Saturday, May 23, 2015

သမ္မတချီးမြှင့်သည့် နိုင်ငံ့စွမ်းဆောင်ရည်ဆုနှစ်ဆု တပ်မတော် ရရှိ

ရန်ကုန်၊ မေ ၁၈

သမ္မတ၏၂၀၁၅ ခုနှစ်အတွက် ပေးအပ်သည့် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုအမျိုးအစား အလိုက် ၅ မျိုး ရွေး ချယ် ပေးခဲ့ရာတွင်မူ ကိုးကန့်ဒေသ တိုက်ပွဲများ ဆင်နွှဲနေ သည့် မြန်မာ့ တပ်မတော် က နိုင်ငံတော် အချုပ်အခြာ ကာကွယ်ရေးနှင့် ပတ်သက်သည့် အထူးဆုနှင့် အထူး ဂုဏ်ထူးဆောင်ဆုတို့ကို ရရှိခဲ့သည်။

၂၀၁၅ ခုနှစ်အတွက် ပေးအပ်သည့် နိုင်ငံ့ စွမ်းဆောင်ရည် ဆုများ မှာ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့ စွမ်းဆောင် ရည်ဆု၊ နိုင်ငံတော်သမ္မတ၏ သီးသန့် အထူးဆု၊ နိုင်ငံတော် သမ္မတ၏ အထူးဂုဏ်ထူးဆောင် ဆု၊ နိုင်ငံတော် သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်ဆု (မြို့ပြ/ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးနှင့် စိုက်/မွေး ဆိုင်ရာဆုများ)နှင့် နိုင်ငံတော် သမ္မတ၏ ဂုဏ်ထူးဆောင် လက်မှတ်ဆု (လူမှုရေးနှင့် စီးပွားရေး ဆိုင်ရာများ)တို့ ဖြစ်သည်။

ယင်းဆုများထဲမှ နိုင်ငံတော်သမ္မတ၏ သီးသန့် အထူးဆုကို မြန်မာ့ တပ်မတော် တစ်ခုတည်း ကို ရွေးချယ် ပေးအပ်ခဲ့ခြင်းဖြစ်ကာ ““နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော် ကာကွယ်ရေးနှင့် ပြည်သူများ လိုလားနေသည့် နိုင်ငံတည်ငြိမ် အေးချမ်းရေး အတွက် အသက်သွေးချွေး များ ပေးဆပ်ပြီး ကာကွယ် စောင့်ရှောက် နေကြ သည့် တပ်မတော်သားများကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် သမ္မတ၏ သီးသန့် အထူးဆု””အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆုကို တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်းက လက်ခံရယူ ခဲ့သည်။နိုင်ငံတော် ကာကွယ်ရေးအတွက် လုပ်ဆောင် ခဲ့သည့်အတွက်ဆိုကာ တပ်မတော်အား ဂုဏ်ထူးဆောင် ဆု ပေးအပ်ခဲ့ခြင်းမှာ လက်ရှိပြုလုပ်နေသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအပေါ် ထိခိုက်မှုများ ဖြစ်လာနိုင်ဖွယ်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

““NCCT နဲ့ UPWC တို့ လက်မှတ်ထိုးဖို့ မရေရာတဲ့ အနေအထားမျိုးမှာ ရှိနေတယ်။ ပလောင်ဒေသမှာ တိုက်ပွဲတွေရှိတယ်။ လောက်ကိုင် ဒေသ မှာလည်း တိုက်ပွဲတွေက မပြီးသေးဘူး။ ရခိုင်ပြည်နယ်ဘက်မှာ ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်နဲ့ တိုက်ပွဲတွေဖြစ်တယ်။ ဒါတွေဟာ အပစ်အခတ် ရပ်စဲရေးလမ်းကြောင်း၊ ငြိမ်းချမ်းရေး လမ်းကြောင်းအတွက် အဟန့်အတားတွေ။ ယုံကြည်မှု ပျက်ပြားစေတယ်။ တပ်မတော်ဘက်က ပုဂ္ဂိုလ်တွေကို ဆုတံဆိပ်တွေ၊ ဂုဏ်ထူးတွေ ပေးမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ အမြင်မှာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အမြင်မှာ သံသယတွေ ဖြစ်လာနိုင်သလား၊ ယုံကြည်မှုတွေ ကျလာ နိုင်သလား စဉ်းစားစရာဖြစ်တယ်လို့ ပြောချင် ပါတယ်”” ဟု ရခိုင်အမျိုးသားပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအေးသာအောင်က ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်ကလည်း ““အခုမြန်မာပြည်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အခြေအနေက မရှိသေးဘူးလို့ ကျွန်မက ဒီလိုပဲမြင်တယ်။ ကျွန်မပြောချင် တာကတော့ တိုက်ပွဲက ဖြစ်နေတဲ့ အပေါ်မှာတော့၊ ဖြစ်နေသေးတဲ့ အပေါ်မှာတော့ ဒါကတော့ စောသေးတယ်လို့ မြင်တယ်။ ဒါကတော့ မဖြစ်သင့်သေးဘူးလို့။ ကျွန်မအနေနဲ့ ငြိမ်းချမ်းရေးကာလက မဆုံးသေးဘူးပေါ့။ တိုက်ပွဲကလည်း ရပ်တန့်အောင် မလုပ်ဆောင်နိုင်တဲ့ အတွက်ကြောင့် မဖြစ်သင့်ဘူး လို့ မြင်တယ်””ဟု ဆိုသည်။

