- နှင်းကို ရေးသည်။
မကြာခင်ရက်ပိုင်းအတွင်း ၂ဝ၁၄ခုနှစ်၏ နေ့ရက်များ သည် ကုန်ဆုံးတော့မည်ဖြစ်သည်။ နှစ်တစ်နှစ် ကုန်ဆုံး တော့မည်ဖြစ်သလို လက်ရှိအစိုးရအဖွဲ့၏ အကြီးအကဲ သမ္မတဦးသိန်းစိန်၏ သမ္မတ သက်တမ်းသည်လည်း သုံးနှစ် နှင့် ရှစ်လပြည့်ကာနီး ဆိုပါစို့။
ထိုကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် ပြည်တွင်း ငြိမ်းချမ်းရေး အဆုံး နယ်ပယ်အလိုက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ကြီးကို သမ္မတဦးသိန်းစိန်က မောင်းနှင်ခဲ့သည်။
သူမောင်းနှင်လာခဲ့သည့် ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်ကြီးနှင့်အတူ လက်ရှိ ၂ဝ၁၄ခုနှစ်အတွင်း နိုင်ငံ ရေးအခင်းအကျင်း၊ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန်၊ ပြည် တွင်းငြိမ်းချမ်းရေးအလားအလာများကို မည်သို့မြင်တွေ့ခဲ့ ရပါသနည်း။
လာမည့်၂ဝ၁၅ခုနှစ်တွင်ရော မြန်မာ့နိုင်ငံ ရေး၊ မြန်မာ့စီးပွားရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအခြေ အနေသည် မည်ကဲ့သို့ ဆက်ဖြစ်လာဖွယ် ရှိပါသနည်း။
ယင်း သို့သောမေးခွန်းများ၏ ခန့်မှန်းအဖြေများနှင့် သုံးသပ်ချက် များအတွက် မိမိတို့ရန်ကုန်တိုင်းမ်မှ သက်ဆိုင်ရာနယ်ပယ် အလိုက် ကျွမ်းကျင်သူများကို လိုက်လံမေးမြန်းဖြစ်ခဲ့ပါသည်။
သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်ကိုကြည့်ရင် သူ့အစိုးရအဖွဲ့ တက်ကာစအချိန် ၂ဝ၁၁၊ ၂ဝ၁၂၊ ၂ဝ၁၃ခုနှစ်များမှ ဒီမိုကရေစီရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးအရှိန်သည် လေ့လာသူများအတွက် မျှော်လင့် ချက်ကြီးများ ဖြစ်ပေါ်ခဲ့သည်အထိ အားရစရာကောင်းခဲ့ သည်။
သို့သော် ယခု၂ဝ၁၄ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခင်းအကျင်းနှင့် ငြိမ်းချမ်းရေးအခြေအနေများ ကတော့ အဆိုပါမျှော်လင့်ချက်များကို အသက်မဲ့သွားစေ ခဲ့သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများကဆိုပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုပါစို့။ ၂ဝ၁၂ ခုနှစ်ကစပြီး အရှိန်အဟုန်မြှင့်ကာ အင်တိုက်အားတိုက် ဆောင်ရွက်လာခဲ့သည့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ၂ဝ၁၄ခုနှစ်ထဲတွင် တိုက်ပွဲ
များ ပြန်ဖြစ်ခဲ့သည်။
ဒီကေဘီ အေနှင့်ဖြစ်လိုက်၊ တအာင်းနှင့်ဖြစ်လိုက်၊ ကချင်နှင့်ဖြစ်လိုက် တိုက်ပွဲတွေက တပ်မတော် နှင့် လက်နက်ကိုင်တိုင်းရင်းသားများအကြား ထင်ရှားလာ ခဲ့သည်ဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးကျော်လင်း ဦးက ထောက်ပြသည်။
''အဆိုးဆုံးကတော့ KIA သင် တန်းကျောင်းမှာ အမြောက်ကျတဲ့ကိစ္စပဲ။ သင်တန်းသား ၂ဝကျော်လောက် သေသွားတာ''။
အပစ်ရပ်ရေးဆွေးနွေး ညှိနှိုင်းနေရသည့် အချိန် အတွင်းမှာကို အခုလို တိုက်ပွဲများ ပြန်ဖြစ်နေ ရခြင်းသည် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ကတော့ ''မသေချာ၊ မရေရာတဲ့အနေအထားမှာပဲ ရှိနေတယ်''
ဟု ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်ကလည်း သုံးသပ်သည်။
သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းကတော့ ၂ဝ၁၅ခုနှစ်အတွင်းမှာ ပြည် တွင်းငြိမ်းချမ်းရေးရအောင်လုပ်မည်ဟု ကြွေးကြော်ထား ပါသည်။
၂ဝ၁၄ခုနှစ်အတွင်း အကောင်းမြင်စရာအကျိုးအမြတ် တစ်ခုတော့ ရှိပါသည်။ ၄င်းအကျိုးအမြတ်သည် ကြီးလေး ကြီးပါဝင်သော ၁၄ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုအပြီး ဟို တုန်းက ကွဲကွဲပြားပြားမမြင်ခဲ့ရသည့် နိုင်ငံရေး အင်အားစု အသီးသီး၏ သဘောထားများ မြင်တွေ့ခဲ့ရသည်ကတော့ အကျိုးအမြတ်တစ်ခုဖြစ်သည်ဟု ဦးကျော်လင်းဦးက ဆို ပါသည်။
ဥပမာ- လေးပွင့်ဆိုင်ကနေ ၁၄ပွင့်ဆိုင်၊ ပြီးတော့ ခြောက်ပွင့်ဆိုင်၊ နောက် ၁၂ပွင့်ဆိုင်၊ နောက် ၁၈ပွင့်ဆိုင် စသဖြင့် ကွဲပြားနေသည့် တွေ့ဆုံဆွေးနွေးရေး အမြင်များ ဖြစ်သည်။
ယင်းသို့သော တွေ့ဆုံဆွေးနွေးရေးအဆိုပြုချက်များ မှတစ်ဆင့် ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေးမှာပဲဖြစ်ဖြစ်၊ ပြည်တွင်းငြိမ်းချမ်းရေးမှာပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာပဲဖြစ်ဖြစ် အလားအလာကောင်းများဖြစ် လာနိုင်သည်ဟု ဦးကျော်လင်းဦးကယူဆသည်။
သို့သော် လည်း ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား မပြင်ဆင် နိုင်ခဲ့သည်ကတော့ လာမည့် ၂ဝ၁၅ခုနှစ်အတွက် တော် တော် သက်ရောက်မှုကြီးသည်ဟု လေ့လာသုံးသပ်သူများ က ယူဆသည်။
ဒီနှစ်ထဲမှာတင် ၈၈မျိုးဆက်ကျောင်းသားများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဟောပြောပွဲများကို အားတက်သရော လှုပ်ရှားခဲ့သည်။ လွှတ်တော်အတွင်း ပြင်ဆင်ရေးကော်မတီ များဖွဲ့ပြီး လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့သည်။ ပြင်ဆင်ရေး ဆိုင်ရာ ပုဒ်မများကို ဆွေးနွေးခဲ့သည်။ တစ်ချိန်တည်းတွင် ဖွဲ့စည်းပုံ၏ အရေးအကြီးဆုံးပုဒ်မ တစ်ခုဖြစ်သည့် ပုဒ်မ ၄၃၆ နှင့် ၅၉(စ)တို့ကို လုံးဝမပြင်နိုင်ဘူးဆိုသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဘက်မှ တုံ့ပြန်မှုများ ရှိလာသည်။
ဆိုတော့ ခြုံပြောရလျှင် ၂ဝ၁၃မှာရှိခဲ့သည့် ငြိမ်းချမ်းရေး၊ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီတည်ဆောက်ရေး စသည့် မျှော်လင့်ချက် တော်တော်များများ ရှိနေရာကနေ ၂ဝ၁၄ လည်းရောက်ရော မျှော်လင့်ချက်တွေက မှေးမှိန်သွားခဲ့သည် ဟု ဦးကျော်လင်းဦးက သုံးသပ်သည်။
''အကုန်လုံးမဟုတ်ရင်တောင် အရေးကြီးပုဒ်မတွေ တော့ ပြင်လိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ မပြင်ဘဲ ဒီ အတိုင်း ဆက်သွားမယ်ဆိုတော့ ၂ဝ၁၅ပြီးရင်တောင် ပြင် နိုင်မယ့်အလားအလာမရှိဘူးလို့ အယုံအကြည်မဲ့လာကြ တယ်''ဟု ဦးအေးသာအောင်ကလည်း ပြောပါသည်။ ဒီ အတိုင်းဆိုလျှင် အနာဂတ်ဒီမိုကရေစီတည်ဆောက်ရေးရော၊ လက်နက်ကိုင်များအကြား အပစ်ရပ်ရေးရော၊ တိုင်းပြည် စီးပွားဖွံ့ဖြိုးရေးအတွက်ပါ အကျပ်ရိုက်ပါလိမ့်မည်ဟု ၄င်း က တွက်ဆသည်။
သို့ဆိုလျှင် ယခုနှစ်အတွင်း စီးပွားရေးပြုပြင်ပြောင်း လဲမှုကရော မည်မျှခရီးပေါက်ခဲ့ပါသနည်း။ သမ္မတဦးသိန်း စိန်အစိုးရ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများသည် အခြေခံ လိုအပ်ချက်တွေကိုတော့ တစ်ခုပြီးတစ်ခုလုပ်ခဲ့သည် မှန် သော်လည်း အပြောင်းအလဲကတော့ နှေးကွေးသည့်အနေ အထားတွင်သာ ရှိနေသေးသည်ဟု မြန်မာနိုင်ငံစီးပွားရေး တက္ကသိုလ်ဘွဲ့ရများအသင်းဥက္ကဋ္ဌ ဦးတင်ဝင်းအောင်က ဆိုပါသည်။ ယင်းသို့ အရွေ့နှေးနေရသည့် အကြောင်းအရင်း များကတော့ အစိုးရအဖွဲ့တွင်ရော ပြည်တွင်းလုပ်ငန်းရှင် များတွင်ပါ လိုအပ်ချက်များစွာ ရှိနေခြင်းကြောင့် ¤င်းက သုံးသပ်သည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းအောင်ကလည်း စီးပွားရေးပြုပြင်ပြောင်း လဲမှု အရှိန်မြှင့်ဖို့အတွက် ဘက်တစ်ဖက်တည်းက လုပ်လို့ မရနိုင်ဘဲ အဘက်ဘက်က ဝိုင်းဝန်းတွန်းမှသာ အရွေ့မြန် မည်ဟု ဆိုပါသည်။
သို့သော် ပြုပြင်ပြောင်းလဲခြင်းဆိုင်ရာ စီမံခန့်ခွဲမှုသီအိုရီအရကြည့်လျှင် အပြောင်းအလဲနောက်ကို မလိုက်ပါဘဲ တင်းခံထားသည့် အချို့သူများလည်း ရှိနေ တတ်သည်ဟု ဒေါက်တာထွန်းအောင်က ထောက်ပြသည်။
''သူ့ရဲ့အကျိုးစီးပွားကို ထိခိုက်မှာစိုးတာတို့၊ အပြောင်းအလဲကို နားမလည်တာတို့၊ ကိုယ်ကျိုးစီးပွားတွေ အပေါ်မှာ အခြေခံပြီး ပြောင်းရမှာကြောက်တဲ့သူတွေ ရှိ တတ်တယ်။ ပြောင်းလိုက်ရင် ဘာဖြစ်မလဲဆိုတာကိုမသိလို့ ကြောက်တာ။ ဒါတွေဟာ ပြုပြင်ပြောင်းလဲမှုကို အတားအဆီး တွေဖြစ်စေတာပဲ''ဟု ၄င်းကဆက်ပြောသည်။
မြန်မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ(၁)ဖြစ်သူ ဒေါက်တာသက်သက်ခိုင်ကလည်း ၂ဝ၁၄ခုနှစ်အတွင်း အစိုးရ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု များတွင် တော်တော်များများလုပ်ပြခဲ့တာတွေရှိသလို လုပ် ရန်ကျန်ရှိသည့်အပိုင်းများလည်း များစွာရှိနေသေးသည် ဟုဆိုပါသည်။
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၏ တွဲဖက်အတွင်းရေးမှူးတစ်ဦး လည်းဖြစ်သူ ဒေါက်တာသက်သက်ခိုင်က မြန်မာပြည်သူ အများစု၏ အခြေခံစိုက်ပျိုးရေးထုတ်ကုန်များအား တန်ဖိုးမြှင့် ထုတ်ကုန်သို့ ပြောင်းလဲနိုင်ရေးအတွက် အထောက်အကူ ပြုမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သင့်ကြောင်း အကြံပြုသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုကြည့်လျှင်လည်း ရေနံနှင့် သဘာဓာတ်ငွေ့လို အကျိုးအမြတ်မြန်မြန်ရလွယ်မည့် ကဏ္ဍ တွေမှာသာ အများဆုံး ဖြစ်နေသည့်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအခြေအနေသည် ''မိဘပေးတဲ့အမွေကို ဒီအတိုင်း အထုပ်ဖြေစားနေရတဲ့သဘောပဲ''ဟု ဒေါက်တာ သက်သက်ခိုင်က ဥပမာပေးသည်။ တိုင်းပြည်၏ GDP သည် သဘာဝသယံဇာတတွင်သာ မှီခိုလွန်းနေသည်ဟုဆိုသည်။
တိုင်းပြည်တစ်ပြည်၏ ဖွံ့ဖြိုးမှုကိုတိုင်းလိုလျှင်''တန် ဖိုးမြင့်ထုတ်ကုန် မည်မျှရှိသလဲ၊ သယံဇာတကို မည်မျှမှီခို နေရသလဲ၊ လူသားအရင်းအနှီး မည်မျှရှိသလဲ''ဆိုသည့် အချက်သုံးချက်ဖြင့်သာ တိုင်းရမည်ဖြစ်သည်ဟု စီးပွားရေး စီမံခန့်ခွဲမှုပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် က ပြောသည်။ နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး လည်းဖြစ်သည့် သူက မျှော်မှန်းထားသည်ထက် ပိုမိုများပြား စွာ ဝင်ရောက်လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုအားရ သော်လည်း စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူ ရှားပါးမှု နှင့် လက်ခစားသာရသော CMP အထည်ချုပ်လုပ်ငန်းများ တော်တော်များများ ဝင်ရောက်လာမှုကိုတော့ သိပ်မကြိုက် ဟု ဆိုပါသည်။
လက်ရှိမြန်မာနိုင်ငံအတွင်းဝင်ရောက်လာသည့် ကဏ္ဍ အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကိုကြည့်လျှင် ရာ ခိုင်နှုန်း ၇ဝလောက်နီးပါး(ကန်ဒေါ်လာသန်းပေါင်း ၂၇၇၂၉ ဒသမ၆၉ဝ)သည် စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ် ယူရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသည်ကို တွေ့ရသည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကတော့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးတစ်ခုလုံး (ကန်ဒေါ် လာသန်း ၄ဝ၁၅၆ဒသမ ၉၈၂)၏ သုညဒသမ၅ရာခိုင်နှုန်း ကျော်(ကန်ဒေါ်လာ သန်း၂၁၁ဒသမ၉၆၄)သာ ရှိကြောင်း သိရသည်။
မည်သို့ဆိုစေ စီးပွားရေးပြုပြင်ပြောင်းလဲမှု အပိုင်းတွင် တော့ ယခု၂ဝ၁၄ခုနှစ်အပါအဝင် ၂ဝ၁၂၊ ၂ဝ၁၃ခုနှစ်တို့ တုန်းက အခြေအနေများသည် ၂ဝ၁၅ခုနှစ်တွင်တော့ အသုံး တည့်လာနိုင်မည်ဟု ဒေါက်တာအောင်ထွန်းသက်က ယုံ ကြည်နေသည်။ ကျောက်ဖြူ၊ သီလဝါနှင့် ထားဝယ်လိုမျိုး အထူးစီးပွားရေးဇုန်ကြီးများမှ အကျိုးဆက်သည် ၂ဝ၁၄ ခုနှစ်တွင်တော့ အားရချင်မှ အားရနိုင်လိမ့်မည်။ သို့သော် အနာဂတ်တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်တော့ တော်တော် အလားအလာကောင်းသည်ဟု ၄င်းကပြောသည်။
လာမည့် ၂ဝ၁၅ခုနှစ်တွင် အထူးမေ့မထားသင့်သည် ကတော့ အာဆီယံစီးပွားရေးအသိုက်အဝန်းပင် ဖြစ်သည်။
ကိုယ့်တိုင်းပြည်တစ်ခုတည်းအနေဖြင့် သန်း ၅ဝကျော်သာ ရှိသော ဈေးကွက်သည် အာဆီယံ၁ဝနိုင်ငံဖြစ်သွားသည့် အတွက် သန်း ၆ဝဝသော ဈေးကွက်အခြေအနေသို့ ၁ဝဆ ကျော် ပိုမိုကျယ်ပြန့်လာမည်ကိုလည်း သတိပြုသင့်သည် ဟု ဒေါက်တာအောင်ထွန်းသက်က ဆိုပါသည်။ ၂ဝ၁၅ ခုနှစ်အတွင်း နိုင်ငံရေးအခင်းအကျင်းသည် မည်သို့ပင် ဖြစ်နေပါစေ စီးပွားရေးကတော့ အလားအလာကောင်း များရှိနေသည်ဟု ၄င်းက ယုံကြည်နေပါသည်။
''စီးပွားရေးသမားကတော့ နိုင်ငံရေးအခြေအနေ ဘယ်လိုပဲရှိနေနေ စီးပွားရေးလုပ်နေမှာပဲ''။
ရခိုင်တိုင်းရင်းသားခေါင်ဆောင် ဦးအေးသာအောင် ၏အမြင်ကတော့ ထိုသို့မဟုတ်။ လက်ရှိ ၂ဝဝ၈ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို မပြင်နိုင်လျှင် ၂ဝ၁၅ခုနှစ်အခင်း အကျင်းတွင် ပြည်သူမျှော်လင့်သောအပြောင်းအလဲ၊ ပြည် သူမျှော်လင့်သော ငြိမ်းချမ်းရေး၊ ပြည်သူမျှော်လင့်သော ဖွံ့ ဖြိုးမှုကို မြင်နိုင်မည် မဟုတ်ဟုဆိုသည်။ ဖွဲ့စည်းပုံမပြင်ရင် ဘာဆက်လုပ်မည်ဆိုသည့် ပြည်တွင်းပြည်ပ နိုင်ငံရေးအင် အားစုများ၏ လုပ်ဆောင်ချက်နှင့် ရည်မှန်းချက်များပေါ် တွင်သာ ၂ဝ၁၅ အတွက် ကောက်ချက်ချနိုင်ပါလိမ့်မည် ဟုဆိုပါသည်။
အမှန်ဆိုရလျှင် ၂ဝ၁၄ခုနှစ်အတွင်း တပ်မတော်နှင့် လက်နက်ကိုင် တိုင်းရင်းသားများအကြား တိုက်ပွဲများသည် အကင်းမသေပါ။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အစ ကျောင်းသားထုသပိတ်ပွဲအဆုံး ဟိုနားတစ်စ၊ ဒီနား တစ်စ ဆန္ဒပြပွဲများသည်လည်း အတောမသတ်နိုင်သေး သည့်အခြေအနေဖြစ်သည်။ ကိုယ့်အမြင်၊ ကိုယ့်သဘော ထား၊ ကိုယ့်ရပ်တည်ချက်ဖြင့် လမ်းပေါ်ထွက်ကာ လူထု တိုက်ပွဲသဏ္ဌာန် ဖြစ်လာမှာကိုတော့ စိုးရိမ်ရသည်။
သို့သော် ထိုသို့ဖြစ်လာလိမ့်မည်ဟုတော့ မထင်မြင်ကြောင်း မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက ဆိုပါသည်။
ယခု ဒီဇင်ဘာလဆန်းပိုင်းက ပြောဆိုသော သူ၏ ရေဒီယိုမိန့်ခွန်းတွင်တော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ယခုလို ပြောဆိုခဲ့ပါသည်။
''စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆက် လက်ရှင်သန်ရေးနဲ့ အောင်မြင်မှုရရှိရေး အတွက် စိန်ခေါ်မှု များစွာကျန်ရှိနေသေးတာကိုလဲ အရှိတရားအဖြစ် လက်ခံ ထားပါတယ်''ဟူ၏။
|───────────Yangon Media Group ──────────|
www.facebook.com/
www.yangonmedia.com

No comments:
Post a Comment