~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မေလ(၃)ရက်နေ့ကို ““ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့””ဟု သတ်မှတ်ထားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် မှစ၍ ကျင်းပခဲ့သည်။ ယခုနှစ် ၂၀၁၅ မှာ ကျင်းပပုံက ထူးခြား၏။ ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုနှင့် မြန်မာနိုင်ငံ ပြန်ကြားရေး ၀န်ကြီးဌာတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ယူနက်စကို၏ ဌာနေ ကိုယ်စားလှယ်နှင့် ပြန်ကြားရေး ၀န်ကြီးတို့အပြင် စာနယ်ဇင်းကောင်စီ(ယာယီ)
အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်မှ အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ကော်မတီဝင်၊ တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌပါ တက်ရောက်ခွင့်နှင့် စကားပြောခွင့် ရခဲ့သည်။
ဆန့်ကျင်မှုများကို တစ်နေရာတည်း၌ မြင်တွေ့ရခြင်း၊ သဘောထားအမြင်များကို ကြားရခြင်းက ကောင်း ပါသည်။ လူထုကလည်း မိမိဘာသာ အမှားအမှန် ဝေဖန်ခွင့်ရသည်။ မည်သူမည်ကဲ့သို့ ရှုမြင်သည်ဖြစ်စေ၊ တိုင်းပြည်ကောင်းကျိုး၊ လောကကောင်းကျိုးကို ဦးတည်ဖို့ပဲ အဓိကလိုအပ်ပါသည်။ မိမိလောကအတွက်၊ မိမိတိုင်းပြည်အတွက် မိမိတို့ဘာသာ လုပ်ဆောင်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်မှု အဆင့်ဆင့်နှင့် ပတ်သက်ပြီး အမေရိကန်ရှိ အဖွဲ့အစည်းတစ်ခု၏ သုတေသန စစ်တမ်းကို ငြင်းဆိုရန် မရှိသော်လည်း စဉ်းစားစရာကားရှိနေသည်။ အညွှန်းကိန်းများ ကိုအဆင့်ခွဲရာ၌ အမြဲမမှန်နိုင်ပါ။ နိုင်ငံတစ်ခုနှင့်တစ်ခု၊ ပထ၀ီအနေအထား၊ ရာသီဥတု၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ အုပ်ချုပ်ရေးစနစ်တို့ တူညီခြင်းမရှိသဖြင့် ရလဒ်ကွဲလွဲနိုင်ပေသည်။
သို့ဖြစ်ရာ အခြားဖွံ့ဖြိုးပြီး နိုင်ငံများနှင့် အညွှန်းကိန်း နှိုင်းယှဉ်နေမည့်အစား မိမိနိုင်ငံရှိ အတိတ်က ရလဒ်နှင့် ပစ္စုပ္ပန်ကို နှိုင်းယှဉ်လျင် ပို၍လက်တွေ့ကျပါလိမ့်မည်။ ပိုကောင်းလာသည်ဆိုလျှင် ထို့ထက် ပိုကောင်းအောင် ကြိုးစားကြဖို့ဖြစ်သည်။ ဤနည်းသည်သာ ခွန်အားကို ဖြစ်စေလိမ့်မည်ဟု ယုံကြည်ပါသည်။
သတင်းလွတ်လပ်မှုအတွက် ဆင်ဆာရုံး မရှိတော့၍ ဆင်ဆာကို အပြစ်ပုံရန် မရှိတော့သော်လည်း တရားစွဲဆိုမှုများ၊ ဖမ်းဆီး အရေးယူမှုများ၊ ကန့်သတ်မှုများ ရှိနေခြင်းကို ဖြေရှင်းရန် လိုနေသည်။ ““တည်ဆဲ ဥပဒေ”” ဆိုသော အကြောင်းအရာကို အရေးတကြီး စဉ်းစားကြရန်လိုသည်။ အခြေခံဥပဒေ တစ်ခုပြဋ္ဌာန်းလျှင် ယခင်ဥပဒေများကို ပယ်ဖျက်ပြီးဖြစ်သည်ဟု အကြမ်းဖျင်း နားလည်ထားကြရာမှ အလိုရှိသောအခါ စစ်ကြိုခေတ်၊ ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သော ဥပဒေများကို ထုတ်သုံးခြင်းအတွက် မည်သို့တားဆီး ကြမည်နည်း။ (ဥပဒေများကို ပြင်ဆင်ရန် တစ်ဦးလျှင် တစ်လ ၁၀ သိန်း အကုန်ခံနေပါသည်)
ထိုသို့ စာအုပ်ဟောင်း ဥပဒေများ၏ နှိပ်စက်မှုအပြင် စာအုပ်ထဲ၌ ရေးသားခြင်း မရှိသော ဥပဒေများလည်း ရှိနေသည်။ အမှန်က ထိုကိစ္စများမှာ ဥပဒေမဟုတ်။ သဘောထားများဖြစ်၏။ ထိုသဘောထားများကား စာနယ်ဇင်း ပိုင်ရှင်များ၏ ဆန္ဒများဖြစ်သည်။ လွတ်လပ်ခွင့်ပေးခဲ့သော ကာလတွင် စာနယ်ဇင်း ထုတ်ဝေခွင့် များကို အလျှံပယ်ပေးခဲ့၏။ ထိုအထဲတွင် ငွေကြေးကို ကိုင်တွယ်ပြီး၊ အာဏာကို ဖြန့်ကြက်ရန် ၀င်လာသော တောကြောင်တွေ ပါသည်။ တောကြောင်ထက်ကြီးသော ကျားသစ်တွေပါသည်။ ၀ံပုလွေတွေပင်ပါသည်။
ဤအချက်ကို စာနယ်ဇင်း လုပ်ငန်းများဖြင့် တစ်သက်လုံး အသက်မွေးလာသူများက မသိခြင်းမဟုတ်ပါ။ အ,၍ မဟုတ်ပါ။ သိလည်းသိ၊ မြင်လည်း မြင်ပါသည်။ သို့သော် မိမိတို့က မိမိတို့ အလုပ်ဖြစ်၍ အလုပ် လုပ်ကြရန်သာ ရှိသည်။ ထိုအခါ မြင်သာထင်သာရှိသော ကျားသစ်များ၊ ၀ံပုလွေများကို ရှောင်ကြရသည်။
ဘယ်မျှပင် ငွေကြေးလစာ၊ ကား၊ အိမ်စသဖြင့် မက်လုံးပေး၍ ခေါ်သော်လည်း စာနယ်ဇင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားသော စာနယ်ဇင်းသမား စစ်စစ်များက ထိုအကွက်ထဲ မ၀င်ကြပေ။ သို့သော် စာနယ်ဇင်းနှင့် အသက်မွေးသူများထဲတွင် သဘောထား တင်းမာသူချည်း မဟုတ်ရာ လခကောင်း၍ဆိုပြီး ၀င်သွားသူတွေ အများအပြားရှိနေသည်။ မည်သူမျှ အပြစ်ဆိုရန်မရှိ။ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိသည်။ ရလဒ်ကမူ …လုပ်ငန်းရှင်(ပိုင်ရှင်) အလိုကျ သဘောထားများ စာမျက်နှာပေါ် ရောက်လာကြခြင်းတည်း …။
““သူ့ဆန်စားတော့ရဲ””ဆိုသည့် မြန်မာစကားပုံကလည်း ပျော့ညံ့သူများကို အားပေး၏။ အချိန်တန် လခရတာပဲ ဆိုပြီး ပိုင်ရှင်အလိုကျ ရေးသားကြသည်။ ခံစားမှုဖြစ်လာလျှင် လစာနှင့် ချေလိုက်သည်။ မိသားစု စားဝတ် နေရေး ပြေလည်ခြင်းကိုသာ ဦးစားပေးလိုက်သည်။ ဤသို့ဖြင့်လွတ်လပ်စွာ ရေးသားခဲ့ကြသော စာနယ်ဇင်းသမားဦးရေ လျော့ပါးသွားရတော့၏။
