ရွှေတိဂုံစေတီတော် ရေရှည်တည်တံရေးအတွက် ထိန်းသိမ်းနိုင်ရန် တိကျခိုင်မာသော ဥပဒေပြဌာန်းချက်များ ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ကို မြန်မာနိုင်ငံ ဗိသုကာပညာရှင်များ အသင်းက သမ္မတထံသို့ အကြံပြုစာ တစ်စောင်ကို မတ်လ ၁၇ ရက်က နောက်ဆုံးထား ပေးပို့ထားကြောင်း အသင်းဒုတိယ ဥက္ကဋ္ဌ ဦးမော်လင်းက မေလ ၁၇ ရက်တွင်ပြုလုပ် သည့် ရွှေတိဂုံစေတီတော် ထိန်းသိမ်း စောင့်ရှောက်ရေး ဖိုရမ်တွင် မြန်မာ သံတော်ဆင့်သို့ပြောသည်။
သမ္မတထံ ပေးပို့သော အကြံပြုစာတွင် ရွှေတိဂုံစေတီတော်၏ ရေရှည် တည်တံ့မှုကို ထိန်းသိမ်း စောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း၊ စီမံကိန်းများကို စနစ်တကျ မလုပ်ပါက ရွှေတိဂုံ စေတီတော်ကြီး ရေရှည် တည်တံ့မှုအတွက်
စိုးရိမ်ရကြောင်း၊ ရွှေတိဂုံစေတီတော်ကြီးနှင့် သိင်္ဂုတ္တရ ကုန်းမြေ၏ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမှု အစီအမံများ မဖြစ်မနေ ရေးဆွဲရန် လိုအပ်ကြောင်း၊ တတ်ကျွမ်း နားလည်သော ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ ပါဝင်သည့် အတိုင်ပင်ခံ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန်၊ ရွှေတိဂုံ စေတီတော် ပတ်ဝန်းကျင် နေရာလပ်များကို အများပြည်သူသုံး နေရာများအဖြစ် ချန်လှပ် အသုံးပြု သင့်ကြောင်းတို့ကို ထည့်သွင်း တင်ပြထားသည်။
““ရွှေတိဂုံ စေတီတော်ဆိုတာ နှစ်ထောင်နဲ့ချီပြီး ရှိခဲ့တာ။ နောက်အနှစ် ၁၀၀၀ ကျွန်တော်တို့ မရှိလည်း ကမ္ဘာကြီး ရှိနေ သလောက် ရွှေတိဂုံ စေတီတော်ကြီး ရှိနေအောင်ဆိုရင် တိကျတဲ့၊ ပိုပြီးတော့ သေချာတဲ့ သုတေသနတွေ လိုတယ်။ အဲဒါတွေကို ထိန်းသိမ်းနိုင်တဲ့ ဥပဒေတွေ ချမှတ်ဖို့လိုတယ်၊ ယဉ်ကျေးမှု Law ရှိတယ် ပြောတယ်။ ဒါပေမဲ့ အဲဒါနဲ့ မလုံလောက်ဘူး။ Zone Law တွေ၊ Urban Planning Control Law တွေ လိုအပ်တယ်။ တတ်ကျွမ်း နားလည်တဲ့ သူတွေနဲ့ ရေးဆွဲပြီး အဲဒါတွေက ဥပဒေနဲ့အညီ ရေးဆွဲ ပြဋ္ဌာန်းထားဖို့ လိုအပ်တယ်။ ဒီနေ့ပဲတင်တယ်။ သူ့လက်ထဲ ဘယ်တော့ ရောက်မလဲ မသိဘူး။ ကျွန်တော် ထင်တာကတော့ နောက်အကျဆုံး ဒီနေ့ပဲ””ဟု မြန်မာနိုင်ငံ ဗိသုကာပညာရှင်အသင်း ဒုဥက္ကဋ္ဌ ဦးမော်လင်းက ပြောသည်။
ရွှေတိဂုံစေတီတော် ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ဥပဒေများ ရေးဆွဲနိုင်ရန်အတွက် လွှတ်တော် ကိုယ်စားလှယ် များနှင့် တွေ့ဆုံသွားရန် အတွက်လည်း စီစဉ်ထားကာ အိမ်ရာစီမံကိန်းကြောင့် စေတီတော် ထိခိုက်နိုင်မှုရှိ၊ မရှိကို အစိုးရအနေဖြင့် ဆန်းစစ် လေ့လာချက်များ ပြုလုပ်သင့်ကြောင့်လည်း မြန်မာနိုင်ငံ ဗိသုကာ ပညာရှင်များ အသင်းက ယခုကဲ့သို့ တိုက်တွန်းထားသည်။
““ရွှေတိဂုံဘုရားကြီး ရေရှည် တည်တံ့ဖို့ ပိုက်ဆံလိုရင် ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားတွေ ၀ိုင်းရှာ ကြမှာပေါ့။ တာဝန်ရှိတဲ့ သူတွေက ဒါလုပ်သင့်တယ်။ လက်ရှိ စီမံကိန်းတွေ ခဏထားဦး။ ဆန်းစစ်တာတွေ လုပ်သင့်တယ်လို့ ကျွန်တော်တို့ကို တစ်ခွန်းပြော။ ကျွန်တော်တို့ ပိုက်ဆံဝိုင်းရှာပြီး မလုပ်နိုင်ဘူးလား။ ကျွန်တော် ထင်တာတော့ အားလုံး အဲဒီလိုအတွက်ဆို ၀ိုင်းပြီးလှူကြ၊ တန်းကြနဲ့လုပ်ဖြစ်မှာပါ””ဟု ဦးမော်လင်းကဆိုသည်။
ရွှေတိဂုံစေတီတော်မှာ ဘာသာရေးနှင့် ယဉ်ကျေးမှုအရ အရေးကြီးသည့် နေရာ တစ်ခုဖြစ်ပြီး စေတီတော် ရေရှည်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ကူညီလိုကြောင်းလည်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့က စေတီတော် ထိန်းသိမ်းရေးအတွက် ပြုလုပ်သည့် ဖိုရမ်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး ဖိုရမ်သို့ဗိသုကာ၊ ဘူမိဒေဗနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များအပြင် လူဦးရေ ၅၀၀ ကျော် တက်ရောက် ခဲ့သည်။
ယခုကဲ့သို့ ဖိုရမ်ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ““ကျွန်တော်တို့ ရှေးပညာ ရှိတွေမှာ စကားတစ်ခုရှိပါတယ်။ ဆိုရေးရှိက ဆိုအပ်ပါတယ်ဆိုတဲ့ စကားဖြစ်ပါတယ်။ ကျွန်တော်တို့ ပညာရှင်တွေဟာ အခုချိန်မှာ ဆိုစရာ စကားတွေ ရှိလာတဲ့အတွက် ကျွန်တော်တို့ရဲ့ စကားတွေကို တစ်နိုင်ငံလုံးကြားအောင် Save Shwedagon Forum ကို ကျင်းပရခြင်း ဖြစ်ပါတယ်””ဟု မြန်မာနိုင်ငံ ဗိသုကာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးဆန်းဦးက ပြောသည်။
သဇင်လှိုင်
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/

No comments:
Post a Comment