ချင်းမိုင်၊ မေ ၁၈။ ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံကို လာမည့် ဇွန်လ ပထမ ပတ်တွင် ကျင်းပရန် ရွှေ့ဆိုင်းလိုက် သည်ဟု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။
အစောပိုင်းက မေလ ၂၀ ကျော်တွင် ကျင်းပရန် ပြင်ဆင်ခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွင်းဆွေးနွေးနေဆဲ ဖြစ်သလို၊ NCCT ဘက်မှ ပြင်ဆင်မှုများ လိုအပ်နေသဖြင့် လာမည့် ဇွန်လ ပထမပတ်သို့ ပြန်လည် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
“အကုန်လုံး အဆင်သင့်ဖြစ်ဖို့ စီစဉ်ကြတာကိုး။ ရက်ရွှေ့တာထက် ဇွန်လ ပထမပတ်မှာတော့ ကျွန်တော်တို့ သတ်မှတ်ထားတယ်။ ဒီလ ကုန်ပိုင်းမှာတော့ လုပ် ဖို့ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တချို့ အန်စီစီတီ အဖွဲ့ဝင်တွေက မတက်ရောက်နိုင်ဘူး။ အဖွဲ့အစည်းထဲမှာ NCA (တစ်နိုင်ငံလုံး အပစ်ရပ်စာ ချုပ်)နဲ့ ပတ်သက်လို့ ဆွေးနွေးတာတို့၊ ရှင်းပြတာတို့ ရှိတာကိုး”ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။
ညီလာခံကို ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ကျင်းပရန် စီစဉ်ထားသည်။ ယခင်က ရှမ်းပြည်နယ် ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP) ဌာနချုပ် ပန်ဆန်း၊ မိုင်းလားနှင့် လော်ခီးလာတွင် ကျင်းပရန် ပြင်ဆင်ခဲ့သေးသည်ဟု ၎င်းက ပြောသည်။
ယင်းညီလာခံ မတိုင်မီ NCCT ခေါင်းဆောင်များ၏ အစည်းအဝေးကိုလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေလ နောက်ဆုံးပတ်တွင် ကျင်းပသွားမည် ဖြစ်သည်။
ညီလာခံအတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်း (NCA) အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို တင်ပြ၍ တိုင်းရင်းသားခေါင်းဆောင်များ ကပြန်လည် သုံးသပ်၍ သဘောထားများ ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း ပဒိုကွယ်ထူးဝင်းက ပြောသည်။
ထို့ပြင် လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော တအာင်း တပ်မတော်(TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA)တို့ NCCT အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်မည့် ကိစ္စကိုလည်း ဆွေးနွေး ဆုံးဖြတ်ရန် ရှိသည်ဟု သိရ သည်။
"ဒီတိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ အပစ်အခတ် ရပ်စဲရေးကိစ္စပဲ ဆွေးနွေးမယ်။ NCA အတည်ပြုမူကြမ်းကို NCCT က သူတို့ကို ဖွဲ့စည်းပေးလိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြန်တင်ပြပြီးတော့ သူတို့ ဆုံးဖြတ်မှုအရ ရှေ့ဆက်သွားရမှာပါ” ဟု သူက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း (NCA) ပါ အချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် NCCT တို့ ရန်ကုန်မြို့တွင် ဆွေးနွေး၍ သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment