Friday, May 22, 2015

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ချောင်းရေတိုက်စားမှုကြောင့် ရွှေဘို တွင် ချောင်းကူးတံတားတစ်စင်း ကျိုးကျပျက်စီး

စစ်ကိုင်း၊ မေ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၌ မေ ၁၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းကူးတံတားတစ်စင်း ကျိုးကျပျက်စီး သွားခဲ့ကြောင်း ဒေသခံများက မေ ၂၀ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ချောင်းကူးတံတားမှာ ကျောက်မြောင်းမြို့၊ အမှတ် (၃) ရပ်ကွက်နှင့် လက်ရွေးရပ်ကွက်တို့ အကြား ကျောက်ငနွား ချောင်းပေါ်တွင် တည်ရှိကာ မြို့နေပြည်သူလူထုနှင့် စည်ပင်သာယာတို့ ပူးပေါင်းကာ ၂၀၁၁ ခုနှစ်၊ မတ်လက စတင် ဆောက်လုပ်ခဲ့ကာ သြဂုတ်လတွင် ပြီးစီးခဲ့သည့် ကိုယ်ထူကိုယ်ထ သံပေါင် တံတားဖြစ်သည်။

““တံတားကျိုးကျတာက မေ ၁၈ နေ့၊ နေ့လယ် ၃ နာရီလောက်ကဗျ။ မိုးက မေ ၁၇ ရက်နေ့ ညပိုင်း ၁၁ နာရီ လောက်က ရွာတဲ့မိုးက ၁၈ ရက်နေ့အထိပဲ။ မိုးကသည်းတယ်။ ဆက်တိုက်ကြီး ရွာတာမဟုတ်ပေမယ့် မိနစ်ပိုင်း လောက် ခြားခြားပြီးရွာတာ။ ရေအားလည်းများတယ်။ တံတားအောက်ခြေမှာရှိတဲ့ ချဉ်းကပ်လမ်း မြေသား တွေကို ချောင်းရေက တိုက်စားပြီးတော့ တံတားက ကျိုးကျသွားတာပါ။ တံတားက လည်း ချောင်းနှုတ်ခမ်း မြေသားပေါ်မှာပဲ မေးတင်ပြီး ဆောက်ထားတာ ဆိုတော့လေ”” ဟု ကျောက်မြောင်းမြို့၊ အမှတ် ၃ ရပ်ကွက် နေသူ ကိုမိုးကျော်သူက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ ချောင်းကူးတံတားမှာ ကျောက်မြောင်းမြို့နှင့် တစ်ဖက်ကမ်း ရှိ ကျေးရွာများဖြစ်ကြသော လက်ရွေး ကျေးရွာ၊ နွယ်ညိမ်းကျေး ရွာ၊ ရွှေဂွန်ကျေးရွာနှင့် ရွှေတိုက်ကျေးရွာတို့ကို ဆက်သွယ်ထားခြင်း ဖြစ် ကာ ဒေသခံပြည်သူများ နေ့စဉ် အသုံးပြုနေရသည့် အဓိက ချောင်းကူး တံတား တစ်စင်းလည်းဖြစ်သည်။

ကျိုးကျပျက်စီးသွားသော ချောင်းကူးတံတားမှာ အရှည်ပေ ၁၄၀၊ အမြင့် ၂၅ ပေရှိကာ တံတားအကျယ် ၁၁ ပေ ရှိသည်။

တံတားအောက်ခြေ ချောင်း၌လည်း ကူးသန်း သွားလာရေးအတွက် လှေများ အသုံးပြုကြပြီးတံတား ကျိုးပျက် မှုကြောင့် လက်ရှိတွင် မြို့ပတ်လမ်းမှတစ်ဆင့် ရတနာသိင်္ဃ တံတားကိုအသုံးပြု၍ ကူးသန်းသွား လာမှုများ ပြုလုပ် နေရ သည့်အတွက် ခရီးကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိသည်။

““တံတားကျိုးသွားနဲ့ ပတ်သက်လို့တော့ ၁၉ ရက်နေ့က ဌာဆိုင်ရာတွေဖြစ်တဲ့ ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ဆောက်လုပ်ရေးက လာကြည့်သွားတာရှိတယ်။ သူတို့အနေနဲ့ အစည်းအဝေး ထိုင်နေလို့နဲ့ တူတယ်။ ဘာမှ ဆုံးဖြတ်ချက် ချတာမျိုးတော့ မရှိသေးဘူး။ ကျနော်တို့ ရပ်ကွက်အနေနဲ့ လုပ်ရမလား၊ အစိုးရဌာန ဆိုင်ရာကနေပဲ လုပ်မလား ဆိုတာကတော့ ဆုံးဖြတ်ချက် မချရသေးဘူး၊ ဘယ်လိုပုံစံနဲ့ ဆက်လုပ်မယ် ဆိုတာကလေ။ လောလောဆယ်တော့ မြို့ပတ်လမ်းကနေ ရတနာသိင်္ဃ တံတားဘက်ကို ကူးပြီး သွားလာ နေရတယ်””ဟု ကိုမိုးကျော်သူ က ပြောသည်။

ယင်း ချောင်းကူးတံတား ကျိုးကျပျက်စီးမှုတို့ကြောင့် ချောင်းတစ်ဖက် ကမ်းပေါ်ရှိ ကျေးရွာများမှ လူနေအိမ် အချို့မှာလည်း ကမ်းပါးပြိုကျမည်ကို စိုးရိမ်နေကြပြီး နေအိမ်များဖျက်ကာ ကျောက်မြောင်းမြို့၊ ပခန်း ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မာရုံအတွင်း၌ ပြောင်းရွှေ့နေထိုင်မှုများလည်း ရှိသည်။

အဆိုပါ ချောင်းကူးတံတား ကျိုးကျပျက်စီးမှုနှင့် ပတ်သက်၍ ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူးရုံးနှင့် ကျောက်မြောင်းမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ကျောက်မြောင်းမြို့၊ မြို့နယ် အုပ်ချုပ်ရေးမှူး ခေတ္တဒုဦးစီးဖြစ်သူ ဦးကျော်ဇင်က ““အခု လောလောဆယ်တော့ ကျွန်တော်တို့ဘက်က ဘာမှတော့ မလုပ်ပေးနိုင်သေးဘူးပေါ့။ ကုန်ကျစရိတ်က နည်းနည်းများမှာကိုး။ အသေးလေးဆိုရင်တော့ လုပ်ပေးလို့ ရတာပေါ့။ အခုဟာကျတော့ ကျွန်တော်တို့လည်း မနိုင်ဘူး။ လူကြီးတွေကတော့ စဉ်းစားပြီးတော့ တစ်ခုခုတော့ လုပ်ပေးမှာပါ။ ဒီအတိုင်းတော့ မထားပါဘူး။ မနေ့ကတော့ စည်ပင်က အင်ဂျင်နီယာကြီး တစ်ယောက် လာကြည့်တယ်၊ EE ပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် လုပ်ငန်း တော်တော်များများကို မြို့နယ်ကနေ အကုန်ကိုင်တာလေ။ ဒီကစည်ပင်မှာက ဘတ်ဂျက်က အဲဒီလောက်မရှိဘူး”” ဟု မြန်မာ သံတော်ဆင့်သို့ ပြောသည်။

မေလ ၇ ရက်ကလည်း အဆိုပါမြို့ အမှတ် ၂ ရပ်ကွက် အတွင်းရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ရွှေထီးတော် တင်လှူ ခဲ့သည့် ရွှေနုံးတိုး စေတီတော်မှာ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော် အပါအ၀င် ရွှေထီးတော်ကြီးမှာမြေခ ပျက်စီးခဲ့သည်။

အောင်ကိုဝင်း

- မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုးကျသွားသည့် ကျောက်မြောင်းမြို့ မှ ချောင်းကူးတံတား။ Photo by Phoe Khwar

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

 

No comments:

Post a Comment