![]() |
ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်သင်ကြားနေသော ကျောင်းသူကျောင်းသားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - အေးပပ) |
“ပညာရေးနဲ့ ပတ်သက်ပြီး ကိုဘသစ်ကို မေးစရာတစ်ခု ရှိတယ်”
“မေးပါဗျာ၊ အမှန်တရားကို သိချင်ရင်တော့ ပညာရှင်တွေကို မေးပေါ့။ ကျွန်တော့်ကို မေးတော့လည်း ကျွန်တော့် သဘောထားကိုတော့ ကြားရမှာပေါ့”
“ကျွန်တော်လည်း ခင်ဗျားသဘောထားကို ကြားချင်တာပါ။ ခင်ဗျားဟာ တစ်ချိန်က တက္ကသိုလ်ဆရာလည်း ဖြစ်တယ်။ စာလည်း အတော်ဖတ်တယ်ဆိုတော့ မျှမျှတတပြောမယ် ယူဆလို့ မေးချင်တာပါ။ ကျွန်တော်သိချင်တာက ယခုနှစ်မှာ ကျောင်းသားတွေ ဆန္ဒပြတာ အတော်လေးများတယ် ဘာကြောင့်လဲ”
“အင်း ကျွန်တော် သူတို့ကို သွားကြည့်ဖူးတယ်။ သူတို့တွေအထဲမှာ ပညာတတ်ကျောင်းသားတွေ အများကြီး ပါဝင်တာကို တွေ့ရတယ်။ ဘာကြောင့် သူတို့ ဆန္ဒပြရလဲဆိုရင် Gut ဆိုတာကြောင့်လို့ ပြောရမှာပဲ၊ Gut ဆိုတာ ဝမ်းထဲက သိနေတဲ့ သဘောကို ပြောတာ။ သူတို့ဟာ ပညာရေးဥပဒေ မူကြမ်းကို သဘောမကျဘူး။ တစ်ခုခုတော့ မှားနေတယ်ဆိုတာကို သူတို့သိကြတယ်”
“မကောင်းဘူးဆိုတာကို သူတို့သေသေချာချာ ထောက်ပြနိုင်ရမှာပေါ့”
“ထောက်ပြကြပါတယ်။ ဒါပေမဲ့ အဲဒီလို ထောက်ပြရုံနဲ့ မလုံလောက်သေးဘူး။ နောက်ကွယ်မှာ ဆိုးရွားတာတွေ ရှိဦးမယ်ဆိုတဲ့ အယူအဆမျိုး စိတ်ထဲမှာ ရှိနေတယ်လို့ ကျွန်တော် ထင်တယ်။ ဥပမာ တရုတ်ဆိုင်တစ်ဆိုင်မှာ ထမင်းသွားစားတယ် ဆိုပါတော့၊ ကောင်းတာ မကောင်းတာကိုတော့ စားတဲ့လူတိုင်း သိမှာပဲ။ ဒါပေမဲ့ တစ်ခုခု မှားနေတယ် ဆိုတာမျိုး သံသယတွေ ရှိတာလည်း ရှိတယ်။ အချိုမှုန့်တွေ များနေတာလား။ အသားပဲ မလတ်ဆတ်တာလား။ ဒါမှမဟုတ် အလွန်အကျွံ ချက်ထားတာလား စတာတွေပေါ့လေ”
“အင်း ခင်ဗျားပြောတဲ့ Gut Feeling ဆိုတာ ကျွန်တော်သဘောပေါက်ပါတယ်။ ၁၉၂ဝ ပြည့်နှစ် ယူနီဗာစီတီအက်ကို ပြဋ္ဌာန်းတဲ့အခါ သပိတ်မှောက်တာမျိုးပေါ့ ဟုတ်လား”
“မဟုတ်သေးဘူး။ ဒီဥပဒေမူကြမ်းဟာ တစ်ခုခုတော့ မှားနေတယ်ဆိုပြီး ကျောင်းသားတွေရော၊ မိဘပြည်သူတွေရော၊ ဂျီစီဘီအေ အသင်းကြီးကရော ကန့်ကွက်တယ်။ ပထမအဆင့်က ကန့်ကွက်တာပဲ။ ဒါပေမဲ့ မြန်မာဘုရင်ခံ ဆာဒေါက်ကလပ်က မြန်မာတွေ ပညာရေးကို နားမလည်ပါဘူးကွာဆိုပြီး ၁၉၂ဝ Rangoon University Act ကို အဓမ္မအတည်ပြု ပြဋ္ဌာန်းတယ်။ ဒီတော့မှ ကျောင်းသားတွေက သပိတ်မှောက်ကြတာဖြစ်တယ်။ အဲဒီတော့မှ အမျိုးသားကျောင်းတွေ ထွက်ပေါ်လာပြီး ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဦးသန့်တို့ကို မွေးထုတ်ပေးခဲ့တာ ဖြစ်တယ်။”
“ဒါဆို ကိုဘသစ် ဆိုလိုတာက ဥပဒေမှာပါတဲ့ အချက်တွေထဲမှာ ဝှက်ဖဲရှိနေတာပေါ့ ဟုတ်လား။”
“ရှိတာပေါ့။ ခု အမျိုးသားပညာရေး ဥပဒေဆိုတာကို မိဘပြည်သူတွေကရော၊ ကျောင်းသားတွေကရော၊ ပညာရှင်တွေကရော မကြိုက်ကြတဲ့ အချက်တွေ အများကြီးပါတယ်။ အဓိက,ကတော့ ဒီဥပဒေမှာ ဗဟိုချုပ်ကိုင်မှုတွေ လုပ်နိုင်လို့ပါပဲ။ ဥပမာ တက္ကသိုလ်တစ်ခု တည်ထောင်ရင် ပညာရေး ဥပဒေအစား တက္ကသိုလ်ဥပဒေဆိုတာ ရှိတယ်။ ရန်ကုန်တက္ကသိုလ် တည်ထောင်ကာစက ၁၉၂ဝ Rangoon University Act ဆိုတာ ပေါ်ပေါက်လာတယ်။ ဒါတွေက တက္ကသိုလ်တွေမှာက တက္ကသိုလ်ဥပဒေတွေ ရှိတာပဲပေါ့။ ၁၉၅၈ ခုနှစ်မှာ မန္တလေးတက္ကသိုလ် ပေါ်ပေါက်လာတော့ မန္တလေး တက္ကသိုလ်အတွက် ၁၉၅၈ Mandalay University Act ဆိုပြီး ပြဋ္ဌာန်းပေးတာမျိုးပါပဲ”
“အဲဒီ University Acts တွေ ဘယ်ရောက်ကုန်လဲ”
“၁၉၆၂ ခုနှစ် တော်လှန်ရေးအစိုးရ တက်လာတော့ အဲဒီတက္ကသိုလ် အက်ဥပဒေတွေကို ဖျက်လိုက်ပြီး ဗဟိုချုပ်ကိုင်မှုကို စတင်ခဲ့တယ်”
“ဒါဆိုရင် ဘယ်တက္ကသိုလ်မှာမှ University Act မရှိဘူးပေါ့။”
“လေကြောင်းတက္ကသိုလ် အတွက်နဲ့ အနုပညာ တက္ကသိုလ်တွေမှာတော့ University Act ပြဋ္ဌာန်းထားတာတွေ ရှိတယ်လို့ ဆိုတယ်။ ကျွန်တော်လည်း အတိအကျ မသိဘူး။ ဒါပေမဲ့ အတိအကျသိတာက ကျွန်တော်တို့ တက္ကသိုလ်တွေ အားလုံးလိုလိုမှာ University Act ဆိုတာ မရှိဘူး”
“University Act ဆိုတာမရှိဘဲ ခုမှ ပညာရေးဥပဒေဆိုတာ ပြဋ္ဌာန်းတယ်ဆိုတော့ ကျောင်းသားတွေက ဒါဟာ တစ်ခုခုတော့ မှားနေတယ်လို့ ယူဆတာပေါ့ ဟုတ်လား”
“ဟုတ်ပါတယ်။ ကျောင်သားတွေက သမဂ္ဂကို လိုလားတယ်။ ကမ္ဘာမှာရှိတဲ့ ဒီမိုကရေစီနိုင်ငံတွေက တက္ကသိုလ်တွေအားလုံးမှာ သမဂ္ဂတွေ ရှိတယ်။”
“တက္ကသိုလ်တိုင်းမှာ သမဂ္ဂရှိတယ်ဆိုတာ တကယ်ပဲလား”
“တကယ်ပါ။ တက္ကသိုလ်တွေမှာ သမဂ္ဂနဲ့ စာကြည့်တိုက်တွေဟာ မရှိမဖြစ် လိုအပ်တယ်။ ခုခေတ်ဆိုရင် အင်တာနက်တွေလည်း လိုတယ်။ အမေရိကန်ပြည်ထောင်စုမှာ သမ္မတအိုဘားမားက တက္ကသိုလ်တွေက အင်တာနက်တွေကို အမြန်နှုန်းမြှင့်ပေးဖို့ ဆော်ဩတယ်။ Lap-top Computers တွေကို ပေးတယ်။ မပေးနိုင်တဲ့ တက္ကသိုလ်တွေဆိုရင် စာကြည့်တိုက်ကနေ အခမဲ့ ငှားပေးသေးတယ်”
“ကျောင်းသားသမဂ္ဂအကြောင်း ဆက်မေးချင်သေးတယ်။ ကျောင်းသားသမဂ္ဂ ရှိမယ်ဆိုတော့ သမဂ္ဂ အဆောက်အအုံတွေလည်း လိုတာပေါ့”
တက္ကသိုလ်ဆိုတာ ပညာဖြန့်ဖြူးရာ ပရဝဏ်ဖြစ်ပြီး လူမှုဝန်းကျင်ကို အကျိုးပြုသူတွေ မွေးထုတ်ရာ အရပ်ဖြစ်ဖို့ ကြိုးစားရမယ်။ လူငယ်တွေရဲ့ စကားသံကိုနား ထောင်ရပါမယ် . . . . .
“လိုပါတယ်။ အနည်းဆုံး ရုံးခန်းတွေ ရှိသင့်တယ်။ အရင်က ရန်ကုန်တက္ကသိုလ်မှာဆိုရင် ခမ်းနားတဲ့ သမဂ္ဂအဆောက်အအုံ ရှိခဲ့ဖူးတယ်။ RC လို့ခေါ်တဲ့ အပန်းဖြေရိပ်သာတွေလည်း ရှိတယ်။ ကျွန်တော်ရောက်ဖူးတဲ့ တက္ကသိုလ်တွေမှာတော့ သမဂ္ဂအဆောက်အအုံတွေကို တွေ့ခဲ့တာပါပဲ”
“ဒါဆိုရင် ကျွန်တော်တို့ တက္ကသိုလ်တိုင်းမှာ သမဂ္ဂအဆောက်အအုံတွေ ဆောက်ပေးသင့်တယ်။ နောက်ထပ် ကမ္ဘာ့အဆင့်မီဖို့ တက္ကသိုလ်တွေမှာ ဘာတွေလိုသေးလဲ”
“တက္ကသိုလ်တွေဆိုတာ ပညာအစုအဝေးပါ။ သူ့မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် Autonomy ဆိုတာ ရှိရတယ်။ Autonomous University ပေါ့ဗျာ။ တက္ကသိုလ်တွေကို ပညာရှင်များကသာ လွတ်လပ်စွာ စီမံပြဋ္ဌာန်းခွင့် ရှိရမယ်ဆိုတာပေါ့”
“ဒါဆိုရင် ကျွန်တော်တို့ဆီမှာ လုပ်နေတဲ့ တက္ကသိုလ် ဗဟိုကောင်စီဆိုတာဟာ ဒီတက္ကသိုလ် လိုအပ်ချက်တွေနဲ့ မကိုက်ညီဘူးပေါ့”
“မှန်ပါတယ်။ ကျောင်းသားတွေနဲ့ ဆရာတွေဟာ ဒါကို မလိုလားဘူး။ ဒါပေမဲ့ တစ်ချိန်က လက်ခံထားတာကို ချက်ချင်းလွှတ်မပေးချင်ကြဘူး။ ဒါကြောင့်လည်း ၁၉၆၄ ခုနှစ်က စလိုက်တဲ့ စနစ်သစ်ပညာရေးကြောင့် ပညာရေးအဆင့် အများကြီး နိမ့်ကျသွားတာကို လေ့လာတွေ့ရှိရတယ်”
“တစ်ချိန်က ကျွန်တော်တို့တက္ကသိုလ်ဟာ အာရှမှာ ထိပ်တန်းတက္ကသိုလ် တစ်ခုပဲလေ။ ခု အဆင့်ဘယ်လောက်ထိ ကျသွားတာလဲ။”
“အမှန်တော့ စံနှုန်းတွေနဲ့ သတ်မှတ်တာပေါ့လေ။ ဂျာနယ်တစ်ခုထဲမှာ ကျွန်တော်တို့ တက္ကသိုလ်ဟာ အဆင့်တစ်သောင်းအောက် ရောက်နေတယ်လို့တောင် ရေးထားတယ်။”
“ဒါကတော့ သူတို့ရဲ့ ပေတံအရပြောတာ နေမှာပါ။ ခု ကျွန်တော်တို့ ကမ္ဘာ့အဆင့်မီ Autonomous University ဖြစ်အောင် ကြိုးစားမယ်ဆိုရင် ကြိုးစားလို့ ရနိုင်သေးတာပဲ မဟုတ်လား”
“ရနိုင်ပါတယ်။ အခက်အခဲတွေ အများကြီးတော့ ကျော်ဖြတ်ရမယ်ပေါ့။ ခုလက်ရှိ ပါမောက္ခတွေ၊ ပါမောက္ခချုပ်တွေဟာ ဒီလိုအတွေ့အကြုံ လုံးဝမရှိကြဘူး”
“သူတို့ ဘာတွေလေ့လာရမလဲ”
“နံပါတ်တစ်ကတော့ သင်ကြားရေး လွတ်လပ်ခွင့်ပဲ။ Academic Autonomy ပေါ့။ ပထမပြောချင်တာက ဆီးနိတ်အဖွဲ့ဆိုတာ ရှိရပါတယ်။ ရန်ကုန်တက္ကသိုလ် စတင်ဖွဲ့တဲ့ အချိန်မှာ ပါမောက္ခတွေ ပါဝင်ဖွဲ့ထားတဲ့ ဆီးနိတ်အဖွဲ့ဝင် ၄၈ ဦး ပါဝင်တယ်ပြောတယ်။ ဒီပါမောက္ခအဖွဲ့ဟာ သင်ရိုးတွေကို ဆုံးဖြတ်တယ်။ ပြဋ္ဌာန်းစာအုပ်တွေ မထားဘူး။ ရည်ညွှန်းစာအုပ် Reference books တွေကိုသာ ထားပါတယ်”
“ပြဋ္ဌာန်းစာအုပ် မရှိတော့ ဘယ်လိုသင်တာလဲ”
“ပညာရပ်ရဲ့ အနှစ်အသားတွေကို သင်ပါတယ်။ သုတေသန စာစောင်တွေထဲကနေ ထုတ်နုတ်သင်ရပါတယ်။ ကျောင်းသားတွေဟာ သက်ဆိုင်ရာ Reference books တွေကို ဖတ်ကြတယ်။ ဆွေးနွေးပွဲတွေ လုပ်တယ်။ အမြဲတစေ ခေတ်မီတာတွေကိုပဲ သင်တယ်။ အထူးသဖြင့် သိပ္ပံပညာဟာ နေ့စဉ်တိုးတက်နေတော့ ပါမောက္ခတွေဟာ အမြဲလေ့လာ ဖတ်ရှုနေကြရတယ်”
“ကျွန်တော်တို့ ကျောင်းတွေမှာတော့ လွန်ခဲ့တဲ့ နှစ်လေးငါးဆယ်လောက်က စာအုပ်တွေ သင်နေတုန်းပဲ”
“ပညာရေးမှာ လိုတာကတော့ အများကြီးပါ။ ကျွန်တော်တို့ ကျောင်းသားတွေအတွက် လွတ်လပ်တဲ့ ပညာရေးဟာလည်း အင်မတန် အရေးကြီးတာပဲ၊ ကျောင်းသားတစ်ယောက်ဟာ ကိုယ်မသင်ချင်တဲ့ အဓိကဘာသာရပ်ကို ဘွဲ့အတွက် ယူရတယ်ဆိုတာဟာ အင်မတန်ဆိုးတယ်။ ပညာဆိုတာကို စိတ်ဝင်စားတာကိုမှ တတ်လွယ်တယ်”
“ရွေးချယ်ခွင့်မှ မရှိတာဘဲ”
“မှန်ပါတယ်၊ အမှတ်နည်းတဲ့သူတွေဟာ စာမေးပွဲအောင်သွားရင် နောက်တစ်ကြိမ် ပြန်ကြိုးစားခွင့် မရှိတော့ဘူး။ စာမေးပွဲကျရင်သာ သူတို့မှာ ပြန်ကြိုးစားခွင့် ရှိတယ်”
“ဒါဟာလည်း မှားနေတဲ့ လောဂျစ်ပါပဲ။ ကျတဲ့လူက အခွင့်အရေးရပြီး အောင်တဲ့သူ အခွင့်အရေး မရဘူးဆိုတာ ဘယ်လိုရှုထောင့်က ကြည့်ကြည့် မမှန်ဘူး။ နိုင်ငံတကာမှာ ဘယ်သူမဆို ထပ်မံကြိုးစားနိုင်တဲ့ အခွင့်အရေး ရှိတယ်။ ဒီမှာတော့ မိမိသင်ချင်တဲ့ ဘာသာရပ်ကို အမှတ်မမီဘူးဆိုရင် သူပေးတဲ့ဘာသာ ယူချင်ယူ၊ မယူရင် ဘွဲ့မရတော့ဘူး။ နောက်ပြီး အမှတ်မီပေမယ့် အောင်တဲ့စာသင်နှစ်မှာ အချိန်မီ မလျှောက်ထားနိုင်ရင် နောက်နှစ်မှာ အဝေးသင်ကို ရောက်သွားပါတယ်”
“ဒီတော့ အမှတ်များများရဖို့ အာဂုံဆောင်တယ်၊ အလွတ်ကျက်တယ်။ ပြီးတော့ မသမာမှုဆိုတာတွေလည်း များတာပဲပေါ့။”
“ဟုတ်ပါတယ် ဆရာညိုရာ၊ ပြင်သင့်တဲ့ ပညာရေးဆိုတာ အရေးပါတယ်။ အထူးသဖြင့် ဘယ်လိုပြင်မလဲဆိုတာကို ဆွေးနွေးရပါဦးမယ်”
“မှန်ပါတယ်၊ တက္ကသိုလ်ဆိုတာ ပညာဖြန့်ဖြူးရာ ပရဝဏ်ဖြစ်ပြီး လူမှုဝန်းကျင်ကို အကျိုးပြုသူတွေ မွေးထုတ်ရာ အရပ်ဖြစ်ဖို့ ကြိုးစားရမယ်။ လူငယ်တွေရဲ့ စကားသံကိုနား ထောင်ရပါမယ်။”

Credit - Eleven Media Group
No comments:
Post a Comment