ကိုယ်စားလှယ်လောင်း ရွေးရာတွင် ပါတီဝင်ဖြစ်၊ မဖြစ်ကို ဦးစားပေး စဉ်းစားမည် မဟုတ်ဘဲ အရည်အချင်းကို ဦးစားပေးစဉ်းစားမည်ဟု သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

ကျော်ကျော်မင်း၊ ချမ်းမြေ့ခိုင်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment