ဘဝသံသရာ ရှည်လျားထွေပြား မနေမနား တစ်သွားတည်းသွားကြတာ။ ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွာလာ။ လောဘရယ်၊ ဒေါသရယ်၊ မောဟရယ်၊ အဝိဇ္ဇာ၊ သင်္ခါရတဲ့ ပျော်လိုက်၊ ရွှင်လိုက်၊ ငိုကာ၊ ရယ်ကာ၊ ဘယ်ဟာမတည်မြဲ၊ ဖောက်လှဲ ဖောက်ပြန်၊ အကြောင်းကံ ကံမ္မသကာ . . . ဆ/က ရပ်ကွက် နှစ်ကျိပ်ရှစ်ဆူ ဗဟိုစံကျောင်းတော်မှ ဖွင့်လိုက်တဲ့ ဘဝသံသရာ သီချင်းက သံသရာရဲ့ အရှည်အလျား၊ အတိုင်းအဆကို သတိထားမိစေပါတယ်။ ဒါပေမဲ့ သံသရာကို မကြောက်သူတွေလည်း ရှိနေပါသေးလားလို့ သံဝေဂရမိပါရဲ့။
ရာဇ၀တ်မှုကြောက်သူ
တစ်ခါက ငါးမျှားတာကို ဝါသနာကြီးတဲ့ စာပေးစာယူသင်တန်းမှ ဥပဒေဘွဲ့ရ ကိုသောင်းဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူကအားလပ်ရက်ဆို ငါးမျှားဖို့ပဲ စိတ်အားထက်သန်နေတတ်ပြီး ဘယ်နေရာသွား ငါးမျှားရမလဲဆိုတာပဲ တွေးနေတယ်။ တနင်္ဂနွေနေ့ဟာ သူ့အတွက် Happy day ပဲ။ ငါးမျှားတာ၊ ငါးစာစုဆောင်း၊ ဆာရင်စားဖို့ ပေါင်မုန့်၊ ကော်ဖီ၊ ဆေးလိပ်၊ ဖတ်ဖို့ စာအုပ်တစ်အုပ်ထည့်ပြီး ငမိုးရိပ်ချောင်း ကမ်းစပ်တစ်နေရာ ရာကိုသွား။ တခါတစ်လေ အင်းလျားကန်ကိုသွား။ အရိပ်ရသစ်ပင်အောက်မှာ အကျနေရာယူပေါ့။ ပြီးတော့မှ ငါးမျှားတံငါးစားထည့်၊ ရေထဲကို ငါးမျှားတံလွှဲပစ်ထားပြီး ဆေးလိပ်ကို မီးခိုးတစ်ထောင်းထောင်း ထအောင်ဖွာနေတယ်။ ရေပြင်က ပြေပြေငြိမ့်ငြိမ့်လေး စီးနေတာကို ငေးကြည့်ရင်း စိတ်ကူးတွေ ယဉ်နေပြန်တယ်။ စိတ်ကူးကလည်း လှပတဲ့ယမင်းပျိုလား။ ကြီးမားကျယ်ဝန်းတဲ့ ခြံနဲ့တိုက်လား။ ဇိမ်ခံကားလား။ တစ်ခုမှ မဟုတ်ဘူး။ ငါးမျှားတံမှာလာမိနေမယ့် ငါးကြီးကြီးကို စိတ်ကူးနေတာ။ ငါးမျှားချိတ်မှာ တန်းလန်းနဲ့ ထွန့်ထွန့်လူးနေတဲ့ ငါးကိုကြည့်ရတာ ကိုသောင်းအတွက် အလွန်ပျော်စရာပါ။
စိတ်ကူးယဉ်တာက ပိုက်ဆံတစ်ပြားမှ မကုန်လို့ စိတ်ကြိုက်လက်ကုန် ကြိုက်သလောက် ယဉ်ပစ်လိုက်စမ်း။ ဘယ်သူသိတာမှတ်လို့ ဘယ်သူကန့်ကွက်တာမှတ်လို့။ ကန့်ကွက်လည်း ဂရုမစိုက်တတ်တဲ့သူတွေ ဒီလောကမှာ အများကြီး။ ရှိစေတော့။
အချိန်နာရီဝက်လောက်ကြာတော့ ကိုသောင်းရဲ့ငါးမျှားတံက လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ သမ္ဘာရင့် ကိုသောင်းက ငါးတိုးနေပြီဆိုတာ သိလိုက်တယ်။ ဒါပေမဲ့ ငါးမျှားချိတ်မှာ မမိသေးဘူး။ နည်းနည်းစိတ်ရှည်ရှည် စောင့်နေလိုက်တယ်။ ဒီတစ်ခါတော့ ငါးတိုးတာ မဟုတ်တော့ဘူး။ ငါးရုန်းတာ။ ငါးမျှားချိတ်မှာမိပြီ။ သေချာပြီ။ ဒါနဲ့ ငါးမျှားတံကို ဆတ်ခနဲ ဆွဲတင်လိုက်တယ်။ ငါးမျှားချိတ်မှာ ငါးကတန်းလန်း။ နာကျင်လို့ ရုန်းကန်နေတဲ့ငါးက အတော်ကြီးသားပဲ။ ကိုသောင်းငါးကိုကြည့်ပြီး မြိန့်မြိန့်ကြီးပြုံးလိုက်တယ်။ အောင်နိုင်သူပေါ့။ မသေမရှင် ငါးရဲ့အဖြစ်ဆိုးဟာ သူ့အတွက် အပျင်းပြေ ဖြေဖျော်မှုသက်သက်ပဲ။ ငါးမျှားတံကို ဖြည်းဖြည်းချင်း ဆွဲယူတယ်။ ငါးကို အလွန်ညင်သာစွာကိုင်ပြီး ငါးမျှားချိတ်ကနေ ဖြည်းဖြည်းချင်းဖြုတ်တယ်။ ငါးကို မနာကျင်စေလိုတဲ့သဘော။ နာမှာကို ကိုယ်ချင်းစာတဲ့သဘော။ ဖြုတ်ပြီးမှ ငါးထည့်တဲ့ခွက်ထဲကို ညင်သာစွာ ချပေးလိုက်တယ်။ အခြားငါးမျှားသူလို ခွက်ထဲကို ဆိုးကနဲဆတ်ကနဲ ပစ်မထည့်ဘူး။ သူ့အပြုအမူကို ကိုသောင်းက သူ့ဘာသာသ ဘောကျကျေနပ်နေတယ်။ ငါးမျှားပေမယ့် ကိုသောင်းက ရက်စက်သူမဟုတ်ဘူးလို့ စိတ်ထဲက ကြိတ်ပြောနေတယ်။ မိမိကိုယ်ကိုယ် လှည့်ပတ်ခွင့်လွှတ်လိုက်တယ်။ သူတော်ကောင်းကြီးပေါ့။ တကယ်တော့ သူတော်ကောင်းဟန်ဆောင်ရတာ လူမိုက်ဟန်ဆောင်ရတာထက် ပိုမိုခက်ခဲကြောင်း လက်တွေ့ဟန်ဆောင်နေရသူ ကိုသောင်းကလွဲလို့ ဘယ်သူပိုသိနိုင်မှာလဲ။
အဲဒီလို စရိုက်ရှိတဲ့ ကိုသောင်းကတော မြို့တစ်မြို့ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ အော်ဒါထွက်လာတယ်။ ဝန်ထမ်းဆိုတော့ မပြောင်းမဖြစ် ပြောင်းရတယ်။ တာဝန်ကျတဲ့ မြို့လေးကို တစ်လလောက်ကြာတော့ နည်းနည်းအထာ ကျလာတယ်။ ဒါနဲ့ သူ့ဝါသနာအတိုင်း ငါးမျှားဖို့ သတိရလာတယ်။ မြို့ရဲ့တောင်ဘက်က တောင်ကုန်းတွေမှာ စီးဆင်းနေတဲ့ မြစ်တွေ ချောင်းတွေ ရှိတယ်။ ဒါပေမဲ့ အချို့အင်းတွေ အိုင်တွေက ပိုင်ရှင်ရှိပြီး ပုဂ္ဂလိကပိုင်ဖြစ်တယ်။ အဲဒီပုဂ္ဂလိကပိုင်တဲ့ နေရာတွေမှာ ငါးဖမ်းလို့မရဘူး။ အရေးယူခံရမယ်။ လိုအပ်တဲ့ အချက်အလက် မြို့ရဲ့သဘော သဘာဝတွေကို နီးစပ်ရာရုံးက မိတ်ဆွေထံမှာ မေးမြန်းပြီး တို့မှတ်ထားလိုက်တယ်။ ဒီလိုနဲ့ အားလပ်ရက်တစ်ရက်မှာ မြို့ရဲ့တောင်ဘက်ကို ငါးဖမ်းကိရိယာအစုံနဲ့ ထွက်လာတယ်။
မြို့ပြင်ရောက်တဲ့အခါ ကျယ်ပြောတဲ့ကွင်းပြင်၊ ရေအိုင်၊ မြစ်၊ ချောင်းတွေနဲ့ နောက်ခံတောင်တန်းပြာကြီးဟာ ရှုမဆုံးပါဘဲ။ နွေရာသီဖြစ်လို့ လေနွေးနွေးကခပ်သုတ်သုတ် လေးနော့နေတာကြောင့် ရာသီဥတု သာယာနေတယ်။ ဒါနဲ့ ကိုသောင်းက အရိပ်ကောင်းကောင်းရှိတဲ့နေရာ သစ်ပင်ကြီးတစ်ပင်ရှိရာကိုရှာရင်း လျှောက်လာရာမှ တစ်နေရာမှာ အဝတ်ဖြူခေါင်းပေါင်း ပေါင်းထားပြီး ယောဂီဝတ်စုံပြည့် ဝတ်ထားတဲ့ ဦးကြီးတစ်ယောက်ကို တွေ့လိုက်တယ်။ ကိုသောင်းက အဲဒီဦးကြီးကို ဒီနယ်တစ်ဝိုက်က ဘုရားဒါယကာ မြေပိုင်ရှင်ဖြစ်မယ်လို့ တွေးလိုက်မိတယ်။ ဒါကြောင့် ကိုသောင်းက အဲဒီဦးကြီးထံမှာ ခွင့်တောင်းရင်ကောင်းမယ်။ ခိုးကြောင်ခိုးဝှက် မလုပ်ဘူးလို့ သူ့ဘာသာဆုံးဖြတ်ပြီး ဦးကြီးနား ချဉ်းကပ်သွားတယ်။ ဦးကြီးအနား ရောက်တော့ “မင်္ဂလာပါဦးကြီး၊ နေကောင်းပါရဲ့လားခင်ဗျာ” လို့ ရိုရိုသေသေ နှုတ်ဆက်လိုက်တယ်။ လူကြီးကလည်း “အေး၊ နေကောင်းပါရဲ့ ငါ့တူ၊ နို့ မင်းကို ဒီနယ်တဝိုက်မှာ ငါမတွေ့ဘူးပါလား” လို့ တုံ့ပြန်ရင်း ကိုသောင်းရဲ့ ငါးမျှားတံကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။ ပြီး ဦးကြီးမျက်နှာမှာ မနှစ်မြို့တဲ့သဏ္ဌာန် ထင်ဟပ်သွားတယ်။ ကိုသောင်းက ဘာမှသတိပြုမိဟန် မရဘူး။ ငါးမျှားချင်စိတ်ကပဲ လွှမ်းမိုးနေလေရဲ့။
ကိုသောင်းက သူပြောချင်တာကို ဆက်ပြောပါတယ်။ ဒီလိုပါ “ဦးကြီး ကျွန်တော်ဒီမှာ ငါးမျှားရင် ပြစ်မှုတစ်စုံတစ်ရာများ မြောက်ပါသလား ဦးကြီး”။ ကိုသောင်းက ဥပဒေဘွဲ့ရ၊ ဥပဒေဝန်ထမ်းပီပီ အရာရာကို ဥပဒေရှုထောင့်ကပဲ စဉ်းစားတတ်ပါတယ်။
လူကြီးက ကိုသောင်းပြောစကားကို မျက်မှောင်ကြုတ်နားထောင်ရင်း အတန်ကြာ စကားတုံ့ပြန်သံ ထွက်မလာဘူး။
“ဟာ ငါးမျှားတာ ဘာရာဇဝတ်မှုမှ မမြောက်ဘူး။ ဒီချောင်း၊ ဒီအိုင်တွေက ပိုင်ရှင်လည်းမရှိဘူး။ ဒါပေမဲ့ ငါ့တူ စဉ်းစားရမှာက ငါးမျှားတာဟာ ငါးကိုသတ်တာ။ ငါးကိုသတ်တာဟာ....။ အေး အဲဒါမင်းစဉ်းစားပေါ့” ဟု ပြောပြောဆိုဆို ဦးကြီးက အရှေ့ဘက်ရွာဦးစေတီရှိရာ အရပ်ကို ဆက်လျှောက်သွားတယ်။ ခြေလှမ်း လေးငါးဆယ်လောက် လှမ်းလျှောက်ပြီးမှ ဦးကြီးက ခေါင်းပေါင်းစကိုချွတ်လိုက်ပြီး ကိုသောင်းဘက် လှည့်ပြောလိုက်တာက “မင်းဆက်စဉ်းစားရမှာက သံသရာပဲ သူငယ်”။ ကိုသောင်းတစ်ယောက် ဦးကြီးရဲ့ပြောစကားဆိုလိုရင်းကို နားလည်သလား၊ နားမလည်ဘူးလားဆိုတာ ကာယကံရှင် ကိုသောင်းသာလျှင် သိနိုင်မှာပါ။
ဒီခေတ်က ရာဇဝတ်မှုတွေ ထူပြောလှပါတယ်။ အုပ်စုလိုက်ချိန်းရိုက်တာ။ အရွယ်မရောက်သေးသူကို မုဒိမ်းကျင့်တာ။ တက္ကစီဒရိုင်ဘာကို အနိုင်ကျင့်ပိုက်ဆံလုတာ စတဲ့ မှုခင်းတွေက နေ့စဉ်နဲ့အမျှ ကြားနေရတာ။ စင်စစ်ရာဇဝတ်မှုဆိုတာ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ထင်ထင်ရှားရှား ပေါ်ပေါက်တဲ့ ဖြစ်စဉ်တွေပါ။ မကြောက်လို့၊ ပိုက်ဆံရလို့၊ ဒေါသမထိန်းနိုင်လို့၊ မုန်းတီးလို့၊ မိုက်ရဲလို့၊ အာဏာရှိလို့ အကြောင်း အမျိုးမျိုးကြောင့် ရာဇဝတ်မှုခင်း အမျိုးမျိုး ဖြစ်ပေါ်နေတာပါ။ ကြောက်တတ်သူအတွက် ရာဇဝတ်မှုဆိုတာ ကြောက်မယ်ဆို ကြောက်စရာကြီးပေါ့။
ရာဇ၀တ်မှုမမြောက်သောအမှုများ
ဒါပေမဲ့ ရာဇဝတ်မှုမမြောက်ဘဲ ခပ်တည်တည်နဲ့ ကျူးလွန်နေတဲ့ ဖြစ်ရပ်တွေအမျိုးမျိုး နယ်ပယ်အသီးသီးမှာ ဖြစ်နေတာ၊ ရှိနေတာ၊ ကျူးလွန်နေကြတာ ကြားရချက်က မသက်သာဘူး။ ပရောဂျက်တစ်ခုရဖို့ လုပ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်များထံ လိုင်းကြေးဝင်ရတာ။ အကျိုးဆောင်ခပေးတာ။ အကြံပေးခန့်ပြီး ကိုယ့်ဘက်တော်သားအဖြစ် ပြောင်းလာဖို့ ပညာရှင်ကို ပေးကမ်းထောက်ပံ့တာ။ သိမ်းသွင်းတာ၊ ပညာရှင်ကလည်း မိမိပညာထက် ရာထူး၊ စည်းစိမ်ဥစ္စာနောက် လိုက်သွားကာ ပညာကိုရော၊ ပြည်သူကိုပါ သစ္စာဖောက်တာ စတာတွေဟာ ရာဇဝတ်မှု မမြောက်ပါဘူး။ ပြစ်မှုမမည်ပါဘူး။
လက်ငင်းသူဌေးဖြစ်၊ လက်ငင်းအာဏာရ လက်ငင်းလုပ်တိုင်းဖြစ်နေရင် ကျေနပ်တတ်ကြသလား။ ဘဝဟာ ငါ့သက်တမ်းမှာတင် ပြီးဆုံးပြီလား။ ငါ့မိသားစု သက်တမ်းမှာတင် ပြည့်စုံပြီလား။ လက်ရှိဘဝမှာ ငါကသာ ဖမ်းချုပ်ဖို့လက်ညှိုးထိုး အာဏာပြနိုင်ဖို့ဖြစ်ပြီး ငါ့ကိုပြန်ဖမ်းချုပ်ဖို့၊ အာဏာပြဖို့လူ တွေမရှိရတော့ဘူးလား။ ငါ့အတွက် တစ်ဘဝတာ အရှင်သခင်ဖြစ်ရရင် ပြည့်စုံပြီလား။
ကိုသောင်းလို အတွေးတိမ်တိမ်နဲ့ ပိုင်ရှင်ရှိတဲ့ရေကန်မှာ ငါးဖမ်းတာကိုသာ အပြစ်လို့မြင်နေပြီး ငါးဖမ်းခြင်းဆိုတဲ့ အမှုဟာ ပါဏာတိပါတကံ၊ သူတစ်ပါးအသက် သတ်တဲ့ ကံကို ကျူးလွန်တာကို အပြစ်လို့မမြင်ဘူးလား။
ပိုင်ရှင်ရှိတဲ့ရေကန်မှာ ငါးဖမ်းလို့ အကယ်၍ မိသွားခဲ့ရင် ဒဏ်ငွေ၊ ထောင်ဒဏ်နဲ့ ပြီးသွားနိုင်ပေမယ့် သူတစ်ပါး အသက်သတ်လို့ ပြန်ခံရမယ့်ဝဋ်ကြွေးက သံသရာအဆုံး အရိပ်လိုလိုက်နေမှာကို တွေးမကြောက်ဘူးလား။ ငါးမျှားဖို့ ငါးကိုသတ်တာ၊ အမဲလိုက်ဖို့ မုဆိုးက ကျားကိုသတ်တာ၊ အိမ်ရှေ့မင်းသားက တောကစားထွက်ဖို့ သမင်ကိုသတ်တာ၊ ဒါတွေဟာ သူတစ်ပါးအသက်သတ်ခြင်း မမည်ဘူးလား။
ကိုသောင်းလို သံသရာမကြောက်တဲ့လူတွေ သတိပြုစေချင်ပါတယ်။ မိမိအာဏာရလို့ ကျူးလွန်သမျှ အပြစ်တွေဟာ ရာဇဝတ်မှု မသင့်ပေမယ့် နောက်ကြောင်းပြန် အာဏာမသက်ရောက်ပေမယ့် သံသရာဝဲဂယက်ထဲမှာ ရုန်းထွက်လို့မရဘဲ ဘယ်လောက်ကြာအောင် ဝဋ်ကြွေးတွေ ပြန်ပေးဆပ်နေရမလဲ ဆိုတာကို တွေးတောကြောက်ရွံ့ သတိပြုမိကြစေ လိုပါကြောင်း။
ဘဝသံသရာ ရှည်လျားထွေပြား မနေမနား တစ်သွားတည်းသွားကြတာ။ ခရီးပန်းတိုင်မရောက်မချင်း.. နှစ်ကျိပ်ရှစ်ဆူစံကျောင်းမှ စပီကာသံ ရုတ်တရက်ပျောက်သွားတယ်။ အော် မီးပျက်သွားပြီကို။
Credit - Eleven Media Group
![]() |
ကြေးစင်တောင်စီမံကိန်းအား ၂၀၁၄ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ) |
No comments:
Post a Comment