ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ မဲထည့်ရာတွင် အဆင်ပြေစေမည့် စံပြမဲရုံ ဖြစ်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးခွင့်အတွက် မေလ ၂၁ ရက်တွင် စာပေးပို့သွားမည်ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ မှ ဦးဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသုံးပြုမည့် ရွေးကောက်ပွဲ မဲရုံပုံစံမှာ ယခင် ရွေးကောက်ပွဲများတွင် အသုံးပြုခဲ့သည့် မဲရုံပုံစံများ ဖြစ်သဖြင့် မသန်စွမ်းများအတွက် အဆင်ပြေလွယ်ကူမှုမရှိဟု ၎င်းက ဆိုသည်။
ဦးနေလင်းစိုးက “ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ မဲရုံပုံစံ ဒီဇိုင်းက ကျွန်တော်တို့အတွက် အများကြီး အဆင်မပြေသေးဘူးပေါ့။ မဲရုံတွေက ကျွန်တော်တို့အတွက် အဆင်ပြေမယ့် စံပြမဲရုံတွေ ဖြစ်လာဖို့ ကော်မရှင်နဲ့ တိုင်ပင်ရမှာပါ” ဟု ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်ခံတွေ့ဆုံမည့်ရက်ကို သွားရောက်တွေ့ဆုံ မည်ဟုလည်း ၎င်းက ဆိုသည်။
မသန်စွမ်းသူများ ဘ၀မြှင့်တင်ရေးအဖွဲ့ ဘဏ္ဍာရေးမှူး ကိုမြင့်နိုင်ကျော်က “ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တုန်းက မဲရုံတွေမှာ မသန်စွမ်းတွေအနေနဲ့ သွားလာရေးခက်ခဲတာတွေ ကြုံတွေ့ခဲ့ရတာပါ။ အဝင်အထွက် အဆင်မပြေတာ၊ မဲပုံးတွေက မြင့်နေတာမျိုးတွေ ဖြစ်ခဲ့တာပါ။ အဲ့တာ ကြောင့် မသန်စွမ်းအများစုက မဲသွား မထည့်ကြတော့တာ များတယ်။ သွားတဲ့သူတွေကလည်း အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်” ဟု ပြောသည်။
အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် မဲတစ်ရုံတည်းတွင် မဲပေးရန် အ၀င်အထွက် များပြားခြင်းသည် ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ဘီးတပ်ကုလားထိုင် အသုံးပြုရသူများ၊ အမြင်အာရုံ အားနည်းသူများအတွက် အခက်အခဲများ ဖြစ်ပေါ်နိုင်သည် ဟုလည်း ဦးနေလင်းစိုးက ပြောသည်။
ယင်းအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံပါက မသန်စွမ်းများအတွက် တစ်နေရာတည်းတွင် မဲပေးခွင့်ရရန် စီမံဆောင်ရွက်ထားခြင်း၊ အမြင်အာရုံ အားနည်းသူများအတွက် အဆင်ပြေစေမည့် နည်းစနစ်များ စီမံဆောင်ရွက်ခြင်းတို့ကို တင်ပြဆွေးနွေးသွားမည်ဟုလည်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင် အဖွဲ့အနေဖြင့် မသန်စွမ်းအဖွဲ့အစည်းများက ကိုယ်စားလှယ်များ ဖိတ်ခေါ်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ရက်တို သင်တန်းများ ဖွင့်လှစ်ခြင်း၊ သက်ဆိုင်ရာမြို့နယ်များတွင် အသိပညာပေး လုပ်ငန်းများ ပြန်လည်လုပ်ဆောင်နိုင်ရန် ငွေကြေးကူညီခြင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကြီးများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ဖိုရမ်ငယ်များပြုလုပ်ခြင်း၊ ရွေးကောက်ပွဲ ပညာပေး ဗီဒီယိုများ၊ စာအုပ်များ ဖြန့်ဝေခြင်းတို့ ပြုလုပ်သွားမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
Credit - Mizzima News
No comments:
Post a Comment