တပ်မတော်အနေဖြင့် သမ္မတက ပေးအပ်သည့် အထူးဆုအပြင် ““နိုင်ငံတော်၏ တန်ဖိုးကြီးမားသော ဘဏ္ဍာ ဖြစ်သည့် သစ်တော သယံဇာတများ မဆုံးရှုံးစေရန် တားဆီး ကြိုးပမ်း ဆောင်ရွက်ခဲ့ သည့် နိုင်ငံတော် သမ္မတ၏ အထူးဂုဏ်ထူးဆောင်ဆု””လည်း ချီးမြှင့်ခံရရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက လက်ခံရယူခဲ့သည်။

အဆိုပါဆုကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးလည်း ရရှိခဲ့သည်။

လတ်တလောတွင် သစ်တောနှင့် သဘာဝမြေအောက် သယံဇာတများအား ခုတ်ယူနေသည့် ကုမ္ပဏီများ၊ လုပ်ငန်းများကို တပ်မတော်မှ လုံခြုံရေး အကာအကွယ်ပေးမှုများ ရှိနေသည့်အတွက် ယခုပေးအပ်လိုက်သည့် ဆုခေါင်းစဉ်နှင့် လွဲချော်နေကြောင်း ဝေဖန်မှုများလည်းရှိသည်။

““သဘာဝပတ်ဝန်းကျင် ဖျက်ဆီးတဲ့ နေရာမှာကော၊ မိုင်းတွင်းတွေ တူးတဲ့နေရာမှာကော အကာအကွယ် ယူပေးထားတော့ ရှိတယ်။ တကယ့်ကို ဖျက်ဆီးဖို့ မိုင်းတွင်းတွေ လုပ်တဲ့ဟာရှိတယ်။ ဖားကန့်မှာ ကျောက် စိမ်းတွင်းတွေ၊ တကယ့်ကို သယံဇာတ ပျက်စီးတဲ့ ဖြုန်းတီးတာတွေ လုပ်နေတဲ့အခါမှာ ကုမ္ပဏီကို လမ်းကြော တစ်လျှောက်လုံးက လုံခြုံရေး ယူပေးထားတာ တပ်မတော်နဲ့ ပြည်သူ့ရဲတွေဖြစ်တယ်။ အဲဒီဟာကို ကြည့်ခြင်း အားဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတကို ကာကွယ်သလား၊ ဖျက်ဆီးတဲ့သူတွေကို ကာကွယ်ပေးသလား မေးခွန်းထုတ် စရာတော့ ဖြစ်နေတယ်။ ကချင်ပြည်နယ် အတိုင်းအတာပေါ့”” ဟု ကချင်ပြည်နယ် အခြေစိုက် လူမှုဖွံ့ဖြိုးရေးကွန်ရက် အထွေထွေအတွင်းရေးမှူး ကိုစာဂျီကပြောသည်။

၂၀၁၅ ခုနှစ်အတွက် သမ္မတက ပေးအပ်သည့် နိုင်ငံ့စွမ်းဆောင်ရည်ဆုနှင့် ဂုဏ်ထူးဆောင် လက်မှတ် ၅ မျိုးကို ယင်းနေ့ အခမ်းအနားတွင်ပင် ပေးအပ် ခဲ့ရာ ဆုနှင့်လက်မှတ်ရရှိသူ အဖွဲ့အစည်းနှင့်လူ စုစုပေါင်း ၅၈ ခုရှိသည်။ ၎င်းတို့ထဲတွင် ဘဏ်လုပ်ငန်း ၃ ခုလည်း ပါဝင်ပြီး ကမ္ဘောဇဘဏ် (နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် ထူးချွန်ထမ်းဆောင်သည့် လုပ်ငန်းရှင် အထူးဂုဏ်ထူးဆောင်ဆု)၊ ကမ္ဘာ့ရတနာ ဘဏ် လီမိတက်နှင့် မြန်မာ့ ရှေ့ဆောင်ဘဏ်လီမိတက် (နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် ထူးချွန်ထမ်းဆောင်သည့် လုပ်ငန်းရှင် ဂုဏ်ထူးဆောင်လက်မှတ်)တို့ ဖြစ်သည်။

MH-0025

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

  

No comments:

Post a Comment