![]() |
ဘက်လိုက်သောတရားသူကြီး အလိုမရှိကြောင်း တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်နေစဉ် |
ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး သေဆုံးမှုတွင် အမှုမှန်ပေါ်ပေါက်ရေးအတွက် မန္တလေးမြို့ရှိ နိုင်ငံရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၂၇ ရက်က ဆန္ဒထုတ်ဖော်ခဲ့မှုဖြင့် အောင်မြေသာစံမြို့နယ်တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် အမှုရင်ဆိုင်နေရသည့် ဦးသိန်းအောင်မြင့်မှ ယင်းတရားရုံးရှေ့၌ ဘက်လိုက်သောတရားသူကြီး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဘက်လိုက်သောတရားသူကြီး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ရာတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ မန္တလေးမြို့ ၂၆ လမ်းနှင့် ၈၆ လမ်းမှ စတင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယင်းသို့ ဆန္ဒထုတ်ဖော်နေစဉ်အချိန်အတွင်း ပုဒ်မ ၁၈ ဖြင့် အမှုရင်ဆိုင်နေရသည့် ဦးသိန်းအောင်မြင့်မှ အောင်မြေသာစံမြို့နယ် တရားရုံးရှေ့သို့ သွားရောက်၍ ဘက်လိုက်သောတရားသူကြီး အလိုမရှိကြောင်း တစ်ကိုယ်တော်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တရားရုံးရှေ့ဆန္ဒပြရာတွင် တရားဝင်ခွင့်ပြုချက် ရရှိခြင်းမရှိကြောင်းနှင့် ခွင့်ပြုချက်ရရှိရန်အတွက် သက်ဆိုင်ရာသို့ တင်ပြခဲ့သော်လည်း ခွင့်ပြုချက်မရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။ တရားရုံးရှေ့၌ တစ်ကိုယ်တော်ဆန္ဒပြမှုပြုလုပ်ခဲ့ပြီးနောက် ပုဒ်မ ၁၈ ဖြင့် အမှုရင်ဆိုင်နေရသူက အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြန်လည်ပူးပေါင်း၍ ဘက်လိုက်သောတရားသူကြီး အလိုမရှိ ခေါင်းစဉ်ဖြင့် ဆန္ဒပြမှုကို နံနက် ၉ နာရီအချိန်မှ ၁၁ နာရီအချိန်ထိ ပြုလုပ်ခဲ့ကြသည်။
“ကိုပါကြီးကိစ္စအတွက် ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး အောင်မြေသာစံမြို့နယ်တရားရုံးမှာ ပုဒ်မ ၁၈ နဲ့ တရားရင်ဆိုင်နေရတာမှာ တရားရုံးအတွင်း ဘက်လိုက်မှုတွေ၊ တရားမျှတမှု မရှိတာတွေကို တွေ့မြင်နေရပါတယ်။ ကျွန်တော့်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတဲ့ ဒီအမှုမှာ မြို့နယ်တရားသူကြီးက တရားလိုဘက်ကို ဘက်လိုက်နေတဲ့ အနေအထားတွေ တွေ့နေရပါတယ်။ တရားခွင်အတွင်းမှာဆိုရင်လည်း လွတ်လွတ်လပ်လပ် မေးခွန်းမေးမြန်းခွင့်တွေ မရှိပါဘူး။ အမှုရင်ဆိုင်နေရတဲ့သူ တစ်ယောက်ကို ဖိအားပေးတဲ့ အနေအထားတွေလည်း ရှိနေပါတယ်။ ကိုပါကြီးအသတ်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး ဆန္ဒပြလို့ ကျွန်တော်တို့ကို တရားစွဲဆိုတာ ထောင်ချတာက အဓိကအဖြေ မဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်သွားနိုင်ဖို့ အတွက် လုပ်ဆောင်တဲ့သဘော ဖြစ်ပါတယ်။ ဒါကြောင့် ဘက်လိုက်တဲ့တရားသူကြီး အလိုမရှိကြောင်း ဆန္ဒပြရတာပါ”ဟု ပုဒ်မ ၁၈ ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည့် ဦး သိန်းအောင်မြင့်က ပြောကြားသည်။
အောင်မြေသာစံမြို့နယ်တရားရုံးမှ တရားသူကြီးအား ဆန္ဒပြမှုနှင့်ပတ်သက်၍ အဆိုပါမြို့နယ်တရားရုံးတွင် သတင်းမီဒီယာများအား မြို့နယ်တရားသူကြီးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင် မြို့နယ်တရားသူကြီးက ဒုတိယမြို့နယ်တရားသူကြီးမှတစ်ဆင့် လက်ရှိ ပုဒ်မ ၁၈ ဖြင့် အမှုရင်ဆိုင်နေရသည့် အမှုအား ရှင်းလင်းပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက်က မန္တလေးမြို့တွင် ပြုလုပ်သည့် ဘက်လိုက်သောတရားသူကြီး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို တွေ့ရစဉ် (ဓာတ်ပုံ - ဌေးလှအောင်) |
“ကိုပါကြီး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၇ ရက်က ဆန္ဒထုတ်ဖော်ခဲ့ရာမှာ ခွင့်ပြုချက်မရှိတာကြောင့် ပုဒ်မ ၁၈ နဲ့ အမှုဖွင့်တရားရင်ဆိုင်နေရတဲ့သူက မြို့နယ်တရားသူကြီးက ဘက်လိုက်တယ်ဆိုပြီး ဒီနေ့ တရားရုံးကို ပထမဆုံးအကြိမ်အဖြစ် ဆန္ဒပြတယ်။ ဒီအမှုတွဲဖြစ်စဉ် အထောက်အထားတွေအရ တရားသူကြီးအနေနဲ့ ဒီအမှုဖြစ်စဉ်တစ်ခုလုံးအပေါ်မှာ ဘက်လိုက်ခဲ့ခြင်း မရှိပါဘူး။ တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဥပဒေနဲ့အညီပဲ ကျင့်ထုံးနည်းလမ်းတွေနဲ့ ဆောင်ရွက်နေတာပါ။ ဘက်လိုက်မှုမရှိသလို လွတ်လပ်တဲ့တရားစီရင်ရေးမဏ္ဍိုင်ကို ဖော်ဆောင်နေတဲ့အတွက် ဘယ်သူမှ ဘယ်အုပ်ချုပ်ရေးကမှ တရားစီရင်ရေးမဏ္ဍိုင်ကို ဖိအားပေးလို့မရပါဘူး။ လွတ်လပ်တဲ့တရား စီရင်ရေးစနစ် ဖြစ်ပါတယ်”ဟု အောင်မြေသာစံမြို့နယ် တရားသူကြီး ဦးဌေးအောင်၏ ကိုယ်စား ဒုတိယမြို့နယ်တရားသူကြီး ဦးလွှမ်းမိုးအောင်က ပြောကြားသည်။
အောင်မြေသာစံမြို့နယ် တရားရုံးမှ တရားသူကြီးအား ဆန္ဒပြမှုနှင့်ပတ်သက်၍ တရားရုံးအနေဖြင့် ဆန္ဒပြမှုအား တရားစွဲဆိုခြင်း ပြုလုပ်မည်မဟုတ်ကြောင်း တရားရုံးရှေ့ ဆန္ဒထုတ်ဖော်မှုသည် ဥပဒေနှင့်အညီသာဖြစ်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
လက်ရှိအချိန်တွင် ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ခြင်းကြောင့် ပုဒ်မ ၁၈ ဖြင့် အောင်မြေသာစံမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရာတွင် ဒီဇင်ဘာ ၁၅ ရက် ရုံးချိန်း(ခုနစ်ကြိမ်မြောက်) ၌ တရားလိုပြသက်သေအား စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုပါကြီး သေဆုံးခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးမြို့တွင် အောက်တိုဘာ ၂၇ ရက်နှင့် နိုဝင်ဘာ ၄ ရက်တို့တွင် ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ရာ ပထမအကြိမ် ဆန္ဒထုတ်ဖော်ရာ၌ သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရရှိခြင်းကြောင့်ဟုဆိုကာ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးသိန်းအောင်မြင့်အား အောင်မြေသာစံမြို့နယ် အမှတ်(၅)ရဲစခန်းမှ (ပ)၄၃၁/၂ဝ၁၄ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းပြီး စတင်အမှုဖွင့်ခဲ့ရာတွင် ဦးသိန်းအောင်မြင့်ပါ ၂ဝ ဦးအား အမှုဖွင့်ခဲ့သော်လည်း တရားစွဲဆိုရာ၌ ဦးသိန်းအောင်မြင့်တစ်ဦးတည်းကိုသာ စွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Credit - Eleven Media Group
No comments:
Post a Comment