မြန်မာနိုင်ငံအနေဖြင့် အရေးကြီးသော အရွှေ့အပြောင်းတစ်ခုကို ဖြတ်သန်းနေရပြီး နိုင်ငံရေး မငြိမ်သက်မှု၊ မူဝါဒရေးရာ ကိုက်ညီမှု မရှိခြင်းနှင့် ပြုပြင်ပြောင်းလဲမှုများ နှောင့်နှေးခြင်း စသည့်စိန်ခေါ်မှုများ ဆက်လက်ရှိနေဟု ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြ
အဆိုပါ အစီရင်ခံစာတွင် ၂ဝ၁၅ ရွေးကောက်ပွဲ နောက်ပိုင်းတွင် ဆက်လက်ဖြစ်ပေါ်လာမည့် တိုးတက်မှုများသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပေါ် အဓိက စမ်းသပ်မှု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးတွင် တပ်မတော်နှင့် ၎င်းနှင့်နီးစပ်သူတို့က လက်ဝါးကြီးအုပ်ထားမှုများ ရှိခဲ့ကာ တဖြည်းဖြည်း လက်ဝါးကြီးအုပ်မှု လျော့နည်းလာမှုများလည်း ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် အသွင်ကူးပြောင်းရေးကာလမှ စတင်ကာ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်ရလာခဲ့ပြီး အဓိကအားဖြင့် မက်ခရိုစီးပွားရေး စီမံခန့်ခွဲမှုများ တိုးတက်လာခြင်းနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် ပြည်ပပို့ကုန်တိုတင်ခြင်း၊ သဘာဝဓာတ်ငွေ့ မဟုတ်သည့် အခြားကဏ္ဍများ၏ စွမ်းဆောင်မှုများ တိုးမြင့်လာကြောင်း ဖော်ပြထားသည်။
ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေ စနစ်တကျ လေ့လာဆန်းစစ်မှု (SCD) ကို လုပ်ဆောင်နေပြီး၊ ယင်းလေ့လာဆန်းစစ်မှု စစ်တမ်းသည် အိမ်ထောင်စုများ၏ စားဝတ်နေရေး အခြေအနေ ဘက်စုံလေ့လာမှု စစ်တမ်း၊ လူမှုရေးနှင့် စီးပွားရေး အရည်အသွေး ဆန်းစစ်လေ့လာခြင်း၊ သုတေသန လုပ်ငန်းရင်းနှီးမြှုပ်နှံမှုဝန်းကျင် ဆန်းစစ်လေ့လာမှုတို့မှ အချက်အလက်ရင်းမြစ်များ ရယူထားကြောင်းလည်း သိရသည်။ ဆက်လက်ပြီး ကမ္ဘာ့ဘဏ်သည် SCD နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဒေသအချို့ရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အကြံဉာဏ်များလည်း ရယူခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့သော လေ့လာဆန်းစစ်မှုများ၊ စစ်တမ်းများကို အခြေခံကာ ရင်းနှီးမြှုပ်နှံမှုများ၊ သဘာဝသယံဇာတများ ပြည်ပတင်ပို့မှုနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဆက်လက်တိုးတက်နေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
ထို့ပြင် မြန်မာနိုင်ငံ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ ပိုမိုပါဝင်နိုင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဈေးကွက်များနှင့် ချိတ်ဆက်ဝင်ရောက်နိုင်ရန်၊ ဧရာဝတီကဲ့သို့သော သဘာဝအရင်းအမြစ်များကို ဘက်စုံစီမံခန့်ခွဲမှု လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က အကြံပြုထားသည်။
Credit - Eleven Media Group
No comments:
Post a Comment