Tuesday, December 16, 2014

ဧရာဝတီတိုင်း တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာသော သူရဦးရွှေမန်းအား မြေသိမ်းခံလယ်သမားများက လယ်ယာမြေပြန်လည်ရရှိရေး တရားမျှတစွာ ဖြေရှင်းပေးရန် တိုင်ကြား

Written by: မင်းသူဝင်းထွဋ်
ပုသိမ်မြို့၌ ပြုလုပ်သော တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲ၌ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း မိန့်ခွန်းပြောကြားစဉ် 
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဒီဇင်ဘာ ၁၅ ရက်က ကန်သာယာ ဗိုလ်ချုပ်ကြေးရုပ်ကွင်းတွင် ပြုလုပ်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ၏ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဠ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း တက်ရောက်ခဲ့ရာတွင် ဧရာဝတီတိုင်းအတွင်း ဧရာရွှေဝါကုမ္ပဏီမှ သိမ်းဆည်းခဲ့သော လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် မြေသိမ်းခံလယ်သမားများက သူရဦးရွှေမန်းထံ ကိုယ်တိုင်ဝင်ရောက်တွေ့ဆုံခဲ့ပြီး တိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ယခင်ဧရာဝတီတိုင်း တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာတွင် ဧရာရွှေဝါကုမ္ပဏီက သိမ်းဆည်းခဲ့သော လယ်ယာမြေများကို ပြန်လည်ရရှိလိုကြောင်း၊ ယင်း လယ်ယာမြေများကို တရားမျှတစွာ ဖြေရှင်းပေးရေးအတွက် သူရဦးရွှေမန်း ပုသိမ်မြို့သို့ ရောက်ရှိစဉ် တိုင်ကြားစာများကို ဝင်ရောက်ပေးအပ်ရခြင်းဖြစ်ကြောင်း မြေသိမ်းခံတောင်သူများက ပြောကြားသည်။

“မြေသိမ်းပြီးချိန်တုန်းက ပထမ အဖအမည် ဦးရွှေမန်းလို့ နာမည်ပေါက်တယ်။ အခုကျတော့ ဦးသိန်းဆိုပြီးတော့ နာမည်ပြောင်းပြန်တယ်။ မြေတွေပြန်မပေးဘူး။ ဒါ့ကြောင့် သူရဦးရွှေမန်းရောက်ချိန်မှာ ကိုယ်တိုင်ဝင်ရောက်ပြီးတော့ တိုင်ကြားကန့်ကွက်စာကို ပေးရတာပါ။
တရားမျှတစွာ ဖြေရှင်းပေးမယ်လို့ ယုံကြည်ပါတယ်”ဟု သူရဦးရွှေမန်းထံ တိုင်ကြားစာ ဝင်ရောက်ပေးခဲ့သူ ကိုမြင့်နိုင်က ပြောကြားသည်။

ယင်းသို့ တိုင်ကြားစာ ဝင်ရောက်ပေးအပ်ခဲ့မှုကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲတွင် လက်ခံရရှိကြောင်း တရားဝင်ထုတ်ဖော်ပြောကြားသည်။

“အခုပဲ ဦးအေးမြင့်ဆိုသူတစ်ဦးက ကျွန်တော့်လိပ်စာတပ်ပြီး တင်ပြထားတာ တစ်ခုရှိပါတယ်။ ယုံကြည်လို့ တင်ပြတဲ့အတွက် ဒီယုံကြည်မှုအတိုင်းပဲ ပွင့်ပွင့်လင်းလင်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ဒီဇင်ဘာ ၁၅ ရက်က ပုသိမ်မြို့၌ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲတွင် သူရဦးရွှေမန်း အမှာစကားပြောကြားနေစဉ်

ဆက်လက်၍ သူရဦးရွှေမန်းက လယ်ယာမြေပြဿနာများကို ဥပဒေအတိုင်း လျင်မြန်စွာ ဖြေရှင်းပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာမြေပြဿနာအချို့တွင် မရိုးမသားဆောင်ရွက်ချက်များလည်းရှိကြောင်း ဆက်လက်ပြောကြားသည်။

“ဧရာဝတီတိုင်းဒေသကြီးမှာ ထူးခြားစွာဖြစ်ပေါ်ခဲ့တာက ရှားခဲအင်းကိစ္စ၊ မလက်တိုဒေသ မအူပင်ခရိုင်မှာဖြစ်ခဲ့တဲ့ကိစ္စ အင်မတန်မှ ရုပ်ဆိုးအကျည်းတန်ပါတယ်။ တရားဥပဒေစိုးမိုးမှု မရှိဘူး။ ပြီးတဲ့အခါမှာ ကျွန်တော်တို့ ဧရာဝတီတိုင်းသားတွေမှာ တရားဥပဒေကို နားမလည်ဘူး။ စည်းကမ်းလိုက်နာမှု လျော့နည်းလွန်းတယ်။ တချို့ဆို ဥပဒေကို နားမလည်လို့ သူများဘေးကသွေးထိုးတိုင်း ဆောင်ရွက်ခဲ့တဲ့အတွက် အဲဒီလယ်သမားတွေရော အဲဒီပုဂ္ဂိုလ်တွေပါ တရားဥပဒေအတိုင်း တည်ဆဲဥပဒေတွေအရ အရေးယူခံရတာ စိတ်မကောင်းစွာမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုး ကျွန်တော်တို့ ဧရာဝတီတိုင်းမှာ မဖြစ်စေချင်ပါဘူး။ ထိုနည်းတူစွာ တစ်နိုင်ငံလုံးမှာလည်း မဖြစ်စေချင်ပါဘူး”ဟု သူရဦးရွှေမန်းက ပြောကြားသည်။

“မြေလွတ်၊ မြေရိုင်းနဲ့ ရေအောက်မှာရှိတဲ့ မြေတွေကို စိုက်ပျိုးထုတ်လုပ်နိုင်တဲ့သူတွေကို စိုက်ပျိုးထုတ်လုပ်နိုင်စေဖို့ ဥပဒေနဲ့အညီ မြေယာများကို ဆောင်ရွက်ပေးရမှာ ဖြစ်တယ်။ သို့သော် ဥပဒေနဲ့အညီ ဆောင်ရွက်ပေးတဲ့အခါမှာ လူပုဂ္ဂိုလ်တချို့ အဖွဲ့အစည်းတချို့ရဲ့ မရိုးမသားဆောင်ရွက်မှုများ ရှိကောင်းရှိနိုင်မှာ ဖြစ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် အစိုးရအနေနဲ့ ဥပဒေနဲ့အညီ မျှမျှတတ စီမံဆောင်ရွက်ခိုင်းပြီး ဆောင်ရွက်ခဲ့တာဖြစ်တယ်” ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေစုံစမ်းရေးကော်မရှင် ပေါ်ပေါက်လာပြီးနောက် တစ်နိုင်ငံလုံးတွင် လယ်ယာမြေကိစ္စနှင့် ပတ်သက်၍ တရားစွဲခံရမှုပေါင်း ၇ဝဝ ကျော်ရှိခဲ့ပြီး တရားစွဲခြင်းဖြင့် ထောင်ဒဏ်ကျခံရသည့် တောင်သူပေါင်း ၃ဝဝခန့်အထိ ရှိနေဟု ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်၏ စုံစမ်းရေးအဖွဲ့ခွဲ (၁၁) နေပြည်တော်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်ကို ၂ဝ၁၂ ခုနှစ် ဩဂုတ် ၈ ရက်တွင် ဖွဲ့စည်းခဲ့ပြီးနောက် ကော်မရှင်သို့ ပြည်သူများထံမှ တိုင်ကြားစာပေါင်း ၃ဝဝဝဝ ဝန်း ကျင်အထိ ရောက်ရှိနေသော်လည်း အစိုးရအနေဖြင့် ဖြေရှင်းပေးမှုမှာ အားနည်းနေသဖြင့် အထူးပြေလည်မှုမရရှိသေးကြောင်း ဦးမင်းသူက ဆိုသည်။

Credit - Eleven Media Group

No comments:

Post a Comment