Tuesday, May 19, 2015

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အမျိုးသားလွှတ်တော်က အတည်ပြု

နေပြည်တော်၊ မေ ၁၉ ။         ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ယနေ့ (မေ ၁၉ရက်) အတည်ပြုဆုံးဖြတ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြေငြာလိုက်သည်။

uec
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- UEC)



ပထမအကြိမ် အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၅၀)ရက်မြောက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်းနှင့်ပတ်သက်ပြီး တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်ကိုယ်စားလှယ်များဧ။်သဘောတူညီချက်ရယူကာ လွှတ်တော်ဥက္ကဋ္ဌက အတည်ပြု ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။

“ဥပဒေကြမ်းတွင် ပါရှိသော အပိုဒ်တို့ကို အသေးစိတ် လေ့လာဆွေးနွေးခဲ့ကြပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်၍ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့် ဆင့်ဖွဲ့စည်းခြင်း၊ ခန့်အပ်တာဝန်ပေးခြင်း၊ အရည်အချင်းသတ်မှတ်ခြင်းနှင့် ယင်းတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုလည်းကောင်း၊ ယင်းတို့၏ သက်တမ်း သတ်မှတ်ခြင်းအတွက်လည်းကောင်း၊ လိုအပ်သည့် ပုဒ်မများကို အသစ် ထပ်မံဖြည့်စွက်သင့်ကြောင်း လေ့လာတွေ့ရှိရသည်” ဟု အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်က အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ကချင်ပြည်နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန် နန်က ၂၀၁၅ ခုနှစ် ဧပြီလ ၇ရက်က အမျိုးသားလွှတ်တော်သို့တင်သွင်းခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူတို့သည် ၂၀၁၅ ခုနှစ် မေလ(၄)ရက်က အမျိုးသားလွှတ်တော်တွင် ဥပဒေကြမ်းကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းအပေါ် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Credit - Mizzima News

No comments:

Post a Comment