ပြီးခဲ့သည့် တစ်ပတ် အမျိုးသမီးနှင့် ရွေးကောက်ပွဲ အမည်ဖြင့်
စကားဝိုင်းတွင် လွတ်တော်၌ အမျိုးသမီး ပါဝင်မှုနှုန်း၊ လူထု အခြေပြု
အဖွဲ့အစည်းများ အနေဖြင့် ကိုယ်စားလှယ်လောင်း အမျိုးသမီးများကို ကူညီပေးမှု၊
ရွေးကောက်ပွဲဝင်မည့် အမျိုးသမီးများပြင်ဆင်ထားသင့်သည့် အချက်များ၊
အမျိုးသမီးများအတွက် စိန်ခေါ်မှုများ စသည့် ဆွေးနွေးမှုများကို
ဖော်ပြပြီးနောက် ယခုတစ်ပတ်တွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့်
အမျိုးသမီးများကို မည်သို့ ပံ့ပိုးပေးသင့်သလဲ၊ အစိုးရ အနေဖြင့် မည်သို့
မူဝါဒများကို ချမှတ်ထားသင့်လဲ ဆိုသည့် အချက်များကို ဆက်လက်ဆွေးနွေးသွားမည်
ဖြစ်သည်။
ရွေးကောက်ပွဲ ဝင်ပြိုင်မည့် အမျိုးသမီးများကို ဘယ်လို ပံ့ပိုးသင့်လဲ၊ အစိုးရက ဘယ်လို မူဝါဒတွေ ချထားသင့်လဲ။
ရွေးကောက်ပွဲ ဝင်ပြိုင်မည့် အမျိုးသမီးများကို ဘယ်လို ပံ့ပိုးသင့်လဲ၊ အစိုးရက ဘယ်လို မူဝါဒတွေ ချထားသင့်လဲ။

မပျိုးလက်ဟန်
ဒီတစ်ပတ်မှာ ဆွေးနွေးမယ့် အကြောင်းအရာကတော့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်အရွေးခံမယ့် အမျိုးသမီးတွေကို ဘယ်လိုကူညီပံ့ပိုး ပေးသင့်တယ်၊ အစိုးရအနေနဲ့ကော ဘယ်လိုမူဝါဒတွေ ထားသင့်တယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ကော ဒီအမျိုးသမီးတွေကို ဘယ်လိုကူညီပံ့ပိုး ပေးသင့်လဲဆိုတဲ့ အကြံဥာဏ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
မပျိုးလက်ဟန်
မဖြူဖြူသင်းအနေနဲ့ လွှတ်တော်မှာ ဒီရွေးကောက်ပွဲမှာ အမျိုးသမီးတွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်လာနိုင်ဖို့ အတွက်ကို ပါတီအနေနဲ့ကော ဘယ်လိုပါဝင်ကူညီပံ့ပိုးပေးမှုတွေ၊ ဘယ်လိုစနစ်မျိုးတွေ၊ ဘယ်လိုမူဝါဒ မျိုးတွေ ထားရှိသင့်တယ်လို့ ထင်ပါသလဲရှင့်။
မဖြူဖြူသင်း
အဓိကကတော့ ကျွန်မမြင်တာတော့ ပါတီတွေအနေနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဘယ်လောက်ထိ မြှင့်တင်ပေးဖို့ လိုမလဲဆိုပြီးတော့ လုပ်လို့ရတာတွေ ရှိတယ်။ ကျွန်မတို့နိုင်ငံမှာ အစိုးရတစ်ရပ်အနေနဲ့ကော နောက်ရွေးကောက်ပွဲ ကော်မရှင်တွေ အနေနဲ့ကော ဒီအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အရင်ကတည်းကလည်း သူတို့ မစဉ်းစားထားဘူးပေါ့နော်။
တိုးတက်လာဖို့၊ မြှင့်တင်ပေးဖို့ဆိုတာ အစီအစဉ် မရှိသေးဘူးပေါ့။ အခုလက်ရှိ အနေအထားမှာလည်း ဒါကိုလုပ်မယ့်ပုံစံလည်း သိပ်မရှိသေးဘူး။ အဓိက ဥပဒေတွေပြဌာန်းဖို့ လိုတာပေါ့နော်။
အဲ့လိုမလုပ်တဲ့အချိန်မှာ ကျွန်မတို့တွေက ဒီပါတီတွေရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးကြီးတယ်လို့ ကျွန်မမြင်ပါတယ်။ သူတို့စနစ်တွေကို မချပေးဘူး။ သူတို့တွေအနေနဲ့ အစိုးရတွေအနေနဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေရလာဖို့ကို ဆောင်ရွက်ဖို့ အစီအစဉ်မရှိတဲ့ အချိန်မှာ ကျွန်မတို့ပါတီတွေ အနေနဲ့ကတော့ ဒီအမျိုးသမီးတွေ ဘယ်လောက်ထိ ပါဝင်နိုင်ရမလဲဆိုတာကို ရွေးချယ်ပြီး သတ်မှတ်ထားဖို့ လိုတယ်ဆိုတာကိုမြင်တယ်။ ကျွန်မတို့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ ကျွန်မတို့ပါတီ အနေနဲ့ကတော့ မူတစ်ခုချလိုက်တယ်ပေါ့နော်။
အဓိကကတော့ ကျွန်မတို့ရွေးချယ်လိုက်မယ့် ပါတီရဲ့မူမှာ ဘယ်လိုလူမျိုးတွေ ဖြစ်ရမလဲဆိုတာကို အဓိကထားပြီးတော့ အဲ့ဒီမူနဲ့ချမှတ်ပြီးတော့ ရွေးချယ်တဲ့ အခါကျတော့ ကျွန်မတို့ အမျိုးသမီးဦးရေဟာ ၃၀ ရာခိုင်နှုန်းအထိ ပါလာတာကို တွေ့ရတာပေါ့နော်။ ဒါကြောင့်မို့ ကျွန်မတို့က အဓိကကတော့ လူငယ်ဖြစ်ရမယ်ပေါ့။ အမျိုးသမီးဖြစ်ရမယ်။ ဒီလူငယ်ထဲမှာမှ အမျိုးသမီးနဲ့ အမျိုးသားနဲ့ယှဉ်ရင် အမျိုးသမီးကို ဦးစားပေးမယ်ဆိုတဲ့ မူလည်းရှိတယ်။ နောက်တစ်ခုက ကျတော့ တကယ်လို့ဝင်ရောက် ယှဉ်ပြိုင်မယ့် သူတွေဟာ တိုင်းရင်းသားတွေကိုလည်း ဦးစားပေးပြီးတော့ ရွေးချယ်မယ် ဆိုတဲ့ မူကို ချလိုက်တဲ့အခါကျတော့ ကျွန်မတို့က ဒီဥပဒေတွေ ထုတ်ပြန်တာ၊ မထုတ်ပြန်တာထက် ကိုယ့်ရဲ့အဲ့လိုပုံစံမျိုး ရွေးချယ်လိုက်ခြင်းအားဖြင့် ကျွန်မတို့က တခြားနိုင်ငံတွေနဲ့နည်းတူ ကျွန်မတို့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေက နည်းမသွားဘဲနဲ့ ကိုယ့်ရဲ့အခွင့်အရေးကို ပိုပြီးရနိုင်မယ်လို့ ကျွန်မတို့မြင်ပါတယ်။
မပျိုးလက်ဟန်
ကျေးဇူးတင်ပါတယ်။ မချယ်ရီအနေနဲ့ကောပေါ့။ အခုလွှတ်တော်ထဲမှာ တိုင်းရင်းသူကိုယ်စားလှယ်လောင်း ဆိုတာ အတော်ကိုနည်းပါလိမ့်မယ်နော်။ အဲ့လိုနည်းနေတဲ့အတွက်ကြောင့်မို့ ကျွန်မတို့က များလာအောင်လို့ ဘယ်လိုစနစ်မျိုးတွေ ကျင့်သုံးသင့်တယ်လို့ ထင်ပါသလဲရှင့် ဆွေးနွေးပေးပါဦး။
မချယ်ရီ
