Thursday, December 18, 2014

နိုင်ငံရေးစကားဝိုင်း (ဆောင်းပါး)

Written by: မောင်ကြည်

 ကျွန်တော်တို့ စာပေဝါသနာပါသူတစ်စုသည် ကြာသပတေးနေ့တိုင်း လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဆိုင်၌ တွေ့ဆုံစကားပြောလေ့ရှိပါသည်။ ထို့ကြောင့် ကျွန်တော်တို့ဝိုင်းကို “ ကြာသပတေးဝိုင်း” ဟု အမည်ပေးထားပါသည်။

ယင်း ကြာသပတေးဝိုင်း၌ စာရေးဆရာ နှင့် ကာတွန်းဆရာများ ပါဝင်သည်။ လက်ရှိသတင်းစာနှင့် ဂျာနယ်များတွင် ဆောင်းပါးနှင့် ကာတွန်းရေးနေသူများ ဖြစ်ပါသည်။ ကြာသပတေးနေ့ မွန်းလွဲ ၂ နာရီခွဲလောက်ဆိုလျှင်တော့ ကျွန်တော်တို့ဝိုင်းက လူစုံသလောက်ရှိသွားပါပြီ။

ထိုအခါ ကျွန်တော်တို့ဝိုင်း၌ တစ်ပတ်တာစုဆောင်းထားသည့် သတင်းများ၊ လှုပ်ရှားမှုများ၊ ခံစားမှုများကို စကားလုံးများ အသွင်ပြောင်းကာ လက်ဖက်ရည်သောက်ရင်း ရေနွေးငှဲ့ရင်း အချင်းချင်း မျှဝေကြပါတော့သည်။ အထူးသဖြင့် ကျွန်တော်တို့၏ အကြောင်းအရာသည် “နိုင်ငံရေး” အပေါ် အခြေတည်ကာ ဆွေးနွေးငြင်းခုံကြတာများပါသည်။ ကျွန်တော်တို့သည် ဘာသာရေး၊ လူမှုရေး၊ စာပေအနုပညာ ဘာအကြောင်းပြောပြော၊ နောက်ဆုံးဆိုက်သည့်ဘူတာမှာ “နိုင်ငံရေး” သာ ဖြစ်လေသည်။ နိုင်ငံရေးနှင့် နိဂုံးချုပ်ကာ နိုင်ငံရေးစကားနှင့် ဝိုင်းသိမ်းလိုက်ကြသည်က များပါသည်။

တကယ်တော့ ကျွန်တော်တို့ ဝါသနာတူအုပ်စုသည် အနှစ်နှစ်အလလက လွတ်လပ်စွာပြောဆိုခွင့်မရခဲ့သော နိုင်ငံရေးစကားလုံးများကို ယခုအချိန်ကျမှ အတိုးချကာ အိတ်သွန်ဖာမှောက် ပြောဆိုမိကြခြင်း ဖြစ်ပါလိမ့်မည်။ တစ်ချိန်သောအခါကတော့ “နေ့ ပြော နောက်ကြည့်၊ ညပြော အောက်ကြည့်” ဆိုသလို တိုးတိုးတိတ်တိတ်နှင့် ပတ်ဝန်းကျင်မကြားအောင် ပြောခဲ့ရသော နိုင်ငံရေးစကားလုံးများကို အခုမှသာ အရှိန်အဟုန်နှင့် ဒလဟော စီးသွန်ချနေမိကြပါတော့သည်။

တစ်ချိန်တုန်းက ကျွန်တော်တို့သည် နိုင်ငံရေးကို ရင်ထဲမှာသာ လျှို့ဝှက်စွာ မျိုသိပ်ထားခဲ့ရပါသည်။ နိုင်ငံရေးပြောသူကလည်း မပြောဝံ့ဝံ့ မလုံမလဲ။ နားထောင်သူကလည်း မထောင်ဝံ့ဝံ့ ထောင်ဝံ့ဝံ့ မလုံမခြုံ။ ကျွန်တော်တို့အားလုံးကို အကြောက်တရားက လွှမ်းမိုးထားကြသည်။ နိုင်ငံရေးသည် မပြောကောင်း မဆိုကောင်းသောအရာလော။ နိုင်ငံရေးသည် မစားကောင်းသော အရာလော။ မလုပ်ကောင်းသော အရာလော။ ထိုကဲ့သို့ပင် အထင်ရောက်အောင် နိုင်ငံရေး သင်းသတ်ခံခဲ့ရပါသည်။ နိုင်ငံရေးမြေမြှုပ် သဂြိုဟ်ခံလိုက်ရပါသည်။

ခုတော့ ကျွန်တော်တို့သည် တစ်ယောက်နှင့်တစ်ယောက် မတွေ့လိုက်နှင့်။ နိုင်ငံရေးစကား စပြောသည်။ နိုင်ငံရေးသတင်း အရင်စုံစမ်းသည်။ ကျွန်တော်တို့အုပ်စုသည် ပြောတော့လည်း နိုင်ငံရေး၊ တွေးတော့လည်း နိုင်ငံရေး၊ ရေးတော့လည်း နိုင်ငံရေး။ နိုင်ငံရေးသည် ပထမ။ နိုင်ငံရေးသည် ဒုတိယ။ နိုင်ငံရေးသည် တတိယ။

ဒါဆို ဘာကြောင့် နိုင်ငံရေးက အဲဒီလောက်အရေးပါ အရာရောက်နေတာလဲ။ “နိုင်ငံရေး” ဆိုသည့် စကားလုံးကို ခွဲထုတ်ကြည့်လျှင် “နိုင်ငံ” နှင့် “အရေးကိစ္စ” ဟု နှစ်ပိုင်းထွက်လာပေလိမ့်မည်။ နိုင်ငံနှင့်ပတ်သက်နေသော အရေးအရာကိစ္စ အဝဝပြဿ နာအထွေထွေကို “နိုင်ငံရေး” ဟု ခြုံငုံခေါ်ဆိုလိုက်ခြင်းပင် မဟုတ်ပါလား။ နိုင်ငံရေးအကြောင်းပြောလျှင် နောက်ထပ်စကားလုံးတစ်လုံး လိုအပ်ပါသည်။ ၎င်းမှာ “နိုင်ငံသား” ဟူသည့် စကားလုံးဖြစ်ပါသည်။

ကျွန်တော်တို့သည် အိမ်ခြေအတည်တကျမရှိသူကို အိမ်ခြေယာခြေမဲ့ဟု ခေါ်ဆိုကြပါသည်။ ထို့အတူ နိုင်ငံ အတည်တကျမရှိသူကိုလည်း “နိုင်ငံမဲ့သူ” ဟုသာ ခေါ်ဆိုရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော နိုင်ငံအတည်တကျရှိသူကိုသာ “နိုင်ငံသား” ဟု ခေါ်ဆိုကြသောကြောင့် ဖြစ်ပါသည်။

သို့ဆိုလျှင် နိုင်ငံကမွေးဖွားလိုက်သောကြောင့် နိုင်ငံသားရယ်လို့ ဖြစ်လာခြင်းပါလားဟု ထပ်ဆင့်တွေးကြည့်လို့လည်း ရနိုင်ပါသည်။ အကြင်နိုင်ငံက မွေးဖွားလိုက်သောကြောင့် နိုင်ငံသားသည် မိမိနိုင်ငံကို ပြန်ကြည့်အပ်၏။ မိမိနိုင်ငံကို ပြန်လည်ဂရုပြုအပ်၏။ မိမိနိုင်ငံကို စိတ်ဝင်စားအပ်၏။ အဘယ့်ကြောင့်နည်း။ အကြင်နိုင်ငံ၏ကျေးဇူးကြောင့် “နိုင်ငံသား” ဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့သောကြောင့်ပင်တည်း။

ထို့ကြောင့် နိုင်ငံရေးအကြောင်း ပြောဆိုဆွေးနွေး ဝေဖန်သုံးသပ်နေခြင်းသည် မိမိနိုင်ငံကို ကျေးဇူးပြုနေခြင်းပါလားဟု နားလည်သဘောပေါက်ထားသင့်ပါသည်။ သို့ဆိုလျှင် မိမိနိုင်ငံကို စိတ်မဝင်စားသူ၊ မိမိ နိုင်ငံအရေး ပြောဆိုဆွေးနွေးလေ့မရှိသူသည် မိမိနိုင်ငံကို ကျေးဇူးကန်းနေသူများသာ ဖြစ်သည်ဟု ကောက်ချက်ချရပါတော့မည်။ ထိုအခါ “နိုင်ငံရေးစိတ်မဝင်စားပါဘူး။ ဘယ်သူတက်တက် ကိုယ့်ထမင်းကိုယ်ရှာစားရတာ” ဟု ပြောတတ်သူများသည် ကျေးဇူးကန်းသူများစာရင်းဝင် ဖြစ်သွားနိုင်ပါသည်။
သို့မဟုတ်လျှင်လည်း ထိုကဲ့သို့ ပြောတတ်သူများသည် နိုင်ငံအတည်တကျမရှိသောကြောင့် တစ်နိုင်ငံပြီးတစ်နိုင်ငံ လှည့်လည်ကာ ရှာဖွေစားသောက်နေရသူများသာ ဖြစ်ကြပါလိမ့်မည်။

မည်သို့ဆိုစေ ကျွန်တော်တို့အုပ်စုကတော့ နိုင်ငံမဲ့သူများမဟုတ်သောကြောင့် ကြာသပတေးနေ့ရောက်တိုင်း လက်ဖက်ရည်သောက်ရင်း နိုင်ငံရေးစကားကို အာပေါင်အာရင်းသန်သန်နှင့် ဆွေးနွေးငြင်းခုံနေကြတုန်းပါပဲ။

Credit - Eleven Media Group

No comments:

Post a Comment