လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီး၌ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို အသုံးပြုမည် မဟုတ်ဘဲ နိုင်သူအကုန်ယူ စနစ် (FPTP) စနစ်သာ ဆက်လက် ကျင့်သုံးသွား မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မေလ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ တွင် ပြောကြားလိုက်သည်။
အမျိုးသားလွှတ်တော်၌ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးရန် ဥပဒေကြမ်း ဆွေးနွေးနေပြီ ဖြစ်သော် လည်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ၂၀၁၅ ဧပြီလ မတိုင်ခင် အဆိုပါဥပဒေကြမ်းအား လွှတ်တော် မှ ပြဋ္ဌာန်းရန် အကြောင်းကြားထားသော်လည်း ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသောကြောင့် ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်များနည်းတူ နိုင်သူအကုန်ယူစနစ် (FPTP)အား ဆက်လက် ကျင့်သုံးရန် ပြောကြားခြင်းဖြစ်သည်။
““ပြည်သူ့လွှတ်တော်ကော၊ အမျိုးသားလွှတ်တော်ကော၊ တိုင်းဒေသကြီး နဲ့ ပြည်နယ် လွှတ်တော်ကော ကျွန်တော့်ရဲ့ ရွေးကောက်ပွဲစနစ်က FPTP ပဲဖြစ်မယ်။ ခုအမျိုးသားလွှတ်တော်မှာ ဥပဒေကြမ်း ဆွေးနွေးတဲ့ ကာလပဲဖြစ်ပါတယ်။ ကျွန်တော် ဧပြီလထဲမှာပဲ စာတစ်စောင် ရေးပါတယ်။ ဧပြီလကုန်မှာ မဆုံးဖြတ်ဖူးဆိုရင် မလုပ်ပေးနိုင်ပါဘူး။ လွှတ်တော်ကို ၂၀၁၃ ကတည်းက အသိပေးခဲ့ပါတယ်။ ၂၀၁၄ မှာ ပြဋ္ဌာန်းပြီး ၂၀၁၅ မှာ ကျင့်သုံး ပါမယ်လို့ ပြောပါတယ်။ ခုဧပြီလကုန်ထိ မပြဋ္ဌာန်းနိုင်ဘူးဆို ရင် နောင်ရွေးကောက်ပွဲကျမှသာ ကျင်းပကြပါလို့ ပြောလိုပါတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
အဆိုပါတွေ့ဆုံပွဲကို တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၇၃ ပါတီအနက် ၆၈ ပါတီ တက်ရောက်ခဲ့ပြီး ချင်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ ဦးဇိုဇမ်က တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးချုပ်အား နိုင်ငံတော်သမ္မတ ခန့်အပ် တာဝန်ပေးရန်ဟူသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လုပ်ပိုင်ခွင့်အား ပြင်ဆင်ပေးရန် တောင်းဆိုခဲ့သည်။
““အဓိက မဖြစ်မနေ ကျွန်တော်တို့ လိုလားနေတဲ့ အချက်တစ်ချက်က ကျွန်တော်တို့ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပုဒ်မ ၂၆ ဖြစ်တဲ့ ကျွန်တော်တို့ အဓိကအားဖြင့် တိုင်းရင်းသား ပြည်နယ်လွှတ်တော်ကနေ ၀န်ကြီးချုပ်ကို ရွေးချယ် ချင်ပါတယ်။ အဲဒီကိစ္စကို အဓိကအနေနဲ့ ခံယူထားတဲ့ တစ်ခုဖြစ်တယ်”” ဟု ချင်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်ကပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆ (ခ) တွင် နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရန်နှင့် ပုဒ်မ ၂၆၁ (ဃ) တွင် ၀န်ကြီးချုပ် ရာထူးအတွက် သတ်မှတ်ထားသော အရည်အချင်းနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သည် ငြင်းပယ်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။
အမျိုးသားလွှတ်တော်တွင် PR စနစ် ကျင့်သုံးရန်အတွက် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က ၂၀၁၄ ခုနှစ် ဇွန်လ ၉ ရက်တွင် အဆိုတင်သွင်းခဲ့ပြီး ၃ ရက်ကြာ ဆွေးနွေးခဲ့ပြီးနောက် အတည်ပြုရန် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၁၇ မဲနှင့် ကန့်ကွက်မဲ ၈၅ မဲရရှိပြီး အမျိုး သားလွှတ်တော်တွင် PR စနစ်ကျင့်သုံးရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင်လည်း PR စနစ် ကျင့်သုံးရန် NDF ပါတီမှ ဦးအောင်ဇင်က ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်တွင် တင်သွင်းခဲ့ပြီး ဇူလိုင်လ ၂၉ ရက်တွင် လွှတ်တော်၏ ဆုံးဖြတ်ချက် ခံယူပြီးနောက် သင့်တော်မည့် နည်းလမ်းနှင့်စနစ် ရွေးချယ်တင်ပြနိုင်ရန် လေ့လာသုံးသပ်ရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့ကာ အဆိုပါ ကော်မရှင်က ရွေးကောက်ပွဲစနစ် ၈ မျိုးကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးသို့ တင်သွင်းခဲ့ရာ PR စနစ်မှာ ဖွဲ့စည်းပုံနှင့် မကိုက်ညီဟုဆိုကာ ဆုံးဖြတ်ခဲ့သည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/

No comments:
Post a Comment