များစွာသော လူတို့သည် ကြုံရာကျပန်း နည်းလမ်းများဖြင့်သာ ဖြေရှင်းကာ စိတ်ခံစားချက် ရှိသည့်အတိုင်း တုံ့ပြန်တတ်ကြသည်။ အနည်းငယ်သော လူတို့ကသာလျှင် အခြေအနေနှင့် အချိန်အခါကိုလိုက်၍ သင့်တော်အပ်စပ်မည့် နည်းလမ်းများ ရှာဖွေဖော်ထုတ် ဖြေရှင်းကာ စဉ်းစားဆင်ခြင် ချင့်ချိန်မှုဖြင့် တုံ့ပြန်တတ်ကြသည်။
လူတစ်ဦးချင်းစီ အနေနှင့် ပြောရလျှင် ကျွန်ုပ်တို့၏ ဖြေရှင်းနည်းများအပေါ် မူတည်ကာ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝများ အောင်မြင်မှု၊ ဆုံးရှုံးမှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတို့ ပြန်ရတတ်သည်။ စီးပွားရေးလုပ်ငန်း၊ လူမှုရေးအဖွဲ့အစည်း၊ စည်ပင်သာယာရေးကော်မတီ၊ နိုင်ငံရေးပါတီ၊ အစိုးရကဲ့သို့ လူအများနှင့် ဆိုင်သော အင်စတီကျူးရှင်းများ ဖြစ်လျှင်မူ ထိုအင်စတီကျူးရှင်းများကို ဦးဆောင်စီမံခန့်ခွဲသူများနှင့် အရည်အချင်းနှင့် စွမ်းဆောင်ရည်အပေါ် မူတည်ကာ တုံ့ပြန်၊ ဖြေရှင်းမှုတို့၏ ရလဒ်အတိုင်းအတာ ကြီးမားလေ့ရှိသည်။
ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်ကို ကြည့်လျှင် ပြဿနာ၊ အခက်အခဲများကို ရင်ဆိုင်၊ ဖြေရှင်း၊ တုံ့ပြန်သူများ၏ အရည်အချင်းကို ထင်းလင်းစွာ မြင်နိုင်သည်။ အနိမ့်ဆုံးအဆင့် ယာဉ်ကြောပိတ်ဆို့မှုကဲ့သို့ ပြဿနာမျိုးကိုပင် လူသွားပလက်ဖောင်း မချန်ပဲ လမ်းချဲ့ခြင်း၊ ကွန်ကရစ်တုံး ပိတ်ချခြင်းကဲ့သို့ ဆန်စဉ်ရာ ကျည်ပွေ့လိုက်သကဲ့သို့ ဖြေရှင်းနေခြင်းမှာ များစွာ အရုပ်ဆိုးလှသည်။
ယနေ့ ဖြစ်ပေါ်နေသော ပြဿနာ၊ အခက်အခဲများသည် မမျှတသည့် ဥပဒေများဖြင့် တမင်ဖိနှိပ်သကဲ့သို့ ဖြစ်နေခြင်း၊ ဥပဒေအထက်တွင် တစ်စုံတစ်ယောက်၊ တစ်ဖွဲ့ရှိနေခြင်း တစ်နည်းအားဖြင့် ဥပဒေမစိုးမိုးခြင်း၊ တရားရုံးများအပေါ် လူထုတစ်ရပ်လုံးက ယုံကြည်မှု မရှိခြင်းတို့ကြောင့် ပေါ်ပေါက်လာသော ပြဿနာအများစု ဖြစ်နေရာ အစိုးရ အပါအဝင် လုပ်ပိုင်ခွင့်ရှိသော အဖွဲ့အစည်း အသီးသီး၏ တုံ့ပြန်ဖြေရှင်းနည်းများဖြင့် မည်သို့မျှ အံဝင်မှုမရှိ ဖြစ်နေပေသည်။
ဥပဒေဖြင့် ထိန်းကျောင်းခြင်း မဟုတ်သည့် ကွက်ကျားမိုးကဲ့သို့ အရေးယူ အပြစ်ပေးမှုများသည် ဖိနပ်နှင့် မတော်သော ဖနောင့်များကို လှီးဖြတ်နေသကဲ့သို့ ဖြစ်နေသည့်အပြင် အခွင့်ထူးခံများ ရှိနေခြင်းကြောင့် ပြဿနာ ပိုကြီးထွားခြင်းသာ အဖတ်တင်မည် ဖြစ်ကြောင်း သိစေလိုရင်းဖြစ်သည်။
အယ်ဒီတာ (၁၅-၁၂-၂၀၁၄)
--------------------------
Editorial, The Voice Daily Vol-2/No-211 (#voiceeditorial)
Credit - The Voice Weekly

No comments:
Post a Comment