Monday, December 15, 2014

တစ်ယောက်ကို ငဲ့နေရင် ရာထောင်မက ဆုံးရှုံးရလိမ့်ဦးမယ် (ဆောင်းပါး)

(ဆောင်းပါးရှင် - မောင်စံပေါ)
ရန်ကုန်မြို့တွင်း၌ ယာဉ်ကြောပိတ်ဆို့နေသည်ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)
(၁)
မြန်မာစကားများ ပြောပါတယ်။ ကြားဖူးတာ တချို့ကို ပြပါရစေ။ တစ်ကြောင်းမသင့် တစ်ကြောင်းသင့်တဲ့။ တစ်ခုမချင့် တစ်ခုချင့်တဲ့။ တစ်ခုမထောက် တစ်ခုထောက်တဲ့။ တစ်ကြောင်းမငဲ့ တစ်ကြောင်းငဲ့တဲ့။

(၂)
မြန်မာ့ယဉ်ကျေးမှု နယ်ပယ်မှာ ကျေးဇူးတရားကို အထူးအလေးထားပါတယ်။ ကျေးဇူးနဲ့ ပတ်သက်တဲ့ ဆိုရိုးစကားတွေ၊ ရိုးရာပုံပြင်တွေ၊ စကားပုံတွေ အများကြီး တွေ့ရနိုင်ပါတယ်။

“များများမဟုတ်၊ တစ်လုပ်ထမင်း၊ တစ်ရှုပ်ဟင်းကို၊ ဝမ်းတွင်လျှာနူး၊ သုံးရဖူးမူ၊ ထိုသသူအား၊ ပြစ်မှားတစ်ရံ မကြံအပ်ပေ” တဲ့။

မူရင်းစာရေးသူကို မှတ်မှတ်သားသား မရှိခဲ့လို့ အားနာစွာနဲ့ တောင်းပန်စကား ဆိုပါရစေ။ ဖတ်ဖူးမှတ်ဖူး ခဲ့တာကလည်း ၁၉၇ဝ ပြည့်နှစ်က အစ်ကိုဖြစ်သူ ဆယ်တန်းကျောင်းသားရဲ့ ဂုဏ်ထူးဦးသိန်းနိုင် စာစီစာကုံး စာအုပ်ထဲကပါ ကြာပြီမို့ မေ့ပြီလို့ မဆိုချင်ပါ။

မကြာသေးတဲ့ ကာလလေးတစ်ခုက ပြောတဲ့စကား၊ ထားတဲ့ကတိတွေကိုတောင်မှ ပလီစိချောက်ချက်နဲ့ ပြောထွက်တတ်တဲ့ လူတွေ၊ ပြောရက်ကြတဲ့ လူတွေ ပြန်မြင်နေရတာ၊ တွေ့တွေ့နေရတာ၊ ကြုံကြုံနေရတာ များလှပြီမို့ သူတို့နဲ့ ရောထွေးသွားမှာလည်း စိုးရိမ်မိပါတယ်။

(၃)
တချို့ကတော့ တစ်ခါတစ်ဖူး၊ သူ့ကျေးဇူးကို၊ ဆပ်ဖူးတောင်ရာ၊ ရှိခဲ့ပါလည်း ဘယ်မှာကြေပ စိတ်ကမဖြောင့်လို့ ကျေးဇူးရှင် မငြိုငြင်လေအောင် သတိဆောင်ရင်း၊ ရှောင်ရင်းရှားရင်းနဲ့ အမှားတွင်းထဲ ဆင်းသွားကြပါတယ်။ နက်သထက်နက် ပြန်တက်မရတော့မှ သန်းခေါင်အမှောင် ကြုံခဲ့ပြီးပြီပဲ။ သန်းလွဲလောက်က ဘာမှုရပါ့ဆိုပြီး မထူးဇာတ် ခင်းတတ်ကြတယ်။

(၄)
တချို့ကိစ္စတွေကျတော့ ဘာကျေးဇူးတရားမှ မပါဘူး။ ဒါပေမဲ့ ကိုယ့်အပေါ်မှာ သူများငြိုငြင်မှာစိုးတဲ့ စိတ်အခံကြောင့် ဖြစ်တတ်ပါတယ်။ သူမလုပ်သင့်တာတွေ လုပ်နေတာကို ငါထောက်ပြရင် ငါ့ကိုများ စိတ်ခုသွားမလား။ သူမှားတာကို ဝေဖန်လိုက်ရင် ငါ့ကိုများ ငြိုငြင်သွားမလား” စသဖြင့် ဘာကျေးဇူးမှ ထောင်ထားစရာမရှိဘဲ တန်းတူဆက်ဆံရေးမှာ အတွေးပိုပြီး စိုးရိမ်ကြီးတတ်ကြတာမျိုး ကြုံရတတ်တယ်။

(၅)
ကြုံရတတ်တယ်လို့ဆိုတဲ့ စကားက အလကားပြောတာ မဟုတ်ပါဘူး။ (မြင်တွေ့ဖူးကြမှာဖြစ်တဲ့ အရေမရ၊ အဖတ်မရ အမေးအဖြေတွေ၊ အနှစ်မရှိ အကာနတ္ထိ စကားလုံးတွေထဲမှာ ရွေးစရာ ရှာကြည့်ပေမယ့် မတွေ့တဲ့အဆုံးမှာ ဆင်းရဲလှစွာသော ဝေါဟာရတွေနဲ့ပဲ တဝဲလည်လည် စာစီခဲ့ရပါတယ်။)

ဟိုစကား ဟိုနား နားထောင်၊ ဒီစကား ဒီနား နားထောင်၊ ဟိုယောင် ဒီယောင်၊ ဟိုသွား ဒီသွားနဲ့ လမ်းများတဲ့ကောင်ဆိုတော့ ကြားရတွေ့ရတာတွေ များသပေါ့ဗျာ။ ဒါတောင်မှ ဘိုးဘိုးကြပ်လို ကိုယ်ဖျောက်စက်မရှိတော့ တော်ရာမှာသင့်သလို နေရာယူပြီး စပ်စုရ နားထောင်မှတ်သားရတာပ။

(၆)
သင့်သလို နေရာယူပြီး နားထောင်မှတ်သားဖို့ ကိစ္စက အံ့ဩခဲ့တယ်ဗျ။ မဟာရန်ကုန်ညနေခင်း အလုပ်သိမ်း အိမ်ပြန်ခရီးရဲ့ ကြုံနေကျဒုက္ခတွေကို တရားနဲ့ မဖြေချင့်၊ ဖြေချင်နဲ့ ဖြေပြီး ပြန်လာပါတယ်။

ကားစီးလို့ တစ်နာရီကျော် ကြာတာတောင်မှ ခရီးက တစ်ဝက်မကျိုးသေး။ ဒီကြားထဲ ဝီ ဝီ ဝီ ဝီ နဲ့ ပီပီမှုတ်တဲ့ ဆရာများက ကားကို မီးပွိုင့်တစ်ခုမှာ အတည့်မောင်းခွင့် မပေးတော့ဘူး။ လမ်းကြောင်းရှိလို့ လမ်းပိတ်ထားသတဲ့။

အဲဒီမှာတင် အတည့်သွားရမှာ ကွေ့တဲ့ကားတဲ့၊ ပုံမှန်ကွေ့မယ့်ကားနဲ့၊ မျက်နှာချင်းဆိုင်ကလာပြီး ကွေ့တဲ့ကားနဲ့၊ ဘာနဲ့ညာနဲ့၊ ကားတပ်ကြီး အင်အားကြီးသွားပါရော။ ဒီဝီဇံတပ်မကြီး ပြောရမလား၊ အခေါမဏီတပ်ကြီး ဆိုရမလားဘဲ။ သွားပြီ မှားပေါ့၊ ဒီညဦးပိုင်းတော့ အိမ်ပြန်ရောက်ရေး ဝေးလေပြီးပေါ့။

ဒါနဲ့ စဉ်းစားလိုက်တယ်။ အိတ်ကပ်ကို စမ်းကြည့်တယ်။ နိပ်ဟ။ ဖွတ်ကလိ ဒင်္ဂါးက နည်းနည်းတော့ ရှိသေးတယ်။ ဒါနဲ့ လမ်းနံဘေးက စားသောက်ဆိုင်ကြီးထဲ ဝင်လိုက်တယ်။

