Monday, May 18, 2015

လူတိုင်းသတင်းစာဆရာဖြစ်ခွင့်ရှိသည် သို့သော် … လူတိုင်းသတင်းစာဆရာ မဖြစ်နိုင်ပါ – ဇော်ထွဋ်မောင်

မီဒီယာရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ အနေနဲ့ ရှေ့တန်းကို ရောက်မှန်းမသိ ရောက် လာတဲ့ မြန်မာနိုင်ငံမှာ မီဒီယာနဲ့ပတ်သက်ပြီး စိတ်ဝင်စားသူတွေ များလာကြပါတယ်။ ဒါဟာ မြန်မာ့မီဒီယာလောက အတွက် အပေါင်းလက္ခဏာ ဆောင်တယ်လို့ သုံးသပ်ကောင်း သုံးသပ်နိုင်ပေမယ့် အဲဒီစိတ်ဝင်စားသူတွေထဲက မီဒီယာရဲ့ကျင့်ဝတ် စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ အရည်အချင်းရှိသူတွေ၊ မီဒီယာရဲ့ ကျင့်ဝတ်စံနှုန်းတွေကို လေးစား တန်ဖိုးထားတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို စစ်မယူနိုင်ရင်တော့ အပေါင်းလက္ခဏာ ဆောင်နေရာကနေ အနုတ်လက္ခဏာ အသွင်ဆောင်သွားနိုင်စရာ ရှိပါတယ်။

အဲဒီလို အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုအနေနဲ့ ရှေ့တန်းကို ရောက်မှန်း မသိ ရောက်လာခဲ့တဲ့ မီဒီယာကို စိတ်ဝင်စားတဲ့လူတိုင်း သတင်းစာဆရာ ဖြစ်ခွင့်ရှိတာ အမှန်ပါ။ သာတူညီမျှ အခွင့်အရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်တွေရှိတယ် ဆိုတဲ့အတွက်လည်း လူတိုင်းသတင်းစာဆရာ ဖြစ်ခွင့်ရှိတာကို
ပိုပြီး သေချာစေပါတယ်။ ဒါပေမဲ့ လူတိုင်း သတင်းစာဆရာတော့ ဖြစ်နိုင်ကြတာ မဟုတ်ပါဘူး။ ဆိုလိုတာက လူတိုင်း သတင်းစာဆရာ ဖြစ်ခွင့်ရှိပေမယ့် လူတိုင်းတော့ သတင်းစာဆရာ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပါ။ အနည်းဆုံးတော့ အမှန်တရားကို တန်ဖိုးထား မြတ်နိုးတတ်တဲ့ လူတွေသာ သတင်းစာဆရာဖြစ်နိုင်တဲ့ အခွင့်အလမ်းကို တွေ့နိုင်စရာ ရှိပါတယ်။

ဒါဖြင့် ဒီနေ့မီဒီယာ လောကထဲမှာ ရှိနေတာ အမှန်တရားကို တန်ဖိုးထား မြတ်နိုးတတ်တဲ့ သတင်းစာဆရာ စစ်စစ်တွေ လားလို့ မေးလာခဲ့ရင်တော့ မဟုတ်ဘူးလို့ ဖြေရမှာပါ။ အမှန်တရားကို တန်ဖိုးထားရကောင်းမှန်း မသိတဲ့၊ တန်ဖိုးမထားတတ်တဲ့၊ မြတ်နိုး ထားရကောင်းမှန်းမသိတဲ့၊ မမြတ်နိုးတတ်တဲ့ သတင်းစာဆရာတွေ ရောနှော ပါဝင်နေတဲ့အတွက် ဒီအဖြေကို ဖြေရတာ ဖြစ်ပါတယ်။ အဲဒီလိုအမှန်တရားကို တန်ဖိုးထား မြတ်နိုး ထားရကောင်းမှန်း မသိတဲ့ သတင်းစာဆရာတွေက ဘယ်လိုသတင်းစာဆရာတွေလဲ၊ အမှန်တရားကို တန်ဖိုးထား မြတ်နိုးရကောင်းမှန်းမသိဘဲ ဘယ်လိုသတင်းစာ ဆရာ ဖြစ်လာကြသလဲ။ စဉ်းစားစရာ ကောင်းသလို စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ဒါကိုစဉ်းစားရကောင်းမှန်း၊ စိတ်ဝင်စားရကောင်းမှန်း မသိရင် ဒါမှမဟုတ် သိပြီးမသိဟန်ဆောင်နေရင် မီဒီယာလောကရဲ့ အနာဂတ်ဟာ ရင်လေးလာဖွယ်ရာ ရှိပါတယ်။

သတင်းစာဆရာစစ်စစ်ဆိုတာက အမှန်တရားကို တန်ဖိုးထား မြတ်နိုးတတ်တဲ့ စိတ်တစ်ခုတည်းနဲ့ ဖိနှိပ် ချုပ်ချယ်မှုတွေ၊ နိုင်လိုမင်းထက် ပြုကျင့်မှုတွေ၊ နှိမ့်ချဆက်ဆံမှုတွေကို မနှစ်သက်၊ မရှုစိမ့်ရာကနေ ဘယ်သူကမှ မခိုင်းဘဲနဲ့၊ ဘယ်အဖွဲ့ကမှ တွန်းအားမပေးဘဲနဲ့ ကိုယ်သဘောနဲ့ကိုယ် ဆုံးဖြတ်ပြီး ကျေကျေနပ်နပ်နဲ့ သတင်းစာ ဆရာအဖြစ်ကို ခံယူလာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒီသတင်းစာဆရာတွေဟာ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ နိုင်လိုမင်းထက် ပြုကျင့် မှုတွေ၊ နှိမ့်ချဆက်ဆံမှုတွေနဲ့ ဆိုင်တဲ့သတင်းတွေ၊ သတင်းဆောင်းပါးတွေကို အမှန်တရား ဘက်ကနေပြီး ရဲရဲဝံ့ဝံ့ ဖော်ထုတ်ရေးသား ကြသူတွေ ဖြစ်ပါတယ်။

သတင်းစာဆရာ စစ်စစ်မဟုတ်တဲ့ သတင်းစာဆရာ ဆိုသူတွေကတော့ သူတို့သဘောနဲ့သူတို့ ကျေကျေနပ်နပ် သတင်းစာဆရာအဖြစ်ကို ခံယူလာကြတာ မဟုတ်ပါဘူး။ တစ်စုံတစ်ခုအတွက်၊ တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေမှု ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုရဲ့ တွန်းအားပေးမှုတွေနဲ့သာ သတင်းစာသမားအဖြစ်နဲ့ ခံယူခဲ့ကြတာပါ။ ဒါကြောင့် သူတို့ဟာ အမှန်တရားကို တန်ဖိုးထား မြတ်နိုးဖို့ထက် သူတို့ကိုခိုင်းစေတဲ့ တစ်စုံတစ်ယောက်၊ ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုခုအပေါ် တန်ဖိုးထားမြတ်နိုးဖို့ကို ပိုပြီး ဦးစားပေးလေ့ ရှိပါတယ်။ ဖိနှိပ်ချုပ်ချယ် မှုတွေ၊ နိုင်လိုမင်းထက် ပြုကျင့်မှုတွေ၊ နှိမ့်ချဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ ဖော်ထုတ်ရေးသားဖို့ထက် သူတို့ကို ခိုင်းစေတဲ့ တစ်စုံတစ်ယောက်၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုနဲ့ ပတ်သက်တဲ့ အမွမ်းတင်မှုတွေ၊ ချီးကျူးမှုတွေ၊ ဂုဏ်ပြုမှုတွေကိုသာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဖော်ထုတ် ရေးသားဖို့ကို အစဉ်တစိုက်နဲ့ ဇောင်းပေးနေလေ့ ရှိကြပါတယ်။ ဒီအတွက် သူတို့ကို သတင်းစာဆရာ ဆိုတာထက် ၀ါဒဖြန့်ချိရေးသမားတွေ၊ ဒါမှမဟုတ် Lobbyist တွေလို့ပြောရင် ပိုပြီးမှန်နိုင်စရာ ရှိပါတယ်။

ဒီလို သတင်းစာဆရာ စစ်စစ်မဟုတ်တဲ့ ၀ါဒဖြန့်ချိရေးသမားတွေ၊ ဒါမှမဟုတ် Lobbyist တွေ မီဒီယာ လောကထဲမှာ များလာရင် အမှန်တရားကို တန်ဖိုးထား မြတ်နိုးတတ်တဲ့ မီဒီယာလောကဟာ မမှားရင်တောင် မှန်ပါတယ်လို့ ယုံကြည်ဖို့ခက်တဲ့ ၀ါဒဖြန့်မှုနဲ့ အမွမ်းတင်မှု မှိုင်းတွေကြားမှာ အသက်ရှူရ ခက်သွားနိုင်စရာ ရှိပါတယ်။ အဲဒီထက်ပိုဆိုးတာက အမှန်တရားကိုတန်ဖိုးထား မြတ်နိုးတတ်တဲ့ သတင်းစာဆရာတွေထက် အမှန်တရားကို တန်ဖိုးမထား မမြတ်နိုးတတ်တဲ့ ၀ါဒဖြန့်ချိရေးသမားတွေ၊ ဒါမှမဟုတ် အမွှမ်းတင်တတ်တဲ့ Lobbyist တွေများလာရင် ပြည်သူကြားမှာ အမှန်တရား ကွယ်ပျောက်ပြီး အမှားတွေကို အမှန်ထင်တဲ့ ထင်ယောင်ထင်မှားမှုတွေသာ ထွန်းတောက်လာဖို့ရှိပါတယ်။ ဒါကို ကာကွယ်တားဆီးဖို့က သတင်းစာဆရာ စစ်စစ်တွေရဲ့ တာဝန်သာ ဖြစ်တယ်ဆိုတာကို အထူးတလည် ဖော်ပြနေဖို့ မလိုဘူးလို့ ယူဆမိပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment