Tuesday, May 19, 2015

နေရာအနှံ့ မိုးကြီးနိုင်ပြီး မုန်တိုင်းမှာ စောင့်ကြည့်ဆဲ အခြေအနေရှိ

ရန်ကုန်၊မေ ၁၉ ။        ။ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေထုမငြိမ်သက်မှုကြောင့် မတ်လ ၁၈ ရက်မှ နောက်ထပ် ၄၈ နာရီ အတွင်းမြန်မာနိုင်ငံနေရာအနှံ့ မိုးကြီးနိုင်ပြီး မုန်တိုင်း အခြေအနေမှာ စောင့်ကြည့်နေဆဲ အခြေအနေ ရှိသည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကမေ ၁၉ ရက်တွင် မဇ္ဈိမ ကိုပြောသည်။

ယင်းကြောင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊  ဧရာဝတီတိုင်းနှင့် ရခိုင်ပြည် နယ်တို့တွင်  မိုးထစ်ချုန်းရွာ နိုင်ပြီး  အချို့ဒေသများတွင် မိုးကြီးနိုင်ကာ ပင်လယ်ပြင်တွင်လည်း လှိုင်းကြီးနိုင်သည်ဟု မိုးလေ၀သက ထုတ်ပြန်ထားသည်။

ဦးလှထွန်းက “ရန်ကုန်တိုင်းမှာလည်း လေထုမငြိမ်သက်မှုကြောင့်မိုးကြီးနိုင်တယ်။ ဒါပေမယ့် မုန်တိုင်းကတော့စောင့်ကြည့်နေဆဲပဲ ဖြစ်ပါတယ်” ဟုပြောသည်။

မြန်မာ့ ပင်လယ်ပြင်တွင်လည်း လှိုင်းကြီးနိုင်သောကြောင့် ကမ်းနီးကမ်းဝေးငါးဖမ်း သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားသင့်ကြောင်း မိုးဇလ က ထုတ်ပြန်ထားသည်။

မိုးလေ၀သဖြစ်စဉ်များနှင့် ပတ်သက်ပြီး  မိုးဇလမှဒုတိယညွှန်ကြားရေးမှူး(ငြိမ်း) ဦးချစ်ကျော်က ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် “ဧရာဝတီတိုင်းဒေသကြီး နဲ့ ရခိုင်ကမ်းရိုးတန်းမှာ ဒီနေ့တော့ရာသီဥတု စတင်ဆိုးလာပါမယ်။ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းလည်း ၈ ပေ မှ ၁၀ ပေလောက်ထိရှိနိုင်ပါတယ်။
ငါးဖမ်းလှေပို့ဆောင်ရေးသင်္ဘောတွေဂရုစိုက်ရန်ဖြစ်ပါတယ်။ မုတ်သုံအဝင်ဖြစ်လို့  မိုးလေဝသဖြစ်စဉ် တွေဟာ ပြင်းထန်ပါတယ် ‘  ဟု ရေးသားထားသည်။


Credit - Mizzima News

No comments:

Post a Comment