(၇)
စားသောက်ဆိုင်ထဲမှာ သင့်နိုးရာကို တတ်နိုင်သလောက်မှာပြီး ချောင်ကျကျ မြင်ကွင်းကောင်းကောင်း စားပွဲမှာ နေရာယူလိုက်တယ်။

ဂျင်းဘောင်းဘီတိုနံ့နံ့နဲ့ တီရှပ်ပန်းရောင်ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက် ဆိုင်ထဲဝင်လာတယ်။ သူနဲ့အတူ နာမည်မခေါ်တတ်တဲ့ ခွေးကလေးတစ်ကောင် ပါလာတယ်။ ခွေးလည်ပတ်မှာ ကြိုးချည်ပြီး ဆွဲလာတယ်သာ ပြောရတယ်။ ခွေးက သူ့ဘာသာ လျှောက်လာတာ။

“ဟယ် ခွေးလေး၊ ချစ်စရာလေးတော်”

“ဟုတ်တယ်နော်၊ လိမ္မာလိုက်တာ”

စားပွဲထိုး မိန်းကလေးတွေဆီက စကားသံတွေ ထွက်လာတယ်။ ခွေးကလေးကလည်း သူ့သခင်မလေး နံဘေးက ကုလားထိုင်ပေါ်မှာ အခန့်သား တက်ထိုင်တယ်။

(၈)
စားပွဲထိုး မိန်းကလေးတစ်ယောက်က အစားအသောက်မှာတာကို လက်ခံရင်း ချစ်စရာလေးဆိုပြီး ခွေးကလေးကို အခါခါပွတ်သွားတယ်။

မြတ်စွာဘုရား၊ အိုအင်မ်ဂျီဆိုပြီး ပီပီသသ ရေရွတ်လိုက်တယ်။ ခက်ကပြီ။ အစားအသောက်တွေကို ကိုင်တွယ်သယ်ဆောင်ပေးရတဲ့ စားပွဲထိုးမမလေးများက ခွေးကို ပွတ်သပ်တော် မူကြတယ်။ ပြီးတော့ သူတို့လက်တွေမှ စင်စင်ဆေးပါစ။ ကိုယ်က တွေးနေတုန်းရှိသေး။ နံဘေးဝိုင်းက နိုင်ငံခြားသားတွေဆီက အသံထွက်လာတယ်။ ဒီက ကောင်ကလည်း ခေသူမဟုတ်လေတော့ သူတို့ပြောတာ နားလည်သပေါ့ဗျာ။

“ဟေ့ ခွေးက ကုလားထိုင်မှာ ထိုင်နေပါလား”

“အေး လူစားတဲ့ စားပွဲမှာကွ”

“တော်နေရင် လူစားတဲ့ ပန်းကန်မှာ ပလပ်ပလပ်နဲ့ လျက်နေမလားဘဲ”

    မဟာရန်ကုန်ညနေခင်း အလုပ်သိမ်း အိမ်ပြန်ခရီးရဲ့ ကြုံနေကျဒုက္ခတွေကို တရားနဲ့ မဖြေချင့်၊ ဖြေချင်နဲ့ ဖြေပြီး ပြန်လာပါတယ်။ ကားစီးလို့ တစ်နာရီကျော် ကြာတာတောင်မှ ခရီးက တစ်ဝက်မကျိုးသေး။ ဒီကြားထဲ ဝီ ဝီ ဝီ ဝီ နဲ့ ပီပီမှုတ်တဲ့ ဆရာများက ကားကို မီးပွိုင့်တစ်ခုမှာ အတည့်မောင်းခွင့် မပေးတော့ဘူး . . . . .

“ငါလည်း ခွေးတော့ ချစ်တတ်ပါတယ်။ ဒါပေမဲ့ ဒါမျိုးတော့ လက်မခံနိုင်ပါဘူး”

“ဓာတ်ပုံရိုက်ကွာ။ အင်တာနက်မှာ တင်ရအောင်”

“ငါလဲ ဖေ့ဘုတ်မှာ ရေးမယ်”

“ခွေးနဲ့ ညစာစားပွဲဆိုပြီး ခေါင်းစဉ်ပေးကွ”

(၉)
နိုင်ငံခြားသားတွေ စကားကို ကြားရတော့ ခေါင်းနားပန်း ကြီးသွားတယ်။ သူတို့ အင်တာနက်တင်လို့ ဖေ့ဘုတ်မှာဖွလို့ ဒီဆိုင်ကို လူမလာတာ အရေးမကြီးဘူး။ မျိုးနဲ့ရိုးနဲ့ချီပြီး နာမည်က ပျက်ရဦးတော့မှာ။ အရင်ဆုံး ကိုယ့်တိုင်းပြည်နာမည် မြို့နာမည် ပါမှာလေ။ ဖေ့ဘုတ်မှာ ဆိုင်ရဲ့တည်နေရာကို မှတ်သားပြလိုက်ရင် အတိအကျ ပေါ်ဦးတော့မှာ။ ဒါနဲ့ ဆိုင်မန်နေဂျာကို လှမ်းခေါ်လိုက်တယ်။

“အဘ”

“အဘ ဘာများ အလိုရှိပါသလဲ၊ ခင်ဗျ”

“ဘာမှ အမလိုဘူးဟေ့။ ခွေးပြဿနာ  ဖြေရှင်းပေးဖို့ပဲ လိုတယ်”

“ခင်ဗျား ခွေးပြဿနာ  ဟုတ်လား”

“ဟုတ်တယ်ဟေ့။ ဟိုစားပွဲမှာ တွေ့လား။ ကုလားထိုင်မှာ ထိုင်နေတဲ့ ကိုယ်တော်လေးနဲ့ နံဘေးကုလားထိုင်က သူ့သခင်မ”

မန်နေဂျာလူငယ်လေး လှမ်းကြည့်လိုက်တယ်။ သဘောပေါက်သွားတယ်။

“ဟုတ်ကဲ့၊ စိတ်ညစ်ပါတယ်။ အဘရယ်။ အဲယားကွန်းဖွင့်ထားတဲ့ အခန်းမို့ ခွေးမခေါ်ပါနဲ့ဆိုတာ မရဘူး။ အတင်း ဇွတ်ဝင်သွားတာ”

“အဲယားကွန်းဖွင့်ဖွင့် မဖွင့်ဖွင့် မရဘူးဟေ့။ ဘယ့်နှယ်ကွာ လူစားတဲ့ဆိုင်မှာ ခွေးနဲ့ ရောစားရမယ်လို့။ ဟိုဝိုင်းက ဘိုတွေတောင် ဘိုလို ပူညံပူညံ လုပ်နေပြီ။”

(၁ဝ)
ဆိုင်မန်နေဂျာ လူငယ်လေး၊ ခွေးကလေးသခင် ကောင်မလေးစားပွဲကို သွားတယ်။ ဘာတွေ အပြန်အလှန် ပြောကြသလဲတော့ မသိပါဘူး။ တော်တော်နေတော့ နိုင်ငံခြားသားတွေ စားပွဲကို စူးစူးရွားရွား လှမ်းကြည့်၊ ဒီဘက်စားပွဲကို မျက်စောင်းထိုးပြီး အပြင်ထွက်သွားတယ်။ အဲယားကွန်းတပ် ခန်းမကြီးထဲကနေ လေဟာပြင်စားပွဲကို ပြောင်းသွားတယ်။ သိပ်ကျေနပ်ဟန်တော့ မပြဘူး။

“အဲဒီ့အပြင်ဝိုင်းမှာတောင် ထိုင်ခွင့်မပြုသင့်ဘူးကွ။ ခွေးကို ကားထဲ ထားခဲ့ပေါ့ကွာ”

“အဘရယ်၊ ဒီလောက် ပြောရတာတောင် အားနာလှပြီ”

“ဘာ အားနာစရာရှိလဲကွ။ ဘယ့်နှယ် ယိုသူကမရှက်၊ လူလို နားမလည်သူက မရှက်နဲ့။ ပါးစပ်နဲ့ ပြောရမှာ အားနာရင် လက်နဲ့ပြော။ ရုပ်ပုံကပ်၊ စာကပ်၊ အိမ်မွေးတိရစ္ဆာန်များ ခေါ်မလာရဆိုပြီး မြန်မာလိုရေး၊ အင်္ဂလိပ်လိုရေး။”

ဆိုင်မန်နေဂျာလေး ခေါင်းကုပ်ပြီး ထွက်သွားတယ်။

(၁၁)
သူ ခေါင်းကုပ်ထွက်သွားပြီး မကြာခင်မှာဘဲ ခေါင်းရှုပ်စရာ နားပူစရာ ကြုံရပါတော့တယ်။

လက်ဆပ်ကားမည်းကြီး တစ်စီး ဝင်လာတယ်။ ဆိုင်ရှေ့မှာ ရပ်တယ်။ စကားသိပ်မပီတဲ့ လူကြီးတစ်ယောက်ရဲ့ ခေါင်းပေါ်လာတယ်။

“ဟေ့ ငါပါဆယ်မှာထားတဲ့ ကြက်တောင်ပံပေါင်း ရပြီလား။”

“ရခါနီးပါပြီ ခင်ဗျ။ နောက် ၁ဝ မိနစ်ဆိုရပါပြီ။ ခဏလေး ထိုင်ပါဦးခင်ဗျ”

“ငါ့သားကြီးက မင်းတို့ဆိုင်က အစားအစာမှ ကြိုက်တာကွ။ မြန်မြန်လုပ် ဒီကောင်ဆာနေပြီ။”

နောက်မှန်တစ်ချပ် အဖွင့်မှာ စိန့်ဘားနတ် ခွေးကြီးတစ်ကောင်ရဲ့ ခေါင်းထွက်လာတယ်။ ချက်ချင်း ဆိုသလိုပဲ အပြင်ဝိုင်းက ခွေးကလေရဲ့ စူးစူးဝါးဝါး ဝုတ်ဝုတ်ဟောင်သံ ထွက်လာတယ်။ ကားပေါ်က ကောင်ကြီးကလည်း ဝုန်းဝုန်းနဲ့ တုံ့ပြန်တယ်။

(၁၂)
“မင်းတို့ အဲဒီ့ခွေးကို ဘာလို့ဆိုင်ထဲ အဝင်ခံတာလဲ။ ငါတောင်မှ ငါ့သားကြီးကို မင်းတို့ဆိုင်ထဲ ဘယ်တော့မှ မခေါ်ဘူး”

ဝုန်းဝုန်းရဲ့ သခင်ကြီးက မကျေမနပ် ဒေါသတကြီးနဲ့ အော်တယ်။ ဝုတ်ဝုတ်ရဲ့ သခင်မက မကြားဟန်ဆောင်နေတယ်။ သခင်မကသာ မကြားဟန်ဆောင်နေတာ ဝုတ်ဝုတ်ကတော့ ဟန်ဆောင်မှုကင်းတယ်။ သူ့ရင်ထဲကရှိတဲ့ အတိုင်းပြုမူတယ်။ ဆက်ပြီး ဟောင်တယ်။ အကောင်းကြီးတိုင်း ကြောက်ရမှာ လားတဲ့။

ဝုန်းဝုန်းကလည်း ဒီမလောက်လေး၊ မလောက်စားကောင်ကများ၊ ငါ့ကို အာခံလို့ဆိုပြီး ဒေါသတကြီးနဲ့ ဆက်ပြီး အော်ဟစ်တယ်။

ဆိုင်ထဲမှာ ဝုန်းဝုန်းသံနဲ့ ဝုတ်ဝုတ်သံ ညံသွားတယ်။

(၁၃)
နားထဲမှာ အသံကြားရတယ်။ ဘိုးဘိုးကြပ်များ ကိုယ်ဖျောက်ပြီး လာပြောနေသလားပဲ။

“တွေ့လား လူကလေး၊ မသင့်ရာလုပ်ရင် မဟုတ်တာဖြစ်တတ်တယ်။ ခွေးတစ်ကောင် အဝင်ခံမိလို့ ဖောက်သည်တွေ အများကြီး ဆုံးရှုံးသွားနိုင်တယ်။ အဲဒီ့ ခွေးတစ်ကောင်ကနေ ကူးစက်နိုင်တဲ့ရောဂါကြောင့်  လူတွေအများကြီး ဒုက္ခရောက်နိုင်တယ်” တဲ့။

Credit - Eleven Media Group



No comments:

Post a Comment