ဟုတ်ကဲ့။ ခုနကမဖြူပြောသလိုပေါ့နော်။ အဓိကက ဒီပါတီတွေကနေ အမျိုးသမီးတွေကို ဦးစားပေးလာဖို့ အင်မတန်မှ လိုအပ်တယ်။ နောက် တိုင်းရင်းသား ပါတီတွေထဲမှာ ပိုပြီးတော့လိုအပ်တယ်။ ဘာလို့လည်း ဆိုတော့ ပြည်နယ်ခုနစ်ခုကို ကျွန်မတို့ကြည့်ကြည့်မယ်ဆိုရင် အခုလောလောဆယ်မှာ ကချင်ပြည်နယ်မှာ အမျိုးသမီးတစ်ယောက် တွေ့ရလိမ့်မယ်။ လိုချင်တဲ့နေရာမှာ လုံးဝကိုမတွေ့ရသလို ဖြစ်နေတယ်။
ခုနက၂၀၁၂ မှာလုပ်ခဲ့တဲ့ သန်းခေါင် စာရင်းအရလည်းပဲ တိုင်းရင်းသားဒေသတိုင်းမှာ ဒီလူဦးရေတစ်ဝက်က အမျိုးသမီးတွေဖြစ်နေတယ် ဆိုတော့ အမျိုးသားတွေချည်းကနေပဲ ပြည်နယ်အစိုးရ တွေမှာ ၀န်ကြီးနေရာကော၊ အမတ်တွေနေရာမှာကော ၀င်ပြီးကြီးစိုးနေတဲ့ အခါကျတော့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေ အင်မတန်မှ လစ်ဟာနေတာတွေ တွေ့ရတယ်ပေါ့နော်။ အဲ့ဒါတွေကြောင့်မို့ တိုင်းရင်းသား ပါတီတွေအနေနဲ့ သူတို့ရဲ့အမတ်လောင်းတွေ စာရင်းထဲမှာ အမျိုးသမီးတွေကို လုံးဝထည့်ကို ထည့်သင့်တယ်။
ကျွန်မတို့ CPP ချင်းတိုးတက်ရေးပါတီ အနေနဲ့ဆိုလို့ရှိရင် အခု ၆ ယောက်လျာထားတယ် ပေါ့နော်။ ဒီထက်ပိုပြီးလည်း ပိုများရင်များလာလိမ့်မယ်။ ဒါကလူထုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ် ဆိုလို့ရှိရင် အမျိုးသမီးတွေ မပါလို့မရဘူးဆိုတဲ့ စနစ်နဲ့ကျွန်မတို့ သွားဖို့လိုအပ်လိမ့်မယ်။ ပြီးရင်အဲ့လိုမျိုး သွားတဲ့နိုင်ငံတွေက အင်မတန်မှတိုးတက်တာတွေလည်း ကျွန်မတို့တွေ့ရတယ်။ ဥပမာ- မွန်ဂိုးလီယားလို နိုင်ငံမျိုးတွေဆိုရင် Quator စနစ်ကိုသုံးလိုက်တယ်။ နှစ်တွေကြာလာတဲ့ အခါကျတော့ အမျိုးသမီးတွေက သူ့ဟာသူလွှတ်တော်ထဲ ရောက်လာတယ်။
အဲ့ဒီအခါကျတော့ အမျိုးသားတွေက နည်းလာတဲ့အခါကျတော့ အမျိုးသားတွေအတွက် ပြန်ပြီးတော့ Quator ပြန်လုပ်နေရတယ်ဆိုတော့
Quator လုပ်တယ်ဆိုတာလည်းပဲ ကျွန်မတို့နိုင်ငံမှာ အရမ်းကြောက်ကြတယ် အမျိုးသားတွေက။ တကယ်တမ်းတော့ ကြောက်စရာ
မလိုဘူး။ ဒါက ယာယီပဲ။
ကားပေါ်တက်မယ်ဆိုရင် သိပ်မမီတဲ့အတွက်ကြောင့် ထိုင်ခုံလေးထည့်ပေးလိုက်တဲ့ အဆင့်လောက်ပဲ၊ ကုလားထိုင်လေး ထည့်ပေးလိုက်တဲ့ အဆင့်လောက်ပဲ။ ဆိုတော့ အဲ့ဒါသူ့ဟာသူ တက်ပြီးသွားပြီဆိုလို့ရှိရင် Quator စနစ်ကို ပြန်ဖြုတ်လို့ရတယ်ပေါ့နော်။ အဲ့လိုမျိုးလုပ်ထားမှ Formally ပေါ့နော်။ ဒီဥပဒေကနေလည်း လုပ်ထားမှ၊ ပါတီအနေနဲ့လည်း လုပ်ထားမှ အမျိုးသမီးတွေရဲ့ ပါဝင်မှုက တကယ်ပဲ ၂၀၁၅ မှာကော ၂၀၂၀ မှာကော ပိုပြီးတော့ တိုးတက်လာလိမ့်မယ်လို့ ထင်ပါတယ်။
မပျိုးလက်ဟန်
ကျေးဇူးတင်ပါတယ်။ မနွယ်ဇင်အနေနဲ့ကော ဒီအမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို လူထုအခြေပြုအဖွဲ့တွေအနေနဲ့ ဘာတွေများ၊ ဘယ်လိုနည်းလမ်းတွေနဲ့များ ကူညီပံ့ပိုးပေးနိုင်လဲ။ နောက်တစ်ခုက အစ်မလည်းပြောသွားတယ်ပေါ့။ ဒီမဲဆန္ဒရှင် အမျိုးသမီးတွေ အနေနဲ့လည်း မဲပေးဖို့နည်းလမ်း တွေ သိဖို့လိုနေတယ်လို့ပြောတယ်။ ဒါကိုကော အစ်မတို့အနေနဲ့ ဘယ်လိုကူညီပံ့ပိုး ပေးနိုင်လဲ၊ နောက်တစ်ခုက အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ကော ဒီနိုင်ငံတော်အစိုးရ အပါအ၀င်ပေါ့ ဒီလွှတ်တော်ကော်မရှင်အပါအ၀င် ဘယ်လိုများ တွန်းအားတွေ ပေးနိုင်မလဲပေါ့။
မနွယ်ဇင်ဝင်း
အရပ်ဘက်အဖွဲ့အစည်း တွေအနေနဲ့ကတော့ ဒီအမျိုးသမီးတွေ ရွေးကောက်ပွဲ ဝင်ဖို့ပေါ့နော် ကိုယ်စားလှယ်တွေ များလာဖို့
ပြုလုပ်တဲ့ နေရာမှာတော့ အင်မတန်အရေးပါတဲ့ နေရာမှာရှိတယ်ပေါ့နော်။ အထူးသဖြင့်တော့ အခုလက်ရှိ အခြေအနေမှာ
ပေါ့နော်။ အဲ့ဒီနေရာမှာ ခုနတုန်းက မဖြူတို့လည်း ပြောခဲ့တယ်။ အမျိုးသမီးတွေ ရွေးကောက်ပွဲဝင်တဲ့အခါမှာ ငွေကြေး
အားဖြင့်လည်းလိုတယ်။ အဲ့ဒီအခါမှာ အရပ်ဘက် အဖွဲ့အစည်းတွေက ပေါင်းပြီးတော့များ ဥပမာ- Vote For Women ပေါ့နော်။ အမျိုးသမီးတွေကို မဲပေးကြစို့ဆိုတဲ့ Campaign မျိုးပေါ့နော်။ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးရင် ဒီမဲဆွယ်နေတဲ့ အမျိုးသမီးတွေအတွက် အများကြီး အထောက်အကူပြုတယ်ပေါ့နော်။
ဒါမျိုးတွေ လုပ်ပေးနိုင်တယ်။ နောက်တစ်ခါ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးတွေကလည်း ဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့ နိုင်ငံရေး အခြေအနေတွေ နောက်တစ်ခုက ရွေးကောက်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေ ဒါတွေကိုသိလာအောင် နောက်တစ်ခါ မဲဆွယ်တဲ့ပွဲတွေ လုပ်လို့ရှိရင် ဘယ်လိုလုပ်ရလဲ။ ဘယ်လိုစည်းကမ်း လိုက်နာရမလဲ၊ ဘယ်လိုမျိုးဆိုတဲ့ ဟာတွေကို အမြင်ဖွင့်တာတွေ နောက်ပြီးတော့ သူတို့ရဲ့စွမ်းဆောင်ရည် မြှင့်တင်ဖို့ လုပ်ပေးတဲ့ဟာတွေ လည်း အများကြီးလုပ်ပေးလို့ ရတယ်ပေါ့နော်။
