ရဲရဲတွေးပါ ရဲရဲလုပ်ပါ ကြောက်စိတ်က ကိုယ့်ရဲ့အနာဂတ်ကို လွှမ်းမိုးသွားရင် ကိုယ့်အတွက် မကောင်းပါဘူး။ ကြောက်စိတ် ကို ဖျောက်ရမယ် …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စစ်အာဏာရှင်စနစ်အလွန် ဒီမိုကရေစီစနစ် အကူးအပြောင်းကာလ၏ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲကြီး ကျင်းပရန် (၅)လကျော်သာ လိုတော့သည့် အခြေအနေတွင် ပါတီအသီးသီးက ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။ လက်ရှိ အာဏာရပါတီဖြစ်သည့် ခရိုနီများ၊ ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ်ကြီးဟောင်းများနှင့်
ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ အဓိကပြိုင်ဘက် ပါတီကြီးဖြစ်ပြီး လူထုထောက်ခံမှု အများစုကို ရရှိထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဉာဏ်ဝင်းနှင့် တွေ့ ဆုံပြီး၂၀၁၅ ရွေးကောက်ပွဲ ပြင်ဆင်မှုများနှင့် ပတ်သက်ပြီး မေးမြန်းထားသည်များ အနက် မှ ကောက်နုတ် ဖော်ပြအပ်ပါသည်။
မေး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ဘာတွေ ပြင်ဆင် လုပ်ဆောင် နေပါသလဲ။
အောင်နိုင်ရေးအဖွဲ့တွေ ဗဟိုကနေ ရပ်ကျေးအထိ ဖွဲ့နိုင်ဖို့ ဆောင်ရွက်နေ တယ်။ အခြေအနေက ဘယ်လောက်ထိ ပြီးပြီဆိုလဲဆိုရင် တစ်ဝက်လောက်ပြီးပြီလို့ ပြောလို့ရတယ်။ ပြည့်စုံကာနီးလေး နောက်တစ်ဆင့်က ကျွန်တော်တို့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလုပ်ငန်းတွေ လုပ်ပါတယ်။ အဲဒါက ဘယ်လို ပုဂ္ဂိုလ်တွေနဲ့ လုပ်လဲဆိုတော့ ရှေ့နေတွေနဲ့ လုပ်ပါတယ်။ ကျွန်တော်တို့ ဥပဒေ အထောက်အကူအဖွဲ့ သူတို့ တွေက ဥပဒေပါ အချက်အလက်တွေကို အခုလောလောဆယ် ပြည်သူလူထုကို အဖွဲ့တွေကိုပဲ (ထရိန်နင်) ပေး တာပေါ့၊ ဆိုတာက သူတို့လည်း ပြန်လည်ဖြန့်ဖြူးနိုင်အောင် အဲဒီပညာပေး လုပ်ငန်းတွေ လုပ်တယ်။ ပညာပေး လုပ်ငန်းမှာ အထောက်အကူပြုဖို့ အန်ကယ်လ်တို့ ဥပဒေရဲ့ မှတ်စုတွေ ကျွန်တော်တို့ ရိုက်ပြီးတော့ ဝေနေ ပါတယ်။ အဲဒါတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ် ရွေးချယ်ရေးမှာတော့ စဉ်းစားတာတွေ ရှိနေတုန်းဆိုတော့ မူအတိအကျ မချနိုင်သေးဘူး။ ညွှန်ကြားချက်လည်း မထွက်နိုင်သေးဘူး။
မေး။ ။ရွေးကောက်ပွဲ ကော်မရှင်အပေါ်ကိုရော ဘယ်လို အတိုင်းအတာအထိ သဘောထားလဲဆရာ။
ကျွန်တော်တို့က စကတည်းက ရွေးကောက်ပွဲ ကော်မရှင်ကို မကြိုက်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရင် ဘာလို့ မကြိုက်လဲ ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ဆိုတာဟာ ဒိုင်လူကြီးသဘော ဖြစ်ရမယ်။ ဘယ်ဘက်ကမှ မပါရဘူး။ သို့သော် အခုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များသည် ဗိုလ်ချုပ်တွေ ဗိုလ်မှူးဟောင်းတွေ သူတို့ကိုယ်တိုင် ဥက္ကဋ္ဌကိုယ်တိုင် (USDP) လွှတ်တော် ကိုယ်စားလှယ် ပြန်နုတ်ထွက်တယ်။ ဒီနေ့ နုတ်ထွက် တယ် နောက်နေ့ ပြန်ဖြစ်တယ်။ ဒီဥစ္စာတွေက ပုဂ္ဂိုလ်ရေးဖြစ်တော့ သဘောတရားဖြစ်တော့ အန်ကယ်လ်တို့ မကြိုက်ဘူး။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို ပြန်ကြည့်လိုက်ရင်ပါဝင်တဲ့ လူအားလုံးဟာ ပင်စင်စားလူကြီးတွေ ဘက်လိုက်စရာ မလိုအပ်တော့တဲ့ အခြေအနေမှာ မရှိတော့ မတူဘူးလို့ အန်ကယ်လ်တော့ ဒီလိုထင်ပါတယ်။
မေး။ လက်ရှိအချိန်မှာ အင်အားအကြီးဆုံးပါတီနဲ့ ဆရာတို့ အဓိက ယှဉ်ပြိုင်ရမယ့် ပါတီက ဘယ်ပါတီဖြစ်မလဲ ဆရာ။
ကျွန်တော်တို့ အဓိကပြိုင်ဘက် အနေဖြင့် စဉ်းစားရမှာက USDP ပဲ၊ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ အစိုးရကလည်း (USDP) ဆိုတော့ ပြီးတော့ လွှတ်တော်ထဲမှာလည်း သူတို့က လူဦးရေအများဆုံး၊ ဘဏ္ဍာရေး အခြေအနေကြည့်ရင်လည်း သူက အင်အား အတောင့်တင်းဆုံး။ ဒါတွေတွက်ပြီးတော့ အန်ကယ်လ်တို့က အဓိကယှဉ်ပြိုင်ရမှာ။ သူတို့ပဲလို့ အန်ကယ်လ်တို့က ဒီလိုပဲ တွေးပါတယ်။
မေး။ အောင်နိုင်ရေးအဖွဲ့တွေ ဖွဲ့ပြီးပြီဆိုတော့ လက်ရှိအောင်နိုင်ရေးအဖွဲ့ကို ဦးစီးနေတာက ဘယ်သူဖြစ်မလဲ ဆရာ။
ဗဟိုအောင်နိုင်ရေး ဥက္ကဋ္ဌက ဦးတင်ဦးပါ။ နာယကကြီး ဦးတင်ဦးက ဥက္ကဋ္ဌပါ။ ကျန်တဲ့ (CEC) အဖွဲ့ဝင်တွေ ပြည်နယ်တိုင်းက လူကြီးတွေနဲ့ အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့ပါတယ်။ ပြည်နယ်တိုင်း အားလုံးရဲ့ ကိုယ်စားပြုနိုင်တဲ့ အရေအတွက်တွေ ပါပါတယ်။ အရေအတွက်လည်းပါတယ်။ ပုဂ္ဂိုလ်တွေလည်းပါတယ်။
မေး။ ဆရာတို့အနေနဲ့ တိုင်းနဲ့ ပြည်နယ် ဘယ်နှခုလောက် ၀င်ပြိုင်ဖို့ အစီအစဉ်ရှိလဲ။
ယှဉ်ပြိုင်မှုကတော့ (UEC) ကနေ ကြေညာမှ အန်ကယ်လ်တို့ နေရာသိမှာ။ မူအားဖြင့်တော့ နေရာအားလုံး ၀င်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ကိုယ်စားလှယ်လောင်း အားလုံးပေါင်းကတော့ ၁၀၀၀ ကျော်မှာ အရေအတွက်က (UEC) ကြေညာမှ တိကျမှာ။
မေး။ ၁၉၉၀ ရွေးကောက်ပွဲ တုန်းက NLD ပါတီ အနိုင်ရခဲ့ပေမယ့် တပ်မတော်က အာဏာ သိမ်းခဲ့တယ်ပေါ့နော်။ လက်ရှိ အခြေအနေမှာရော အဲဒီအခြေအနေတွေအပေါ် စိုးရိမ်စိတ်တွေ ရှိလားဆရာ။
ကျွန်တော်ကတော့ မမျှော်မှန်းဘူး။ ဟိုတုန်းက တပ်မတော်ကလည်း ပြောရင်တော့ တပ်မတော် စစ်သားနဲ့ အခု တပ်မတော်စစ်သား မတူတော့ဘူးလို့ ထင်ပါတယ်။
မေး။ တပ်မတော်က စစ်သားချင်း မတူတော့ဘူးဆိုတော့ ဘယ်လို ထင်မြင်ချက်နဲ့ ပြောတာလဲဆရာ။
ဟိုတုန်းက အခြေအနေတွေက စစ်တပ်က အာဏာရှင်အစိုးရ၊ အခုကတော့ စစ်တပ် အာဏာရှင်တော့ မဟုတ်ဘူး။ ယူနီဖောင်းချွတ်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ရွေးကောက်ပွဲရှိတယ်။ ပါလီမန်ရှိတယ်။ ဒီအခြေအနေဟာ ဟိုတုန်းကနဲ့ မတူတဲ့အခြေအနေပဲ။
မေး။ အခု ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲ မ၀င်နိုင်ဘူးလို့ ပြောကြတယ်ပေါ့။ အဲဒီပေါ်ကို ဆရာ့အနေနဲ့ ဘယ်လိုထင်မြင်မိပါသလဲ။
အဓိပ္ပာယ်ကောက် လွဲနေကြတာ၊ ဒေါ်စုကရွေးကောက်ပွဲ မ၀င်ဘူးလို့ မပြောပါဘူး။ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းဟာ ဒါဟာ နည်းလမ်းတစ်ခုအဖြစ် ရှိနေတယ်လို့ ပြောတာပါ။
မေး။ ၂၀၁၅ ရွေးကောက်ပွဲအပေါ် ဆရာ့ရဲ့ ထင်မြင်ချက်ကရော ဘယ်လိုရှိလဲ။
ကျွန်တော်တို့ (NLD) ဟာ အလွယ်တကူ နိုင်မယ်လို့ဆိုပြီးတော့ ထင်မနေနဲ့လို့ ကျွန်တော်တို့ အမြဲတမ်း တိုက်တွန်းတယ်။ ကျွန်တော်တို့ အရေးကြီးနေတာက အဓိကအားဖြင့် အများစုကို နိုင်ရမယ်။ အများစုနိုင်မှ လွှတ်တော်ကို လွှမ်းမိုးနိုင်မယ်။ လွှတ်တော်ကို လွှမ်းမိုးနိုင်မှ ကျွန်တော်တို့ ပြည်သူတွေကို လုပ်ပေးမယ်လို့ ကတိပေးထားတာတွေ ကျွန်တော်တို့ အကောင်အထည် ဖော်လို့ရမှာ။
မေး။ ရွေးကောက်ပွဲဆိုင်ရာ မဲထည့်နိုင်သော လူစာရင်းကြေညာချက်တွေ စောင့်ကြည့်နေတဲ့ အပိုင်းက ဘယ်အတိုင်းအတာ ရှိသွားပြီလဲ။ အမှားအယွင်းတွေ တွေ့ရသလား။
အခုထက်ထိ ကြေညာနေတာ နည်းနည်းပဲ ရှိသေးတယ်။ ၁၀ မြို့နယ်လောက်ပဲ ရှိသေးတယ်။ ၁၀ မြို့နယ်မှာ အမှားအယွင်းတွေ များတယ်လို့ပဲ ပြောချင်တယ်။
မေး။ ၂၀၁၅ ရွေးကောက်ပွဲမှာ ကော်မရှင် လုပ်ဆောင်ချက်တွေဟာ လက်ရှိအချိန်မှာ တရားမျှတမှု ရှိတယ်လို့ ထင်လားဆရာ။
အားလုံးခြုံကြည့်ရင် တရားမျှတဖို့ တော်တော် ခဲယဉ်းပါတယ်။ သို့သော် ကျွန်တော်တို့ရဲ့ မူဝါဒအရ ပြည်သူလူထုက အဓိကကျပါတယ်။ ပြည်သူလူထုက ခုနက ပြောသလို (budu educational) မဲဆန္ဒပေးခြင်းနဲ့ ပတ်သက်တဲ့ ပညာတွေ အများကြီးရှိတယ်။
မေး။ လက်ရှိအခြေအနေမှာ ဆရာတို့ တွေ့မြင်သလောက် ပြည်သူလူထုရဲ့ (level) ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်အတိုင်းအတာ ရှိသလဲ။
အများစုက မဲပေးခြင်းနဲ့ ပတ်သက်ပြီး အခြေခံ သဘောတရားတွေ အများစုက နားလည်ပါတယ်။ ဥပဒေပုဒ်မနဲ့ သွားမေးရင်တော့ ဖြေတတ်မှာ မဟုတ်ဘူး။ မဲပေးတယ် ဆိုတာဘာလဲဆိုတာ သူတို့အတော်အသင့် နားလည် တယ်လို့ ကျွန်တော် ထင်မြင်ပါတယ်။
မေး။ ။ ပြည်သူတွေအပေါ်ရော ဆရာတို့ပါတီအနေနဲ့ ဘာတွေမှာကြား ပြောကြားချင်တာရှိလဲ ဆရာ။
ရဲရဲတွေးပါ။ ရဲရဲလုပ်ပါ။ ကြောက်စိတ်က ကိုယ့်ရဲ့အနာဂတ်ကို လွှမ်းမိုးသွားရင် ကိုယ့်အတွက် မကောင်းပါဘူး။ ကြောက်စိတ်ကို ဖျောက်ရမယ်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment