ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ကိစ္စကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီရဲ့ မူဝါဒအဖြစ် သတ်မှတ် ထုတ်ပြန်လိုက်တယ်လို့ အဲဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောပါတယ်။
ကြံခိုင်ရေးပါတီဝင်တွေ အနေနဲ့ အဲဒီမူဝါဒကို ဆက်လက် ဆွဲကိုင်ထားဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ ရုံးခွဲတွေ ဆီကိုလည်း စာပေးပို့ထားတယ်လို့ သူက ဆိုပါတယ်။
အဲဒီထုတ်ပြန်ချက်ကို ကြံခိုင်ရေးပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီ အဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းက လက်မှတ်ရေးထိုးပြီးတော့ ထုတ်ပြန်လိုက်တာပါ။
"ဒါက ပါတီရဲ့မူဝါဒပဲ။ ပါတီဝင်တွေအားလုံး လိုက်နာဖို့ အတွက် ထုတ်ပြန်လိုက်တာပါ" လို့ ဦးအောင်သိန်းလင်းက ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာလ ၂၅ရက်နေ့မှာ အတည်ပြုခဲ့တဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် နိုင်ငံရေး ထိပ်ပိုင်းခေါင်းဆောင် ၆ ဦး တွေ့ဆုံရေးကို လွှတ်တော်သို့ မတင်ပြမီ ပါတီအတွင်း ညှိနှိုင်းဆုံး ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ၁၂ ဦးတွေ့ဆုံရေးကို အတည်ပြုခဲ့ တာကြောင့် အခုလို ထုတ်ပြန်ရတာလို့ သူက ဆိုပါတယ်။
နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပေမယ့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်က တင်သွင်းလာတဲ့ ၁၂ ပွင့်ဆိုင် တွေ့ဆုံရေးကို လက်ခံ စဉ်းစားမယ်လို့ ပြောဆိုထားပါတယ်။
အဲလို လုပ်တာဟာ ပြည်ထောင်စုလွှတ်တော်ကို ကျော်လွန် လုပ်ဆောင်တာ မဟုတ်ဘူး လို့လည်း သူက ပြောဆိုထားပါတယ်။
Credit - The Voice
![]() |
No comments:
Post a Comment