![]() |
နိုဝင်ဘာ ၆ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တွေ့ရစဉ် |
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးသည် လတ်တလော အကျပ်အတည်းကြီးတစ်ခုပင် ဖြစ်သည်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်း၏ အတိမ်အနက်၊ အဆိုပါ အကျပ်အတည်းကို ဖြေရှင်းမည့်နည်းလမ်းတို့နှင့် ဆက်စပ်နေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် မရေရာ မခိုင်မာသရွေ့ မြန်မာ့အပြောင်းအလဲသည် နွံထဲ၌ လှည်းဘီးကျွံနေဆဲဖြစ်ပြီး ကူ၍တွန်းပေးရမည့်ဘက်သို့ ယိမ်းယိုင်နေဦးမည်သာ ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်နှင့် အငြိမ်းစားတပ်မတော်အရာရှိကြီးနှစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အဆိုတင်သွင်း၊ ထောက်ခံခဲ့ခြင်းဖြင့် လွှတ်တော်တွင်း ပြင်ဆင်ရေးခြေလှမ်းစခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့် (အငြိမ်းစားဗိုလ်မှူးချုပ်)သည် ၂ဝ၁၃ ခုနှစ် မတ် ၁၅ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်၊ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၊ ကော်မရှင်များဖွဲ့စည်းဆောင်ရွက်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်အား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခဲ့ပြီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် (အငြိမ်းစားဗိုလ်မှူးချုပ်)က ထောက်ခံဆွေးနွေးခဲ့သည်။ ထို့နောက် အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က ဆုံးဖြတ်၊ အတည်ပြုခဲ့သည်။ ၂ဝ၁၃ ခုနှစ် မတ် ၂ဝ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ယင်းအဆိုကို ထပ်မံတင်သွင်း၊ အတည်ပြုခဲ့သည်။
ဒုတိယခြေလှမ်းသည် ကော်မတီဖွဲ့စည်းခြင်း ဖြစ်သည်။ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁ဝ၉) ဦး ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်သင့်သောအချက်များကို လေ့လာသုံးသပ်ပြီး၊ အစီရင်ခံစာတစ်စောင် ပြုစုကာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန် တာဝန်ပေးခဲ့သည်။ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့ပြီး၊ (၁၂၆) ရက်အကြာမှသာ ပထမဆုံးကော်မတီကို ဖွဲ့စည်းနိုင်ခဲ့သည်။ ကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မများကို လေ့လာသုံးသပ်သည့်အနေအထားသာ ရှိခဲ့ပြီး၊ ပြင်ဆင်သင့်သောပုဒ်မများနှင့် ပြင်ဆင်ရသည့်အကြောင်းအရင်းတို့ကို ဆက်စပ်ဖော်ပြသည်အထိ ခရီးမပေါက်ခဲ့သည်မှာ သိသာမြင်သာသည်။
တတိယခြေလှမ်းသည် ဒုတိယကော်မတီဖွဲ့စည်းခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၃၁) ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအကြို၊ ဖွဲ့စည်းခဲ့သော (၃၁) ဦး ကော်မတီလည်း ဖြစ်သည်။ ကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဠာန်းချက်များနှင့် စပ်လျဉ်း၍ ပြင်ဆင်သင့်သည့်အကြောင်းအရာများ၊ ပြင်ဆင်ခြင်းမပြုဘဲ ဆက်လက်ထားရှိသင့်သည့်အကြောင်းအရာများကို လေ့လာဖော်ထုတ်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတစ်ရပ် ဖြစ်ပေါ်လာသည်အထိ တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သည်။ ပထမကော်မတီကို ဖွဲ့စည်းပြီးနောက်၊ ရက်ပေါင်း (၁၈၆)ရက်ကြာမှ ဒုတိယကော်မတီကို ဖွဲ့စည်းနိုင်ခဲ့သည်။
၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၊ (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ ဖတ်ကြားတင်သွင်းခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) တွင် ပုဒ်မပေါင်း ၄၅၇ ခုနှင့် ဇယားငါးခု ပါရှိပြီး၊ ပုဒ်မပေါင်း ၂၁ဝ နှင့် ဇယားငါးခု၏ အပိုဒ် ၂၃ ခုကို ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း အစီရင်ခံစာတွင် အကြံပြုခဲ့သည်။ ဒုတိယကော်မတီဖွဲ့စည်းခြင်းနှင့် အစီရင်ခံစာ တင်သွင်းခြင်းကြားကာလသည် ရက်ပေါင်း (၂၆၂) ရက် ရှိခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအဆိုကို ပြည်သူ့လွှတ်တော်တွင် စတင်တင်သွင်းခဲ့သည့် ၂ဝ၁၃ ခုနှစ် မတ် ၁၅ ရက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို၏ အစီရင်ခံစာတင်သွင်းသည့် ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများပြီးစီးသည့် နိုဝင်ဘာ ၂၅ ရက်အပါအဝင် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်အထိကာလကို တွက်စစ်လျှင် ရက်ပေါင်း ၆ဝဝ ကျော် (၆၂၉ ရက်) ရှိပြီဖြစ်သည်။
ရက်ပေါင်း ၆ဝဝ ကျော် ကြာညောင်းခဲ့ပြီဖြစ်သော်လည်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအခန်းပါ ပုဒ်မများနှင့်အညီ၊ အကောင်အထည်ဖော်နိုင်ခြင်း လုံးလုံးမရှိသေးသည်မှာ တိုင်းပြည်နှင့်ပြည်သူလူထုအတွက် စိတ်ပျက်အားလျော့ဖွယ် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့်ဥပဒေကြမ်းကို ရေးဆွဲပြီးစီးခြင်း မရှိသည့်အပြင်၊ ပြင်ဆင်သည့်ဥပဒေကြမ်းကို မည်သည့်အချိန်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်မှာလည်း မရေမရာဖြစ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်၏ ပထမဆုံးခြေလှမ်းကိုပင် လှမ်းနိုင်ခြင်းမရှိသည့်အခြေအနေတွင် ရက်ပေါင်း ၆ဝဝ ကျော် ကြာမြင့်ခြင်းသည် အချိန်ဆွဲသည့်သဘော၊ အချိန်ဖြုန်းသည့်သဘော သက်ရောက်နေသည်ဟု သုံးသပ်နိုင်သည်။
တိုင်းပြည်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့်နယ်ပယ်အသီးသီးတွင် အောက်တန်းနောက်တန်းကျနေပြီး အရှေ့တောင်အာရှနိုင်ငံ ဆယ်နိုင်ငံအနက် ဂျီဒီပီအပေါ် အခြေခံသောတစ်ဦးချင်းဝင်ငွေအရတွက်ချက်လျှင် အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေသည့်အချိန်၌ တိုင်းပြည်၏ပြဿ နာများ စိန်ခေါ်မှုများနှင့် ဆက်စပ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကို အဖြေရှာနိုင်မည့် ပြင်ဆင်ရေးလမ်းကြောင်းအား အချိန်ဆွဲဆောင်ရွက်နေမည်ဆိုလျှင်၊ တိုင်းပြည်နှင့်ပြည်သူလူထုအနေဖြင့်၊ ဆင်းရဲတွင်း နစ်သထက်၊ နစ်လာမည်သာ ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များတွင် အများစုကိုယ်စားပြုလျက်ရှိသော အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် တိုင်းပြည်အခြေအနေကို ထောက်ရှုလျက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့် ဥပဒေမူကြမ်းကို ဆောလျင်စွာ ပြုစုတင်ပြသင့်သည်။ ပြည်ခိုင်ဖြိုးပါတီ၏ ခြေလှမ်းများ လေးလံထိုင်း မှိုင်းလေ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းများ ဖြေရှင်းရခက်လေဖြစ်သည်။ ထို့ကြောင့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလဆန်း ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မည့် ဥပဒေမူကြမ်းကို လက်ခံ၊ ဆွေးနွေး၊ အတည်ပြုနိုင်ရန် စိုင်းပြင်းသင့်သည်။ သို့ မဟုတ်ပါက၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် အစစ်အမှန်ရောဟုတ်ရဲ့လား၊ မည်သည့်အချိန်ထိ ခရီးရှည်နေဦးမည်လဲ၊ ကြန့် ကြာအောင် တမင်လုပ်နေသလား စသည့်မေးခွန်းများနှင့်အတူ မသေချာ၊ မရေရာမှုများကို မြင့်တက်စေနိုင်ပါကြောင်း မီးမောင်းထိုးဆော်ဩလိုက်ရပါသည်။

Credit - Eleven Media Group
No comments:
Post a Comment