Written by - မောင်မိုးဦး
‘လောကကြီးကို သင် အပေးနိုင်ဆုံး၊ အကောင်းဆုံးတွေ ပေးလိုက်ပါ။ ဘယ်တော့မှ လုံလောက်မှာ မဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်စေ လောကကြီးကို အကောင်းဆုံး ပေးဆပ်မြဲ ပေးဆပ်ပါ’
(မာသာထရီဆာ)
ကျွန်တော်တို့ လူသားများ၏ အခြေခံစိတ်က ကန်ရေပြင်လို တည်ငြိမ် သန့်ရှင်းကြသည်။ သို့သော် လှုပ်ရှားမှု တစ်ခုခုနှင့် ရင်ဆိုင်ရသောအခါ တည်ငြိမ်သော ကန်ရေပြင်ကလည်း မြစ်ပြင်လို အလှုပ်အရှား အပြောင်းအလဲများဖြင့် ပဉ္စလက် ဆန်သွားတတ်သည်မှာ သဘာဝပင်ဖြစ်သည်။ ထိုအခါ ကျွန်တော်တို့
ဘာလုပ်ကြမည်နည်း။ ခံစားမှုမျိုးစုံ အိုင်ဒီယာမျိုးစုံဖြင့် တုံ့ပြန်ကြရမည်သာဖြစ်၏။ ထို့အတူ အမှန်ကို ရွေးချယ်ဆုံးဖြတ်နိုင်ရန် စာဖတ်ဖို့ လိုသလို ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာဖို့လည်း လိုသည်။
လူဆိုသည်မှာ ကွင်းပြင်မှ လယ်စောင့်တဲလေးလို တစ်ဦးတစ်ယောက်တည်း ကြာရှည်စွာ နေလို့မရပေ။ မိဘ၊ ညီအစ်ကို မောင်နှမ ရှိသည်။ ဆရာသမား ရှိသည်။ မိတ်ဆွေသူငယ်ချင်း ရှိသည်။ ထို့ကြောင့် အားလုံးနှင့် ဆက်ဆံပတ်သက် နေရဦးမည်သာ ဖြစ်၏။ ထိုနေရာတွင် မိတ်ဆွေနှင့် သူငယ်ချင်းဆိုသည့် အသုံးအနှုန်းကို ကျွန်တော် နားလည်သလို အဓိပ္ပာယ် ဖွင့်ကြည့်မိသည်။ ထိုစကားနှစ်လုံးသည် အဓိပ္ပာယ် တူညီသယောင် ရှိသော်လည်း တကယ်တမ်းမှာ မတူညီပေ။
‘သူငယ်ချင်း’ ဆိုသည်မှာ ရွှေစကားနှင့်ပြောလျှင် ၁၆ ပဲရည်ပြည့်သည်ဟု ပြောလို့ရသည်။ တစ်ယောက်နှင့်တစ်ယောက် နေရာဒေသ တစ်ခုတည်းတွင် မွေးဖွားကြီးပြင်းလာပြီး အတူကျောင်းတက်၊ ကစား၊ ပညာသင် ထိုမှတစ်ဆင့် အရွယ်ရောက်လာသည့်တိုင် တစ်ယောက်နှင့်တစ်ယောက် ဖေးမကူညီ စာနာမှုပေးနေသော လူမျိုးကို ဆိုလိုခြင်းဖြစ်သည်။ မိတ်ဆွေဆိုသည်က ထိုသို့မဟုတ်ပေ။ အရွယ်ရောက်လာပြီး တစ်စုံတစ်ယောက် မိတ်ဆက်ပေးပြီးနောက် အားနာနာနှင့် ‘တွေ့ရတာ ၀မ်းသာပါတယ်’ ဆိုသည့် စကားနှင့် ချက်ချင်း မိတ်ဆွေဖြစ်သွားတာမျိုး။ လုပ်ငန်းတူသဖြင့် ရင်းနှီးသွားတာမျိုး၊ ဇနီး၊ ခင်ပွန်းတို့နှင့် နွှယ်ပြီး သိကျွမ်းခွင့်ရသည့် လူမျိုး စသည်တို့ဖြစ်သည်။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်အတွက် ‘သူငယ်ချင်း’ သည် ‘မိတ်ဆွေ’ ထက် ရင်းနှီးမှုခံစားမှုပိုပြီး ထူထဲနေတတ်ခြင်းပင် ဖြစ်သည်။ သူငယ်ချင်းက သွေးသားဆန်ပြီး မိတ်ဆွေက အနည်းငယ် သူစိမ်းဆန်သည်ဟုလည်း ပြောလို့ရသည်။
ကျွန်တော့်မှာ ကိုယ့်ဘ၀နှင့်ကိုယ်၊ ကိုယ့်အိပ်မက်နှင့်ကိုယ်၊ ကိုယ့်ခံစားမှုနှင့်ကိုယ်၊ ကိုယ့်ဘ၀နေနည်းနှင့်ကိုယ် ဖြစ်လာပြီးသည့်နောက်ပိုင်း ငယ်စဉ်ကတည်းက ပေါင်းသင်းဆက်ဆံခဲ့ရသော သူငယ်ချင်းများသည်လည်း ကိုယ့်ဖွဲ့စည်းပုံနှင့်ကိုယ် အဝေးကွင်း ရောက်သွားသောအခါ မိတ်ဆွေများနှင့်သာ ဘ၀ကို သက်တမ်းတိုးခဲ့ရလေသည်။
ကျွန်တော်က ခင်မင်လေးစားရသော မိတ်ဆွေအများစုမှာ စာရေးဆရာများဖြစ်သည်။ ဘ၀တူတွေမို့ တစ်ယောက်ကိုတစ်ယောက် အလွယ်တကူ ဘာသာပြန်နိုင်သည်။ တစ်ယောက်ဝေဒနာကို တစ်ယောက် ECG ရိုက်စရာ မလိုဘဲ သိသည်။ တစ်ယောက်ကိုတစ်ယောက် ဉာဏ်ရည်ထက်မြက်သည်ဆိုသော ‘အိုဗာတင်း’ မတိုက်နိုင်သော်လည်း ကော်ဖီလက်ဖက်ရည်လောက်တော့ တိုက်နိုင်သည်။ ‘အော်ရာမင်းဂျီနှင့် အင်နာဗွန်စီ မပေးနိုင်သော်လည်း ‘ပါရာစီတမော’ လောက် ပေးနိုင်သည်။ ထို့ကြောင့် ကျွန်တော်တို့ စာပေသူငယ်ချင်း အဖွဲ့လေးက ကာလာမပါဘဲ ကြည်လင်နေသည်။
ဒီလိုနှင့် တစ်ရက်မှာ ကျွန်တော့်မိတ်ဆွေတစ်ယောက် အိမ်ကို ရောက်လာသည်။ စာပေအသိုင်းအ၀ိုင်းထဲက မဟုတ်ပေ။ ကလေး နေမကောင်းသဖြင့် ငွေ ၂၀၀၀၀ လောက် လာချေးသည်။ ကျွန်တော်ငြင်းမည်ဟု ဆုံးဖြတ်လိုက်သော်လည်း ‘ကလေးနေမကောင်းလို့’ ဆိုသည့် စကားက ကလေးအဖေ ကျွန်တော်၏ နှလုံးသားကို လာထိသည်။ ထို့ကြောင့် စုထားသည့် စာမူခလေးထုတ်ပြီး ချေးလိုက်သည်။ ‘သုံးလလောက် ယူထားလို့ရသည်၊ အတိုးပေးရန်မလို၊ ခွဲဆပ်လည်းရသည်’ ဟု တစ်ခါတည်းမှာ လိုက်သည်။
လောကတွင် ကျွန်တော်အကြောက်ဆုံး အရာမှာ ‘အီဘိုလာ’ ရောဂါပိုး မဟုတ်ပေ။ ‘အတိုး’ ဆိုသည့်ငွေ ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာသာတရား၏ အဆုံးအမထဲတွင် ကာယကံရှင်က ကျေနပ်လို့ အတိုးပေးသည့်တိုင် ယူလျှင်အကုသိုလ်ဖြစ်သည် ဆိုသော စကားလေးက ကျွန်တော့်တစ်သက်လုံး လိုက်နာရမည့် ဗုဒ္ဓ၏ စကားကြောင့်ဖြစ်သည်။ ထိုနေ့က သူပျော်သွားသည်။ ကျွန်တော်လည်း မည်သည့်ပလပ်မျှ ထိုးစရာမလိုဘဲ သူ့အပျော်တွေ ရင်ထဲရောက်လာခဲ့သည်။
တစ်လ နှစ်လ သုံးလ သူကျွန်တော့်အိမ် မလာတော့ပေ။ မတော်တဆတွေ့လျှင် သူ့အခက်အခဲများကို တင်ပြသည်။ အခြား အတိုးပေးရသူများကို လှည့်ဆပ်နေရသည်ဟု ဆိုသည်။ ကျွန်တော် ကျေနပ်သည်။ သူ့ကို နားလည်နိုင်သည်။ နောက်ခြောက်လ တစ်နှစ် သူကျွန်တော့်ကို အဆက်အဆံ သိပ်မလုပ်တော့ပေ။ နောက်တစ်နှစ်ကို ကူးပြောင်းခဲ့သည်။ သူလည်း အကောင်းစားလက်ကိုင်ဖုန်းနှင့် ဖြစ်သွားသည်။ သူ့ကို ငွေချေးစဉ်က သူ့မှာ ဖုန်းမရှိ။ ကျွန်တော့်မှာ ၁၅၀၀ တန် CDMA ကတ်နှင့် မြန်မာငွေ ၂၀၀၀၀ တန် ခလုတ်ဖုန်းလေး ရှိသည်။ ‘အဆင်မပြေသေးလို့ပါ ပြန်ဆပ်မည်’ ဟုပြောသည်။ ထို့နောက် ကျွန်တော်လုပ်သင့်တာ တစ်ခုကိုပဲ လုပ်လိုက်သည်။ ကျွန်တော့် တယ်လီဖုန်းလေးထဲမှ သူ့နာမည်နှင့် သူ့နံပါတ်ကို အပြီးတိုင် DELETE လုပ်လိုက်ခြင်းပင် ဖြစ်သည်။
နောက်ထပ် ကျွန်တော်၏ ကူညီမှုလေးကလည်း သတ်ပုံမှားသွားပြန်သည်။ တစ်ရက်မှာ မိတ်ဆွေတစ်ယောက် ဖုန်းဆက်သည်။ ကျွန်တော်တို့ လမ်းထိပ်အိမ်က အမျိုးသမီးကို ငွေ ၃၀၀၀ ခဏစိုက်ပြီး သွားပေးလိုက်ပါ။ ပြီးရင် ညနေထိုင်နေကျ ဆိုင်လေးမှာ ဆုံမည်။ အဲဒီကျမှ ပိုက်ဆံပြန်ယူပါဟု အကူအညီတောင်းသည်။ ကျွန်တော်ကလည်း အကူအညီပေးရသည်ကို ၀ါသနာပါသည်။ ထို့ကြောင့် မြို့ထဲမထွက်ခင် ပိုက်ဆံ ၃၀၀၀ သွားပေးသည်။ သို့သော် အိမ်တံခါး သော့ခေတ်ထားသဖြင့် မပေးလိုက်ရပေ။ သူငယ်ချင်းကို ဖုန်းဆက်ပြောသော်လည်း လုံးဝ အဆက်အသွယ် မရခဲ့ပေ။
ထိုနေ့က ကျွန်တော်မိုးချုပ်မှ အိမ်ပြန်ရောက်သည်။ အိမ်ရောက်သည်နှင့် အိမ်ရှင်မက အပြင်းထန်ဆုံး အကြမ်းတမ်းဆုံး စကားတွေနှင့် ကြိုဆိုလေတော့သည်။
‘မိန်းမတစ်ယောက် အကြွေးလာတောင်းတာ နှစ်ခါရှိပြီ။ နေပါဦး ရှင်က ဘယ်လိုမိန်းမတွေနဲ့ ဘယ်လိုဇာတ်လမ်းတွေ ရှုပ်ထားလို့လဲ’
ဇာတ်ပေါင်းသောအခါ ‘လူမှုရေး ဖောက်ပြန်မှု’ ဆိုသည့် စွပ်စွဲချက်နှင့် ကျွန်တော်တို့မိသားစု သန်းခေါင်စာရင်းလေး မုန်တိုင်းထန်ခဲ့ရလေသည်။
ကျွန်တော်သည် ကျူရှင်မယူ၊ အထူးထုတ်မဖတ်ဘဲ ဘာသာရပ်နှစ်ခု ဂုဏ်ထူးရသလို ကျွန်တော်၏ ကူညီချင်စိတ်လေးသည် အငွေ့ပြန်ခဲ့ရသည်။ သို့သော် မိတ်ဆွေသူငယ်ချင်များကို မိမိတတ်နိုင်သလောက် ကူညီနေဦးမည်သာ ဖြစ်၏။ မိမိ ကူညီမှုကြောင့် မိမိထံ ဘေးထွက်ဆိုးကျိုးများ ရောက်လာနိုင် မနိုင် မကူညီခင် ကြိုတင်စဉ်းစားထားဖို့သာ လိုသည်။
Credit - Eleven Media Group
No comments:
Post a Comment