မိမိဆန္ဒအတိုင်း လွတ်လပ်စွာ မရေးရ၍ ခံစားနေရသော အယ်ဒီတာများကို တွေ့ရသည်။ ကလပ်သင်းပြောင်းဖို့ စဉ်းစားနေကြသည်။ ခက်သည်မှာ လက်ရှိ ကလပ်သင်းက ငွေကို မက်လောက်အောင် ပေးထားသည်။ အိမ်မှာ သားသမီးတွေရှိသည်။ နေစရိတ် စားစရိတ်က ထပ်၍ တက်လာသည်။ လက်ရှိထက်ကောင်းသော ကလပ်သင်း မရှိ။ အံကိုခဲပြီး ဘောလ်ပင်ကို အံဆွဲထဲ ထိုးထည့်လိုက်ကြသည်။ အစိုးရနှင့်ဥပဒေကို မဟုတ်ဘဲ ငွေရှင်ကို ကြောက်ရ၍ လွတ်လပ်ခွင့်မရသော အထက်ပါ အယ်ဒီတာ စာနယ်ဇင်းဆရာ မည်မျှရှိနေပြီနည်း။
ဂျာနယ်တွေ တစ်စောင်ပြီးတစ်စောင် ““ရပ်”” ကြရသည်။ လွတ်လပ်မှု အလံကို လိပ်ပြီးသိမ်းထား ကြရသည်။ ငွေကြေး ပုံအောထားသောသူများက အလံမလှဲ၊ အမြဲလွှင့်နေကြသည်။ အမှားကြာလျှင် အမြင်ရိုးပြီး အမှန်ဖြစ် ဆိုသကဲ့သို့ ထိုငွေရှင်များ၏ သြဇာသည် စာဖတ်သူများထံ သက်ရောက်သွားပြီ။ လူထုသည် အမှားနှင့်အမှန်ကို ခွဲခြားနိုင်ရန် အားလုံးအသင့် မဖြစ်သေးပေ။ ငွေကြေး မတောင့်တင်းသဖြင့် ကြွေလွင့်သွားကြရသော လွတ်လပ် စာစောင်များ၊ နှမြောစရာ ကောင်းလှသည်။
ဒီမိုကရေစီဆိုသော အသံနှင့်အတူ ကပ်ပါလာသော၊ ဈေးကွက်စီးပွားရေးထဲတွင် စာနယ်ဇင်းများ ဈေးကွက် ပျောက်ရခြင်းကား ဆုံးရှုံးမှုအကြီးဆုံးဖြစ်၏။
ဤဆုံးရှုံးမှုအတွက် ကယ်တင်ရှင်မှာ လူထုဖြစ်၏။ လူထုက လွတ်လပ် စာစောင်များကိုသာ အားပေးဝယ်ယူလျှင် ရပ်တည်နိုင်ကြဖို့ နီးစပ်ပါလိမ့်မည်။ ပုံနှိပ်မီဒီယာသည် ကမ္ဘာအနှံ့၌ လျော့ကျနေပြီဆိုသော်လည်း လမ်းဆုံ လမ်းခွ၌ ခင်းထားသော သတင်းစာစောင်များက စည်ပင်နေဆဲဖြစ်သည်။ နိုင်ငံရေးအမြင် နိုးကြားလာသော လူထုသည် သူတို့အတွက် အကျိုးရှိသော စာမျက်နှာများ ပါဝင်သည့် စာစောင်ကို ရွေးချယ်နေကြပြီ။ တစ်ပြိုင်တည်း မှာပင် ဈေးချိုချိုနှင့် ထူးထူးထွေထွေ ပါတတ်သော စာစောင်များကိုလည်း အပျင်းပြေ ဖတ်ရန် ၀ယ်ယူသူများရှိနေဆဲဖြစ်၏။
စာနယ်ဇင်းများကို “အပျင်းပြေ” သဘောထားနေသမျှ ဤနိုင်ငံတွင် တိုးတက်မှုနှုန်းသည် “အပျင်းပြေ”မျှသာ ရှိနေပါဦးမည်။
စာနယ်ဇင်းဟူသည်လူထု၏ “သိခွင့်”ကို ပေးသောအရာဟူ၍ လူထုကိုယ်တိုင် လက်ခံဖို့ မည်မျှကြာအောင် စောင့်ရဦးမည်လဲ။ စောင့်ရင်းစောင့်ရင်းနှင့်ပင် မိုးကြီးချုပ်တော့မည်။
ဤအခါ ဆင်ဆာရုံး မရှိတော့သော်လည်း မိမိဘာသာ ဆင်ဆာပြုနေရသော အဖြစ်ရောက်ရသည်။ ဥပဒေအရ လည်း မငြိစွန်း၊ ပိုင်ရှင်ကလည်း အာဏာမပြစ်စေကာမူ၊ ဤအကြောင်းရေးလျှင် ထိရောက်မှု ရှိမှရှိပါ့မလား …ဟု မိမိကိုယ်တိုင် ဆင်ဆာပြုရင်း အယ်ဒီတာထံပင် မပို့ဖြစ်သော စာမျက်နှာတွေရှိနေသည်။ အများလက်ခံ ထားသော ကိစ္စတစ်ရပ်ကို မိမိက ဆန့်ကျင်ရေးသားမိလျှင် အမုန်းခံရမှာ စိုးရိမ်ပြီး လောလောဆယ် ခပ်မဆိတ် နေလိုက်ကြသူတွေ ရှိနေသည်။
““တိတ်တိတ်နေထောင်တန်”” ဆို သောစကားက ဘယ်အထိ ခရီးရောက်သည် မသိ။ ၀င်မပြောတာ ကောင်းပါတယ် ဆိုသော စကားများသည် စာမျက်နှာပေါ် မရောက်ကြတော့ပေ။
ဤသို့ဖြင့် သတင်းလွတ်လပ်မှုသည် တစ်ခါတစ်ရံတွင် ““တစ်မျိုးကြီး”” ဖြစ်နေသည်။ ရှေ့ဖုံးစာမျက်နှာများတွင် ““ဘုရားကားအောက်၊ မျောက်ကားအထက်”” ဖြစ်နေတာများ မြင်ရသည်။ လောလောဆယ် လူစိတ်ဝင်စား ခံရသူ ပုဂ္ဂိုလ်တစ်ဦးဦးကို သတင်းမဟုတ်ဘဲ သတင်း လုပ်နေတာမျိုးလည်း မြင်နေရသည်။ ဒါကအပြစ်မဟုတ် ပါ။ သို့သော် အကျိုးမရှိချေ။ စာနယ်ဇင်းဟူသည် တိုင်းပြည်၏ အကျိုးရှိရာရှိကြောင်းကိုသာ ဖော်ပြရန်…ဟု ပြဋ္ဌာန်းခဲ့ကြသော သတင်းစာဘိုးအေကြီးများ အဆိုပါသတင်းများကို မြင်ရလျှင်၊ သက်ပြင်းချကြလိမ့်မည်။
ယခုနှစ်အတွင်း ““ချစ်စွာသော ခေါင်းဆောင်ကြီး””အမည်ရှိ စာအုပ်တစ်အုပ်ကို ဘာသာပြန်ခဲ့ရပါသည်။ မြောက်ကိုရီးယား အစိုးရ၏ မူဝါဒများကို မည်သို့မည်ပုံဖြန့်ဖြူးကြောင်း၊ ရှုထောင့် အမျိုးမျိုးမှ ပုံဖော်ရေးသား ထားခြင်းဖြစ်၏။ တိုင်းပြည်တစ်ပြည်၏ အစိုးရတစ်ရပ်သည်၊ ၎င်း၏မူဝါဒကို ဖြန့်ချိသည်မှာ သဘာဝဖြစ်သည်။ ၎င်း၏ တာဝန်ဟုလည်းပြော၍ရပါသည်။ သို့ သော် ထိုသို့ဖြန့်ဖြူးရာတွင် ရိုးရိုးသားသား လုပ်ဖို့တော့ လိုပါသည်။ တစ်ဖက်သတ် ဖော်၍ လည်းရပါသည်။ ရှင်းရှင်းလင်းလင်း လုပ်ဖို့တော့ လိုပါသည်။
အဆိုပါ စာအုပ်အရ၊ လုပ်ပုံလုပ်နည်းကမူ အလွန်အံ့သြစရာ ကောင်းနေသည်။ မိမိကောင်းကြောင်းကို မိမိကိုယ်တိုင် ပြောခြင်းမဟုတ်ဘဲ မိမိနှင့် ဆန့်ကျင်သူက ပြောသည်မူ မိမိဘာသာ ဆန့်ကျင်သူအဖြစ် လိမ်လည် ရေးသားခြင်းဖြစ်၏။
ထိုစာအုပ်၏ အဆိုအရ …
အစိုးရတွင် ရှေ့တန်းဌာန တစ်ခုထားရှိသည်။ ထိုဌာနကို အုတ်တံတိုင်း အထပ်ထပ် ကာရံထားသည်။ လုံခြုံရေး တင်းကျပ်ထားသည်။ ရုံးဌာန အဆင့်ဆင့်ရှိသည်။ ၎င်းရုံးများအနက် ““ကဗျာဆရာ”” စုစုပေါင်း (၇)ယောက်ခန့် ထားသော ရုံးခန်းတစ်ခုရှိသည်။ ထိုကဗျာဆရာတို့ကို အစိုးရကောင်းကြောင်း ကဗျာ၊ သီချင်း၊ အက်ဆေးစသော အနုစာပေရေးရန် တာဝန်ပေးထားသည်။ စာပေအားလုံးသည် အစိုးရနှင့် ခေါင်းဆောင်ကြီး ကောင်းကြောင်း ရေးရန်ဖြစ်၏။ သို့သော် … စာရေးသူအားလုံး၏ အမည်ကို မူရင်းနာမည်မဖြစ်စေရ၊ မူရင်း မြောက်ကိုရီးယား အမျိုးသား မဖြစ်စေရ၊ ““တောင်ကိုရီးယား””အမည်ဖြစ်ရမည်။ ထုတ်ဝေသည့် တိုက်ကိုပင် တောင်ကိုရီးယားဖြစ် ရမည်။ သဘောက ဤစာအုပ်များလည် တောင်ကိုရီးယားသားများ ရေးခြင်းဖြစ်ပြီး တောင်ကိုရီးယားမှ ၀င်လာခြင်း ဖြစ်ကြောင်း ပြသရန်ဖြစ်၏။ မိမိတို့အစိုးရနှင့် ခေါင်းဆောင်ကြီးကို ဆန့်ကျင်ဘက် တောင်ကိုရီးယား ကပင် ချီးကျူးရသည်ဟု အထင်ခံရအောင် ဖြစ်လေသည်။
ဤစာအုပ်ပါ အကြောင်းအရာ အမှန်ဆိုလျှင် စာရေးသူတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာ စာပေလွတ်လပ်ခွင့် အတော်ကြီးရနေသည်ဟု ဖြေရတော့မည်။ အထူးသဖြင့် အစိုးရ၏ လုပ်ကြံဖန်တီးမှု လျှို့ဝှက် စာပေထုတ်လုပ်ရေး မရှိချေ။ စာပေအပေါ် အစိုးရ၏ လွှမ်းမိုးမှုကို၊ အစိုးရပိုင် သတင်းစာများကသာ ထင်ထင်ပေါ်ပေါ် ရယူထားရုံဖြစ်ပြီး သာမန်လူထုဘက်မှ တင်ပြခွင့်ရှိသော သတင်း၊ စာစောင်များ ရှိနေသေး သည်။ သူတို့တိုင်းပြည်နှင့် ယှဉ်လျှင် တော်သေးရဲ့ …ဟု ဖြေနိုင်ပါလိမ့်မည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် မေလ ၃ ရက်နေ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့၌ တပ်မတော် သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့မှ ကိုးကန့်အဖွဲ့က ထုတ်ပြန်သော ကြေညာချက်များကို စာနယ်ဇင်းရုပ်သံ မည်သူမှ မဖော်ပြရဟု ကြေညာချက်ထုတ်ခဲ့သည်။ အဆိုပါအဖွဲ့မှာ မတရားသင်း ကြေညာခံထားရသော (တရားမ၀င်အဖွဲ့) ဖြစ်သဖြင့် ဟုဆိုသည်။
ဤကိစ္စနှင့်ပတ်သက်၍ သတင်းလောကသားများ စိတ်မသက်မသာ ဖြစ်ကြရ၏။ သတင်းသမားက သတင်းရေး ချင်သည်။ မရေးရဟု ကန့်သတ်ခံရလျှင် စိတ်သောက ဖြစ်ရသည်။ မြန်မာပြည်မှာမှ မတရားသင်း ရှိနေ သေးခြင်းက စိတ်ပျက်ဖွယ် ဖြစ်ပါလိမ့်မည်။ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ရရန် မျှော်လင့်နေစဉ် ကန့်သတ်မှုများ ခံနေရခြင်းမှာ နိုင်ငံအခြေအနေအရဟူ၍ အဖြေထုတ်ကြရတော့မည်။ ဒါကို နိုင်ငံတကာ စံနှုန်းနှင့်တိုင်းလျှင် မမှန်ကန်နိုင်တော့ပါ။
မည်သို့ပင်ဖြစ်စေ …
မေလ ၃ ရက်နေ့ဆိုတာ ကမ္ဘာမှာရှိ ကြောင်း ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်ရှိ နောက်ဆုံး ဆောက်လုပ်ခဲ့သော ကြယ်ငါးပွင့်အဆင့် ခေတ်မီသားနားသည့် နိုဗိုတယ် ဟိုတယ်ကြီးမှာ အစိုးရနှင့်အတူ လွှတ်တော်ကပါ ပါဝင် ကျင်းပခဲ့ကြောင်း မှတ်တမ်းဝင်ခဲ့ပါပြီ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment