ရန်ကုန်၊ မေ ၁၉။ ။ အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင်(ခ)
ကိုပါကြီး သေဆုံးမှုတွင် ပါဝင်သည့် အစောင့်စစ်သည် ဒုတပ်ကြပ်နှင့် တပ်သား
တစ်ယောက်ကို စစ်ဘက်တရားရုံးက တရားသေ လွှတ်ပေးလိုက်သည့် အတွက်
သံရုံးများနှင့် မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်သို့ ကန့်ကွက်စာ
ပေးပို့သွား မည် ဖြစ်ကြောင်း ကိုပါကြီး၏ ဇနီး မသန္တာက မဇ္ဈိမကို ပြောသည်။

ယင်းအမှုတွင် ပါဝင် ပတ်သက်သည့် အစောင့်စစ်သည် ဒုတပ်ကြပ်နှင့် တပ်သားတစ်ယောက်ကို စစ်ဘက် တရားရုံးက တရားသေ လွှတ်ပေးလိုက်ကြောင်း အမိန့်ချသည်ဟု တပ်မတော်က မြန်မာနိုင်ငံလူအခွင့်အရေး ကော်မရှင်ထံသို့ မေ ၉ရက်က စာပို့ခဲ့ခြင်း ဖြစ်သည်။
မသန္တာက ” ကာကွယ်ရေးဝန်ကြီးဌာန website ကတင်တာလည်း မဟုတ်ဘူး၊ ဒီတစ်ပတ်အတွင်းမှာ အစ်မရှေ့နေ နဲ့ တိုင်ပင်ပြီး ၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေအရ တပ်မတော်သား နှစ်ယောက် ကိုတရားသေ လွှတ်လိုက်ပြီဆိုတာကို ကန့်ကွက်မယ်၊ ဒီကန့်ကွက်စာကို ဒီမိုကရေစီ ရေးအား ပေးတဲ့ တခြားနိုင်ငံက သံရုံး တွေကိုလည်းပို့သွားမယ်၊ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့် အရေးကော်မရှင်ရုံး ကိုလည်းပို့သွားမယ်၊” ဟု ဆိုသည်။
အဆိုပါ တပ်မတော်သားနှစ်ဦးကို စစ်ခုံရုံးမှတရားသေလွှတ်လိုက်ခြင်းကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင် website တွင်ဖော်ပြထားပြီး ကာယကံရှင်မိသားစု၊ မီဒီယာနှင့် အရပ်ဘက်တရား စီရင်ရေးပိုင်းကို အသိပေးမှုတစ်စုံတစ်ရာမရှိခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်းများနှင့် ပတ်သက်ပြီး မေလ တတိယပတ်အတွင်း ကန်ကွက်စာပေး ပို့သွားမည်ဖြစ်သည်။
ကိုပါကြီးသတ်ခံရမှုကို သက်သေအဖြစ် ဇနီးသည် မသန္တာကို ကျိုက်မရော တရားရုံးက မေ ၁၁ရက်တွင် စစ်ဆေးခဲ့ပြီး ကျန်ရှိနေသော သက်သေ ၄ဦးကို မေ ၂၅ရက်သို့ ရုံးချိန် ပြန်လည် ချိန်းဆိုထားသည်။
တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်ကမူ ယင်းလုပ်သည် လူ့အခွင့်ရေးကော်မရှင်၏ သုံးသပ်ချက် နှင့် ကိုက်ညီမှုမရှိသည့် အတွက် ပြန်လည်စိစစ်ပေး ရန် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ထံ တင်ပြတောင်းဆိုမည်ဟု မဇ္ဈိမကို ပြောထားသည်။
တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ကိုအောင်နိုင် (ခ) ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး၏ အမှုကို ရဲလုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်၍ နယ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးသင့်သည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်က သမ္မတထံ အကြံပြုထားသည်ဟု ဒီဇင်ဘာ ၂ ရက်တွင် အစီရင်ခံစာထုတ်ပြန်ကာ အကြံပြုထားသည်။
ကင်းစောင့်စစ်သည်ထံမှ သေနတ်လုပြေးခဲ့သည်ဟုဆိုကာ အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးကို ကင်းစောင့် စစ်သည်တစ်ဦးက ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့ကြောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် တပ်မတော် ထုတ်ပြန်ထားသည်။ တပ်မတော်က ပစ်ခတ်ကာ သေဆုံးသွားသည့် ကိုပါကြီး ၏ အလောင်းကို နိုဝင်ဘာ ၅ရက်က တူးဖော်ပြီး မော်လမြိုင်ဆေးရုံကြီးတွင် စစ်ဆေးကာ နိုဝင်ဘာ ၇ရက်တွင် ရန်ကုန်သို့ ပြန်လည် သယ်ဆောင်လာ ပြီး ရေဝေးသုဿန်တွင် ဂူသွင်းသင်္ဂြိုလ်ခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment