ပီတာလင်းဂျာယာ၊ မေ ၁၉။ ။ အဆိပ်ရှိ ကော်စေ့များရောနှောထားသော
ပလတ်စတစ်ဆန်များ အာရှနိုင်ငံအချို့၏ ဆိပ်ကမ်းများသို့ ရောက်ရှိနေပြီဟု
သတင်းထွက်နေသည်။ ယင်းဆန်မှာ ချက်ပြီးသည့်နောက်တွင် မှာနေသည်ဟု ဆိုသည်။

ဆန်အစစ်ကဲ့သို့ ပုံသွင်းထားသော ကော်စေ့နှင့် အတူ အာလူး၊ ကန်စွန်းဥတို့မှ ပြုလုပ်ထားသည့် ဆိုသည့် ပလတ်စတစ်ဆန်သည် အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ကဲ့သို့ ကြီးမားသည့် ကျေးလက်ဒေသလူဦးရေရှိသည့် နိုင်ငံများအတွင်းသို့ ၀င်ရောက်နေသည်ဟု ဆိုသည်။
နောက်ဆုံးထွက်ပေါ်လာသည့် ကောလာဟလအရ စေ့စေ့စပ်စပ်လေ့လာမှုက ယင်းဆန်များမှာ အနည်းဆုံး ငါးနှစ်သက်တမ်းရှိနေပြီဆိုသော်လည်း အဆိုပါ ဆန်တုများမှာ စင်ကာပူသို့ ၀င်ရောက်နေပြီဆိုသည်။ ယင်းကဲ့သို့ ဆန်တုများကို စားသုံးခြင်းက အသက်သေစေနိုင်သည်။ သို့မဟုတ် အစာခြေစနစ်ကို ဆိုးဆိုး ၀ါးဝါးပျက်စီးစေနိုင်သည်ဟု ကျန်းမာရေးကျွမ်းကျင်သူများနှင့် အာဟာရပညာရှင်များက ပြောကြားခဲ့သည်။
ရှန်ရှီးပြည်နယ်၊ အထူးသဖြင့် ထိုက်ယွန်ရှိ တရုတ်ဈေးများတွင် အများအားဖြင့် ရောင်းချနေသော ဆန်တုသတင်းက WhatsApp နှင့် ဖေ့စ်ဘွတ်ကဲ့သို့ လူသုံး များသော လူမှုမီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။
သိုသော်လည်း ဆန်တုနှင့် ပတ်သက်၍ မည်သည့်သတင်းမျှမရသေးကြောင်း မလေးရှားစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးထွက်ကုန်လုပ်ငန်း ၀န်ကြီးဋ္ဌာန ကပြော ကြားခဲ့သည်။
အဆိုပါသတင်းများ ရရှိခြင်းမရှိကြောင်း ယင်းဝန်ကြီးဋ္ဌာန၏ ၀န်ကြီးက ငြင်းဆိုထားပြီး အတုကို မည်သို့ခွဲခြားရမည်ကို စားသုံးသူများအား သင်ကြားပေးမည်ဟု လည်း ၄င်းက ပြောကြားခဲ့သည်။
ဆန်တုနှင့် ပတ်သက်သည့် မကျေမနပ်ပြောကြားချက်များမှာ ပြည်တွင်းကုန်သွယ်ရေး၊ သမ၀ါယမနှင့် စားသုံးသူဝန်ကြီးဋ္ဌာနက စိုးရိမ်လျက်ရှိကြောင်း တနင်္လာနေ့က လူငယ်စိုက်ပျိုးရေးလုပ်ငန်းရှင်များအစည်းအဝေးအပြီး သတင်းထောက်များသို့ ဒါတွတ်ဆရီအစ္စမေးလ်က ပြောကြားခဲ့သည်။
အင်တာနက်တွင် ပျံ့နေသော ဆန်တုသတင်းမှာ မှားချင်မှား၍ မှန်ချင်မှန်နိုင်သော်လည်း ၄င်း၏ ၀န်ကြီးဋ္ဌာနအနေဖြင့် ခပ်ပေါ့ပေါ့သဘောထား၍ မရကြောင်း မလေးရှားပြည်တွင်းကုန်သွယ်ရေးဝန်ကြီး ဟာဆန်မာလက်ကပြောကြားခဲ့သည်။ နိုင်ငံအနှံ့စုံစမ်းစစ်ဆေးသွားမည်ဟုလည်း ၄င်းကပြောကြားခဲ့သည်။
ယင်းကဲ့သို့ဆန်များမှာ စူပါမားကက်များတွင် ပေါ်ပေါ်တင်တင်ရောင်းချလိမ့်မည်မဟုတ်ဟုလည်း ဆန်စပါးလုပ်ငန်းမှ သတင်းရင်းမြစ်များက ဆိုသည်။ ယင်းကဲ့သို့ဆန်မျိုး မလေးရှားတွင်ရှိပါက အဖြစ်နိုင်ဆုံးမှာ ဆိုင်ငယ်များတွင် ရောင်းချနိုင်သည်ဟု သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
Credit - Mizzima News
No comments:
Post a Comment