Tuesday, May 19, 2015

ဆင်းရဲသော နိုင်ငံများတွင် ပညာရေးမြင့်တင်ရန် အမေရိကန်ဒေါ်လာ ငါးဘီလျံရင်းနှီးမြုပ်နှံမည်ဟု ကမ္ဘာ့ဘဏ်ကတိပြု

နယူးယောက်၊ မေ ၁၉ ။      ။ ပညာရေးတွင် အရေအတွက်ထက် အရည်အသွေးကို အဓိကအာရုံစိုက်မည့် ပြည်သူ့ပညာရေးအတွက် ရင်းနှီးမြုပ်နှံမှုကို လာမည့် ငါးနှစ်အတွင်း နှစ်ဆတိုးမြင့်မည့် အစီအစဉ်များကို ကမ္ဘာ့ဘဏ်က မေ ၁၈ တွင် ဖော်ထုတ်ခဲ့သည်။

၂၀၂၀ပြည့်နှစ်အထိ အမေရိကန်ဒေါ်လာ ငါးဘီလျံ အသုံပြုမည်ဖြစ်ပြီး ယခင်ငါးနှစ်ကထက် နှစ်ဆပို၍အသုံးပြုခြင်းဖြစ်သည်။ ယင်းသို့အသုံးပြုရခြင်း မှာကျောင်းပြင်ပရောက် ကလေးသန်း ၁၂၀ကျော်နှင့် ကျောင်းတက်နေသော်လည်း မဖတ်တတ်မရေးတတ်သည့် ကလေးသန်း ၂၅၀ကျော်၏ ပညာရေး ကို မြင့်တင်ရန်ကြိုးပမ်းခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်က ရလဒ်အခြေပြုငွေကြေးထောက်ပံ့သည့် စနစ်ကို အသုံးပြုမည်ဖြစ်ပြီး သဘောတူညီထားသော စွမ်းဆောင်ရည်ရည်မှန်းချက်များ ကို ပြည့်မီအောင်ဆောင်ရွက်နိုင်သော နိုင်ငံများသာ ငွေကြေးရရှိမည်ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်က ပြောကြားခဲ့သည်။

လာမည့် ၁၅ နှစ်အတွင်း အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပညာရေးရည်မှန်းချက်ပန်းတိုင်သစ်များ ချမှတ်မည့် ကမ္ဘာ့ပညာရေးဖိုရမ်အတွက် နိုင်ငံပေါင်း ၁၆၀ကျော်မှ ကိုယ်စားလှယ်များ မေ၁၉က တောင်ကိုရီးယားသို့ ရောက်ရှိလာစဉ် ကမ္ဘာ့ဘဏ်၏ ကျေညာချက်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ပန်းတိုင်သစ်များမှာ စက်တင်ဘာတွင် ကုလသမဂ္ဂက ကျင့်သုံးမည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များ၏ အစိတ်အပိုင်းသစ်များ ဖြစ်လာ မည်ဖြစ်ပြီး ထောင် စုနှစ်ဖွံ့ဖြိုးရေးပန်းတိုင်များ၏ နေရာကို အစားထိုးမည်ဖြစ်သည်။ ထို့အပြင်ကမ္ဘာလုံးဆိုင်ရာမွဲတေမှုတိုက်ဖျက်ရေးတွင်ခေတ်သစ်တစ်ခုကို ကိုယ်စားပြု မည်ဖြစ် သည်။

" အမှန်ကတော့ ပညာရေးစနစ်အများစုဟာ အဆင်းရဲဆုံးကလေးတွေအတွက် ကောင်းမွန်တဲ့ သက်ရောက်မှုမရှိသေးပါဘူး။ဒီကနေ့ အလွန်အကျွံ ဆင်းရဲမွဲတေ မှုထောင်ချောက်ထဲ ပိတ်မိနေတဲ့ လူ တစ်ဘီလျံနီးပါးရှိနေပြီး ကလေးတွေအတွက် သင်ယူဖို့စဉ်ဆက်မပြတ် အဆင့်မြင့်ပေးခြင်းဟာ လာမဲ့နှစ်တွေမှာ အလား အလာရှိတဲ့လူတွေ အများကြီးကို မွေးထုတ်နိုင်မှာ ဖြစ်ပါတယ် " ဟု ကျေညာချက်တစ်ခုတွင် ကင်က ပြောကြားခဲ့သည်။

အလွန်အကျွံဆင်းရဲမွဲတေမှုကို ၂၀၃၀ပြည့်နှစ်တွင် အဆုံးသတ်ရန် ရည်ရွယ်ထားသော ကမ္ဘာ့ဘဏ်သည် ၂၀၀၀ပြည့်နှစ်ကတည်းက ပညာရေးအတွက် အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ ကို အသုံးပြုနေပြီဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment