Monday, December 15, 2014

ဘောလုံးနှင့် နိုင်ငံရေး (ဆောင်းပါး)

Written by: ချစ်ဝင်းမောင်
2014 AFF Suzuki Cup ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းကို အားပေးနေသည့် မြန်မာပရိသတ်များ
  (၁)
ဘောလုံးက အားကစားနည်းတစ်ခု ဖြစ်သော်လည်း တစ်ဦးကောင်း တစ်ယောက်ကောင်း ကစားရသည့်  (Individual game) ကစားနည်း မဟုတ်။ အစုအဖွဲ့လိုက် (Team Work) ကစားရသည့် အားကစားနည်းတစ်ခု ဖြစ်သည်။ လူတစ်ဦးချင်း၊ တစ်ယောက်ချင်း၏ စွမ်းရည်ဖြင့် ကစားရသော တင်းနစ်၊ ဂေါက်၊ လက်ဝှေ့၊ ရေကူး၊ ပြေးခုန်ပစ်တို့မှာ တစ်ဦးချင်းစွမ်းရည် သာလွန်လျှင် သာလွန်သည့်အလျောက် ရလဒ်ကောင်းတွေ ရတတ်ကြသည်။ ဘောလုံးအားကစားကျတော့ ထိုသို့မဟုတ်။ ဂိုးသမားအပါအဝင် ကစားသမား ၁၁ ဦးစလုံးက သူ့နေရာနှင့်သူ အံဝင်ခွင်ကျ အကောင်းဆုံး ကစားနိုင်မှသာ ရလဒ်ကောင်းတတ်သည်။ ဘောလုံးသည် Individual game မဟုတ်။ Collective game ဖြစ်သည်။ စုပေါင်းအားဖြင့် ကစားရသော ကစားနည်းတစ်မျိုး ဖြစ်သည်။

ထို့ကြောင့် ဘောလုံးပွဲများကို အားပေးကြည့်ရှုသည့် ပရိသတ်သည် သိန်းသန်းချီရှိသည်။ အင်္ဂလိပ် ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲ၏ ကွင်းတွင်းပရိသတ် ကြည့်ရှုနှုန်းမှာ တစ်ခါတစ်ရံ ၆ဝဝဝဝ ကျော် ၇ဝဝဝဝ နီးပါး ရှိတတ်သည်။ ရုပ်သံမှ အားပေးကြည့်ရှုသည့် ပရိသတ်ပေါင်းလိုက်လျှင် သန်းချီရှိသည်။ ဘာ့ကြောင့် ဤအားကစားနည်းကို လူအများ ထုနှင့်ထည်နှင့် စုဝေးအားပေး ကြပါသနည်း။ နှစ်ယောက်ချင်း ယှဉ်ပြိုင်ကစားရသော ဝင်ဘယ်လ်ဒန်လို တင်းနစ်ပြိုင်ပွဲတွေမှာ ပရိသတ်အများအပြား အားပေးကြည့်ရှုသည်ကို တွေ့မြင်ဖူးပါသည်။ သို့သော် ထိုပရိသတ်သည် ဘောလုံးပြိုင်ပွဲတစ်ခု၏ အားပေးသည့် ပရိသတ်စံချိန်ကို မမီ။

မြက်ခင်းပေါ်တွင် ကစားသမား ၁၁ ဦး၊ ဟိုဘက်ဒီဘက် စုစုပေါင်း ၂၂ ဦး မိနစ် ၉ဝ သတ်မှတ်ချိန်အတွင်း မရပ်မနား ပြေးလွှားကစားပြီး အနိုင်ယူဂိုးသွင်းသည့် ဘောလုံးအားကစားနည်းမှာ လူအများကို ဆွဲဆောင်နိုင်သော ဝိညာဉ်ရှိနေသည်။ Team Spirit။ လူသည် အစုအဝေးဖြင့် ဖွဲ့စည်းနေထိုင်သော သတ္တဝါဖြစ်သည်။ အစုအဝေးနှစ်ခု ယှဉ်ပြိုင်ကြသောအခါ မိမိတို့၏ အစုအဝေးကို အနိုင်ရစေလိုသော စိတ်ဆန္ဒတွေ ကိုယ်စီရှိကြသည်။ ထို့ကြောင့် ဘောလုံးအားကစားသည် ယနေ့ခေတ်အထိ Popular games တစ်ခုအဖြစ် လူကြိုက်များနေဆဲဖြစ်သည်။

၂ဝ၁၄၊ ဘရာဇီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဂျာမနီအသင်း ဗိုလ်စွဲသွားခဲ့သည်။ ဂျာမနီအသင်းကို လာရောက်အားပေးသူများထဲတွင် ဂျာမနီအကြီးအကဲ မာကယ်လည်း ပါဝင်သည်။ အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း ဂျာမနီက အနိုင်ဂိုး သွင်းသွားချိန်တွင် အလွန်ပျော်ရွှင်နေသော မာကယ်ကို တွေ့မြင်ခဲ့ရသည်။ ခေတ်သစ်ဘောလုံးပြိုင်ပွဲများသည် အားကစားနည်းသက်သက်သာ မဟုတ်တော့။ နိုင်ငံရေးလည်း ပါဝင်လာသည်။ နိုင်ငံသားတို့၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် တွန်းအားကို ‘ဘောလုံး’ တွင် သွတ်သွင်းရယူလာကြသည်။

    ဘောလုံးအားကစားသည် ညီညွတ်ရေး၊ ချစ်ကြည်ရေးကို အားပေးသော အားကစားဖြစ်သည်။ အချင်းချင်းညီညွှတ်မှု၊ စုစည်းမှုကောင်းစွာ မရှိလျှင် အောင်ပွဲမရနိုင်။ ဤညီညွတ်မှု ဥပမာသည် ‘ဘောလုံး’ တစ်ခုတည်းအတွက်သာ မဟုတ်။ နယ်ပယ်အတော်များများနှင့် သက်ဆိုင်သည်။ အထူးသဖြင့် ‘နိုင်ငံရေး’ . . . . .

၂ဝ၁၄၊ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ (အုပ်စုပွဲစဉ်) တွင် မြန်မာအသင်း တစ်ပွဲမျှမနိုင်ဘဲ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်သွားရသည်။ ဤ ဘောလုံးပြိုင်ပွဲကို မြန်မာပရိသတ်တွေ၊ ပြည်သူတွေ ဘယ်လောက်မျှော်လင့် အားပေးခဲ့ကြသလဲဆိုတာ အားလုံးအသိဖြစ်သည်။ စင်ကာပူနိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသား ပရိသတ်တို့သည် နိုင်ငံအလံကို ဖြန့်ကြက်ကိုင်ဆောင်ကာ တစ်ခဲနက် အားပေးခဲ့ကြသည်။ မြန်မာပရိသတ်တို့၏ မိမိနိုင်ငံ အသင်းအပေါ် အားပေးပုံမှာ စံချိန်တင်ခဲ့သည်။ ‘ကမ္ဘာမကြေ’ သီချင်းကို သံပြိုင်သီဆို ဟစ်ကြွေးခဲ့သော အသံသည် စင်ကာပူ အားကစားကွင်း တစ်ခုလုံးကို ဖုံးလွှမ်းခဲ့သည်။ သို့သော် မြန်မာအသင်းသည် အားပေးသော ပရိသတ်များနှင့် ပြည်သူတစ်ရပ်လုံးအပေါ် ထပ်တူကျသော တုံ့ပြန်မှုမျိုး လုပ်မပြနိုင်ခဲ့။ စင်ကာပူကို ရှုံးခဲ့သည်။ ထိုင်းကို ရှုံးခဲ့သည်။ သုံးပွဲကစားရာတွင် သရေတစ်ပွဲရလဒ်ဖြင့် အိမ်ပြန်လာခဲ့ရသည်။ စင်ကာပူအသင်းကိုရှုံးတော့ ပွဲကြည့်စင်ပေါ်မှာ လာရောက်အားပေးကြသည့် မြန်မာလူငယ် အမျိုးသမီးအချို့ မျက်ရည်ကျကြသည်။ ဟန်မဆောင်နိုင်ဘဲ ငိုကြွေးခဲ့ကြသည်။ အားကစားဆိုသည်မှာ အရှုံးအနိုင် ရှိသည်။ အောင်မြင်မှုအတွက် အောင်ပွဲခံပျော်ရွှင်မှုမျိုး ရှိနိုင်သလို ရှုံးနိမ့်သောအခါ (လူသားဆန်စွာ) ငိုကြွေးကြသည်။

မြန်မာပရိသတ်တွေသာ မဟုတ်ပါ။ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ဗီယက်နမ်မှာ မလေးရှားနှင့် ဗီယက်နမ်တို့ ယှဉ်ပြိုင်ကစားသော ပွဲမှာလည်း ကွင်းလုံးပြည့် အားပေးနေသော အနီရောင် ဗီယက်နမ် ပရိသတ်များရှေ့မှောက်မှာ အိမ်ရှင် ဗီယက်နမ်အသင်း (၄-၂) ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်သွားရသည်။ ပထမအကျော့ မလေးရှားတွင် ကစားစဉ် ဗီယက်နမ်က (၂-၁) ဖြင့် အနိုင်ရထားပြီးကာမှ အိမ်ကွင်းမှာ ရှုံးနိမ့်သွားသည်။ ဘောလုံးပြိုင်ပွဲများသည် မထင်မှတ်သော ရလဒ်များကို ဆောင်ကြဉ်းတတ်သည်။ နိုင်ပြီးမှ ရှုံးသွားတာ၊ ရှုံးပြီးမှ နိုင်သွားတာတွေ ဖြစ်တတ်သည်။ ဒါ့ကြောင့်လည်း ဘောလုံးပွဲ၏ရသကို လူတွေနှစ်ခြိုက်နေခြင်းဖြစ်သည်။ ဗီယက်နမ်ကွင်းမှာ အိမ်ရှင်ဗီယက်နမ်အသင်း ရှုံးသွားတော့ ပွဲကြည့်စင်ပေါ်က ဗီယက်နမ် အမျိုးသမီး ပရိသတ်အချို့လည်း မြန်မာပရိသတ်အချို့လို ဟန်မဆောင်နိုင်ဘဲ မျက်ရည်လည်ရွဲ ငိုကြွေးကြတာ တွေ့ရသည်။ ဘောလုံးပြိုင်ပွဲများသည် လူသားများ၏ တူညီသောသရုပ်ကို ဖော်ကျူးလျက်ရှိသည်။

ဗီယက်နမ်အသင်းက မိနစ် ၉ဝ လုံး အသင်းလိုက် စုစည်းညီညွတ်စွာ မလေးရှားဘက်သို့ ထိုးဖောက်တိုက်စစ် ဆင်ခဲ့ကြသော်လည်း လိုအပ်သော ချေပဂိုးများရအောင် မစွမ်းဆောင်နိုင်ခဲ့။ ရှုံးနိမ့်ခဲ့သော်လည်း သူတို့နှင့် တွဲဖက်ကစားသူများက သူတို့အတိုင်း လိုက်မလုပ်နိုင်။ နားလည်မှုတွေလွဲ၊ စုစည်းညီညွှတ်မှု မရှိသဖြင့် မြန်မာအသင်း ရှုံးခဲ့ရသည်။

ဘောလုံးပြိုင်ပွဲသည် တစ်ဦးကောင်း တစ်ယောက်ကောင်း ယှဉ်ပြိုင်ကစားရသော ကစားပွဲမဟုတ်။ ပါဝင်သူ ၁၁ ဦးလုံးက နားလည်မှု ရှိရှိ၊ ညီညီညွတ်ညွတ်ရှိမှ အောင်ပွဲရသော ကစားနည်းဖြစ်သည်။ ဘောလုံးအားကစားသည် ညီညွတ်ရေး၊ ချစ်ကြည်ရေးကို အားပေးသော အားကစားဖြစ်သည်။ အချင်းချင်းညီညွှတ်မှု၊ စုစည်းမှုကောင်းစွာ မရှိလျှင် အောင်ပွဲမရနိုင်။ ဤညီညွတ်မှု ဥပမာသည် ‘ဘောလုံး’ တစ်ခုတည်းအတွက်သာ မဟုတ်။ နယ်ပယ်အတော်များများနှင့် သက်ဆိုင်သည်။ အထူးသဖြင့် ‘နိုင်ငံရေး’။

နိုင်ငံရေးမှာလည်း တစ်ယောက်တစ်ပေါက် ဖြစ်နေကြလျှင် တော်တော်နှင့် ကစားကွက်တည်နိုင်မှာ မဟုတ်။ ကစားကွက် မတည်နိုင်လျှင် လိုချင်သောပန်းတိုင် ရောက်မည်မဟုတ်ပါ။

Credit -  Eleven Media Group


No comments:

Post a Comment