ဒါကတော့ ဝင်ရောက်မယ့် ကိုယ်စားလှယ်တွေကို ပံ့ပိုးပေးတာမျိုးပေါ့။ တစ်ဖက်ကလည်း မဲပေးမယ့်သူတွေကိုလည်း အမြင်ဖွင့်တာတွေ၊ ပညာပေးတာတွေ လည်း လုပ်သင့်တယ်လို့ မြင်တယ်ပေါ့နော်။ ဘာလို့လဲဆိုလို့ရှိရင် ခုနတုန်းကပြောသလိုပဲ အမျိုးသမီး တစ်ဝက်ကျော်သည် မြန်မာပြည်ရဲ့လူဦးရေး တစ်ဝက်ကျော်သည် အမျိုးသမီး။ ဒါပေမယ့် မဲပေးမယ့် အမျိုးသမီးတွေက ဘယ်လိုစဉ်းစားပြီး ပေးတယ်ဆိုတဲ့ဟာ မရှိဘူးပေါ့နော်။ သူ့ဟာသူအမှီအခို ကင်းကင်းနဲ့ပေးတာလား။ သူတို့ကိုယ်တိုင် ဒီအမျိုးသမီးခေါင်းဆောင်တွေ၊ အမတ်လောင်းတွေပေါ်မှာ ဘယ်လိုသဘောထားလဲ။ ဒါတွေကျွန်မတို့ မသိတဲ့အတွက်ကြောင့် Study လိုဟာမျိုး လုပ်ထားသင့်တယ်။ သုတေသနလုပ်ထားသင့်တယ်။
ဥပမာ- ဆိုလို့ရှိရင် ဘယ်မဲဆန္ဒနယ်ကတော့ အမျိုးသမီးတော်တော် များများဟာ အမျိုးသားပေးလို့ လိုက်ပေးတာလား။ ဒါမှမဟုတ် ဆုံးဖြတ်ချက်နဲ့ ပေးတာလားပေါ့။ အဲ့ဒါကို Study (လေ့လာ) လုပ်ထားသင့်တယ်။ နောက်ပြီးတဲ့အခါမှာ အမျိုးသမီးတွေကိုယ်တိုင် ကိုယ့်ဆန္ဒနဲ့ကိုယ် မဲပေးနိုင်အောင် ပညာပေးတာတွေ၊ နောက်အမြင်ဖွင့်တာတွေ၊ အသိပညာပြန့်ပွားအောင် များများကြီး လုပ်ပေးရမယ်ပေါ့နော်။ ဒါကတော့ မဲပေးမယ့်မဲဆန္ဒနယ်ကို CSO (အရပ်ဘက် အဖွဲ့အစည်း) တွေက ၀င်ပြီးတော့ လုပ်ပေးနိုင်တာ ပေါ့နော်။ နောက်တစ်ခုကတော့ ဒီ CSO တွေအနေနဲ့ ဒီနိုင်ငံရေး ပါတီတွေ၊ နိုင်ငံတော် အစိုးရကိုလည်း တွန်းအားပေးသင့်တယ်ပေါ့နော်။ နိုင်ငံရေးပါတီတွေ ဆိုလို့ရှိရင်လည်း သူတို့မှာလည်း ပါတီမူဝါဒတွေ ရှိပြီးသား ဒီပါတီမူဝါဒတွေ အကောင်အထည်ဖော်ဖို့ အမျိုးသမီးတွေဟာ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေများလာမှ ဒီကိုယ်စားပြုမှုတွေများလာမှ ဒီအမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အောက်ခြေက ပြဿနာတွေက တော်တော်များများမှာ ဖြေရှင်းပြီးသား ဖြစ်မယ်ဆိုတဲ့ Message တွေပေါ့နော်။ သတင်းအချက်အလက်တွေ များများပေးပြီး တွန်းအားပေးရမယ်။ နောက်ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း အမျိုးသမီးကိစ္စတွေကို အမျိုးသမီးအမတ်လောင်းတွေကို တွန်းအားပေးဖို့ ကူညီပေးဖို့ အစိုးရအနေနဲ့ကော ဘယ်လိုကူညီပေးနိုင်လဲ ဆိုတဲ့ဟာမျိုးတွေတော့ CSO တွေက များများလုပ်ပေးရမှာ ပေါ့နော်။
အစ်မအနေနဲ့ နောက်ဆုံးတစ်ခုကတော့ ဒီဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးအမတ်လောင်း တွေကို အကြံပြုလိုတာပေါ့နော်။
အဲ့ဒီတော့ အမျိုးသမီး အမတ်လောင်းတွေ အနေနဲ့ ကိုယ်တိုင်ပြင်ဆင် ထားဖို့ လိုပါတယ်။ အထူးသဖြင့်တော့ များသောအားဖြင့် ပါတီတွေမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့အခါ ပါတီမူဝါဒတွေကိုတော့ မဲဆွယ်တဲ့အခါမှာ ပြောရတယ်ပေါ့နော်။ ဒါပေမယ့် တစ်ဖက်တည်းမှာလည်း တစ်ဆက်တည်းမှာလည်း လူထုကဘာကို စိတ်ဝင်စားလဲဆိုရင် ဒီအမတ်လောင်းက ကိုယ့်အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာကို စိတ်ဝင်စားတယ်။ ဥပမာ- မဖြူဆိုလို့ရှိရင် NLD ပါတီရဲ့မူဝါဒရှိသလိုပဲ တစ်ဖက်ကလည်း သူဘာလုပ်ပေးနိုင်တယ်ဆိုတဲ့ဟာကို လူထုကသိတယ်။ အဲ့တော့ သူက HIV နဲ့ပတ်သက်တာ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ပတ်သက်တာ လုပ်ပေးနိုင်တာသိတယ်။ နောက်တစ်ခါ မချယ်ရီဆိုလို့ရှိရင်လည်း သူကလူ့အခွင့်အရေးနဲ့ပတ်သက်ပြီး သူဘာတွေလုပ်ပေးနေတယ်ဆိုတာ သူ့ပြည်နယ်ကသိတယ်။ အဲ့လိုသိခြင်းအားဖြင့် အမျိုးသမီးအမတ်လောင်းတွေ အနေနဲ့ ကိုယ်ဘာလုပ်ပေးနိုင်တယ်၊ ကိုယ့်ရဲ့ယုံကြည်ချက်ကို ဘယ်လိုခိုင်ခိုင်မာမာ လုပ်ပေးနိုင်တယ် ဆိုတဲ့ဟာကိုတော့ မဲဆွယ်တဲ့နေရာမှာ တိတိကျကျ၊ ရှင်းရှင်းလင်းလင်း ပြောနိုင်ဖို့အတွက်ကို ပြင်ဆင်ထားဖို့ လိုတယ်လို့မြင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
မပျိုးလက်ဟန်
ဟုတ်ကဲ့။ ကျွန်မတို့ရဲ့ အမျိုးသမီးနဲ့ ရွေးကောက်ပွဲ အစီအစဉ် အောက်ကနေပြီးတော့မှ ကျွန်မတို့ဒီနေ့ ဆွေးနွေးသွားတဲ့
ရွေးကောက်ပွဲဝင်မယ့် အမျိုးသမီးတွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားသင့်တယ်၊ ဘာတွေလုပ်သင့်တယ်ဆိုတာနဲ့ အရပ်ဘက်အခြေပြု လူထုအဖွဲ့အစည်းတွေအနေနဲ့ရော ဘယ်လိုကူညီပံ့ပိုး ပေးသင့်တယ်ဆိုတဲ့ ဆွေးနွေးခန်းလေးကတော့ ဒီတင်ပဲပြီးဆုံးပါပြီ။ ဒီအစီအစဉ်လေးမှာ အားကြိုးမာန်တက် ဆွေးနွေးပေးသွားခဲ့ကြတဲ့ ဒေါ်ဖြူဖြူသင်း၊ ဒေါ်ချယ်ရီဇဟောင်နဲ့ ဒေါ်နွယ်ဇင်ဝင်းတို့ကို ကျွန်မတို့ အစီအစဉ်ကနေပြီးတော့ ကျေးဇူးအများကြီး တင်ရှိပါတယ်လို့ ပြောကြားလိုပါတယ်။
အမျိုးသမီး နှင့် ရွေးကောက်ပွဲ (၁)
Credit - Mizzima News
No comments:
Post a Comment