Tuesday, May 19, 2015

ဖုန်းဘေလ် ဖြည့်သွင်းမှုအပေါ် ကုန်သွယ်ခွန်ကောက်ခံမှုကြောင့် ဝေဖန်သံများထွက်ပေါ်

ရန်ကုန်၊ မေ ၁၉ ။         ။ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် ဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် MPT, တယ်လီနော၊ အော်ရီဒူး ဆက်သွယ်ရေးလိုင်း များကို အသုံးပြုသည့် ဖုန်းခေါ်ဆိုခအတွက် ဖုန်းငွေဖြည့်ကတ်ဖြည့်သွင်းမှုအပေါ် ကုန်သွယ်ခွန် ၅ရာခိုင်နှုန်းကို ဇွန် ၁ရက်မှ စတင် ကောက်ခံတော့မည်ဟု မေ ၁၈ရက်က ကြေငြာလိုက်သည့်အတွက် ဖုန်း အသုံးပြုသူများကြား ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။


bill

ယင်းသို့ တိုးမြှင့်ကောက်ခံမှုအတွက် လူမှုကွန်ယက် စာမျက်နှာတွင်လည်း သရော်စာများ၊ ရုပ်ပြောင်ကာတွန်းများဆွဲကာ လှော်ပြောင် သရော် ကာဝေဖန်မှုများ ကိုတွေ့ရသည်။

MPT ဖုန်းကတ်ကို ကိုင်ဆောင်အသုံးပြုနေသည့် အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းတွင် မာကတ်တင်းမန်နေဂျာ မနှင်းနှင်းက “ ဒါကတော့ မဖြစ်သင့်ဘူး လို့ထင်တယ်။

အခွန်ကောက်တာကတော့ ဟုတ်ပါပြီ။ ဒီအခွန်ငွေနဲ့ ဘာတွေပြန်လုပ်ပေးမှာလဲ။ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ပိုကောင်းလာအောင် လုပ်ပေးမှာလား။
ကျွန်မတော့ မထင်ဘူး”ဟုပြောသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်သည့် ၂၀၁၅-၂၀၁၆ ပြည်ထောင်စု အခွန်ဥပဒေအရ ကုန်သွယ်ခွန်ကောက်ခံရာတွင် ဖုန်းငွေဖြည့်ကတ် အတွင်းမှ ဇွန်လ ၁ ရက်တွင် စတင်၍ ဖြတ်တောက်မည်ဖြစ်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလတ် နည်းပညာ ဝန်ကြီးဌာနက ကြေညာထားသည်။

အော်ဒီဒူးနှင့် MPTဖုန်းကတ်ကိုင်ဆောင်အသုံးပြုနေသည့် မခင်ဝါဝါဝင့်က “တစ်ကယ်တန်းပြောရရင် ကုန်သွယ်ခွန်ဆိုတာကြီးကိုတော့ မကျေနပ်ဘူးပေါ့။ ဖုန်းက ကုန်သွယ်ခွန်ကောက်တာကို နိုင်ငံတကာမှာ ဘယ်လိုကျင့်သုံးလဲ မသိပေမယ့် ကုမ္ပဏီတွေကပဲ ငွေကိုကောက်ခံသင့်တယ်ထင်တယ်”ဟု ပြောသည်။

ကုန်သွယ်ခွန်အဖြစ် ၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ရာ ဖုန်းငွေဖြည့်ကတ်အမျိုးအစားအလိုက် ဖြတ်တောက်မည့် အခွန်ငွေမှာ- ၁၀၀၀ကျပ် ဖြည့်လျှင် ၄၈ ကျပ် ၊ ၃၀၀၀ကျပ်ကို  ၁၄၃ ကျပ်၊ ၅၀၀၀ ကျပ် ကို ၂၃၈ ကျပ်၊ ၁၀၀၀၀ကျပ်ကို ၄၇၆ ကျပ် အသီးသီး ဖြတ်တောက်မည်ဖြစ်သည်။

ဘလော့ဂါကိုနေဘုန်းလတ်က “ အစိုးရကပြည်သူတွေကို ဝန်ဆောင်မှုအရင်ပေးမယ် မစဉ်းစားဘူး။ ပိုက်ဆံကောက်ဖို့ပဲ စဉ်းစားနေတယ်။နိုင်ငံတကာမှာလည်း အခွန်ကောက်ခံနေတာရှိပေမယ့် ဒီမှာက ဖုန်းလိုင်းအင်တာနက်လိုင်း ဝန်ဆောင်မှုပေးတာ ကောင်းလား တစ်ချက်ရှိတယ်။ ဖုန်းငွေဖြည့်ကတ်အပေါ် ကုန်သွယ် ခွန်ကို စစချင်းမှာ ကုမ္ပဏီကပေးစေချင်တယ်။ လူထုဆီက အခွန်ငွေကောက်တာက နောက်မှဖြည်းဖြည်းချင်း မှကောက်စေချင်တယ်” ဟုပြောသည်။

ဖုန်းဆင်းမ်ကတ်အတွက် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကိုမူ အော်ပရေတာများက ပေးဆောင်ရမည်ဖြစ်ပြီး ငွေဖြည့်ကတ်အသုံးပြုမှုအတွက် ဖုန်းကတ်အသုံးပြုသူ မှ ပေးဆောင်ရမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရသည်။

Credit - Mizzima News

No comments:

Post a Comment