ရန်ကုန် (မဇ္ဈိမ) ။ ။ လူငယ်များကြား မူးယစ်းဆေးဝါးသုံးစွဲမှု ပပျောက်ရေး ဥပဒေပြင်ဆင် ထိန်းချုပ်ပေးရန် အပါအဝင် အချက်ခြောက်ချက်ကို ပြည်ထောင်စု အစိုးရထံသို့ တောင်းဆိုသွားမည်ဟု ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမတွင် ကျင်းပသော လူထုဖိုရန်၏ ဆွေးနွေးချက်တွင် ပါဝင်သည်။
လူငယ်များကြား ဆေးဝါးသုံးစွဲမှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများ တားဆီးနိုင်ရေးအတွက် ဒီဇင်ဘာ ၁၃ရက်က
တောင်းဆိုချက်များအဖြစ် ထွက်ပေါ်လာခဲ့ပြီး ထိုအချက်များကို ပြည်ထောင်စုအစိုးရသို့ တင်ပြသွားမည်ဖြစ်သည်။
မူးယစ်ဆေးဝါး ဖြတ်တောက်မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသူ Burnet Institute မှ မြန်မာပြည်တာဝန်ခံ ဒေါက်တာ ဖုန်းမြင့်ဝင်းက "လက်ရှိအသုံးပြုနေတဲ့ ၁၉၉၃ ဥပဒေက မူးယစ်ဆေးဝါးစွဲနေသူကို ရာဇဝတ်သားလို့ မြင်နေတယ်၊ လူ့အခွင့်ရေးရှုဒေါင့်က မကြည့်ဘဲ ရာဇဝတ်သားရှုဒေါင့်က ကြည့်နေတာက ပြဿနာဖြစ်နေတယ်"ဟုဆိုသည်။
၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် စိုက်ပျိုးထုတ်လုပ်မှုမှာ နှစ် နှစ်ဆက်တိုက်ကျဆင်းလာသည်ဟု ကုလသမဂ္ဂ
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC က ထုတ်ပြန်ခဲ့သည်။ သို့သော် မြန်မာပြည်သူ့ဖိုရမ်သို့ တက်ရောက်လာသော
ကရင်၊ ကယား၊ ကချင်၊ မွန်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသနှင့် ရှမ်းပြည်နယ်မှ တက်ရောက်လာကြသော ဆွေးနွေးသူများက ဒေသအသီးသီးတွင် သုံးစွဲမှုနှင့် စိုက်ပျိုးရောင်းဝယ်မှု၊ မြင့်တက်နေဆဲဖြစ်သည် ဟု ဆွေးနွေးကြသည်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် ၂၀၁၃ -၂၀၁၄ အောက်တိုဘာလ အထိ မူးယစ်းဆေးဝါး သုံးစွဲမှုစစ်တမ်းများ ကောက်ယူခဲ့သူ ဦးမန်းသိုက်ထွန်းက "တရားဥပဒေစိုးမိုးရေးကို အစိုးရဘက်ကရော တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကပါ လက်တစ်လုံးခြား သဘောမျိုးလုပ်နေတဲ့အတွက် ဥပဒေကိုတိတိကျကျ ပြဌာန်းပြီး လိုက်နာဖို့လိုတယ်"ဟု ဆိုသည်။
၎င်း၏ ကောက်ခံထားသော စစ်တမ်းများအရ ကရင်ပြည်နယ်တွင် အသက် ၁၈ နှစ်မှ ၂၅နှစ်အတွင်း လူငယ်များ၏ ၇၀% သည် မူးယစ်ဆေးဝါးသုံးစွဲလျက်ရှိပြီး မွန်ပြည်နယ်တွင် လူငယ် ၈၀% က မူးယစ်ဆေးဝါးသုံးစွဲကြသည် ဟုဆိုသည်။
မြန်မာလူထု ဖိုရမ်တွင်ဆွေးနွေးမှုများအရ မူးယစ်ဆေးဝါးသုံးစွဲမှု ထိန်းချုပ်ရေးအတွက် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရေးနှင့် အစားထိုးသီးနှံများ ရောင်းချမည့် ဈေးကွက်များ ဖော်ထုတ်ပေးရေး၊ အစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများတွင် ကျောင်းသားသမဂများ၊ လူငယ်အဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့ ပါဝင်သည်။
ယင်းအချက်များကို ဒီဇင်ဘာ ၁၄ ရက်တွင် အသေးစိတ်ပြန်လည် ဆွေးနွေးမည်ဖြစ်ပြီး ပြည်သူ့ဖိုရန်ပြီးစီးပါက ပြည်ထောင်စု အစိုးရကို တင်ပြမည်ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment